ယေရမိအနာဂတ္တိကျမ်း 42
42
လူအပေါင်းတို့ ယေရမိထံအကြံဉာဏ်တောင်းဆိုခြင်း
1ထို့နောက် ကာရာ၏သားယောဟနန်၊ ဟောရှာယ၏သားယေဇနိအပါအဝင် စစ်သည်အကြီးအကဲများနှင့် လူကြီးလူငယ်အပေါင်းတို့သည် 2ပရောဖက်ယေရမိထံသို့လာ၍ “အရှင့်ထံ အကျွန်ုပ်တို့ အသနားခံပါသည်။ အရှင်မြင်သည့်အတိုင်း လူအများသည် ယခုအနည်းငယ်သာကျန်ပါသည်။ အကျွန်ုပ်တို့နှင့် ဤကြွင်းကျန်သောလူအားလုံးတို့အဖို့ ထာဝရအရှင်ဘုရားသခင်ထံ ဆုတောင်းပေးပါလော့။ 3အကျွန်ုပ်တို့ လျှောက်ရမည့်လမ်း၊ ပြုရမည့်အမှုကို အရှင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပါစေ”ဟု ဆိုကြ၏။
4ပရောဖက်ယေရမိကလည်း “ငါကြားပြီ။ သင်တို့တောင်းဆိုသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ ငါဆုတောင်းပေးမည်။ ထာဝရဘုရားက သင်တို့အား မိန့်ဆိုသမျှတို့ကို တစ်ခုမကျန် သင်တို့အား ငါပြန်ဆင့်ဆိုမည်”ဟု ဆိုလေ၏။
5သူတို့ကလည်း ယေရမိအား “အရှင်မှတစ်ဆင့် အကျွန်ုပ်တို့အား အရှင်၏ဘုရားသခင်ထာဝရဘုရားမိန့်ဆိုသမျှကို အကျွန်ုပ်တို့မပြုလျှင် ထာဝရဘုရားသည် အကျွန်ုပ်တို့အတွက် မှန်ကန်သောသက်သေ၊ သစ္စာရှိသောသက်သေဖြစ်တော်မူပါစေ။ 6ထာဝရဘုရားထံ ဆုတောင်းပေးရန် အရှင့်ကိုအကျွန်ုပ်တို့တောင်းဆိုသည်ဖြစ်၍ မိန့်ဆိုတော်မူမည့်စကားသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အကျွန်ုပ်တို့ နားထောင်ပါမည်။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ခြင်းဖြင့် အကျွန်ုပ်တို့ ကောင်းစားပါလိမ့်မည်”ဟု ဆိုကြ၏။
ဤပြည်၌သာနေထိုင်ရန် ယေရမိအကြံပေးခြင်း
7ထို့နောက် ဆယ်ရက်လွန်သောအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၏။ 8ယေရမိသည် ကာရာ၏သားယောဟနန်မှစ၍ သူနှင့်အတူရှိသောစစ်သည်အကြီးအကဲများနှင့် လူကြီးလူငယ်အပေါင်းတို့ကိုခေါ်ပြီးလျှင် 9သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံရန် သင်တို့ ငါ့ကိုတောင်းဆိုစေသည့်အတိုင်း ကိုယ်တော်က 10‘ဤပြည်၌သာ သင်တို့နေထိုင်မည်ဆိုလျှင် သင်တို့ကို တည်ဆောက်မည်၊ ဖြိုဖျက်မည်မဟုတ်။ သင်တို့ကို စိုက်ပျိုးမည်၊ နုတ်ပစ်မည်မဟုတ်။ သင်တို့ကို ဘေးအန္တရာယ်နှင့် ကြုံစေခဲ့သောကြောင့် ငါဝမ်းနည်း၏’ဟု မိန့်တော်မူ၏။ 11ထာဝရဘုရားက ‘သင်တို့ကြောက်ရသော ဘေဘီလုံဘုရင်ကို သင်တို့မကြောက်ကြနှင့်။ သင်တို့နှင့်အတူ ငါရှိသည်ဖြစ်၍ ထိုဘုရင်လက်မှ သင်တို့ကို ငါရွေးနုတ်ကယ်တင်မည်။ သူ့ကို သင်တို့မကြောက်ကြနှင့်။ 12ငါသည် သင်တို့အား သနားစုံမက်မည်။ သို့ဖြစ်၍ ထိုဘုရင်သည် သင်တို့ကို သနားစုံမက်၍ သင်တို့နေရင်းပြည်သို့ သင်တို့ကို ပြန်လာစေမည်’ဟု မိန့်တော်မူပြီ။ 13သို့ရာတွင် သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားကို နားမထောင်ဘဲ ‘ဤပြည်တွင် အကျွန်ုပ်တို့မနေလို။ 14စစ်ပွဲမကြုံ၊ တံပိုးမှုတ်သံမကြား၊ အစာမွတ်သိပ်ခြင်းမရှိရာ အီဂျစ်ပြည်သို့သွား၍ ထိုအရပ်၌နေမည်’ဟု ဆိုလျှင် 15ကြွင်းကျန်သောယုဒအမျိုးတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် အီဂျစ်ပြည်သို့သွားရန် စိတ်အားပြင်းပြမည်ဆိုလျှင်၊ ထိုပြည်၌ပင် သွားရောက်နေထိုင်မည်ဆိုလျှင် 16ထိုအီဂျစ်ပြည်၌ပင် သင်တို့ကြောက်ရွံ့သောဓားဘေးသည် သင်တို့ကိုမီလိမ့်မည်။ သင်တို့ထိတ်လန့်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း အီဂျစ်ပြည်အထိပင် သင်တို့နောက်သို့ ကပ်လိုက်လာလိမ့်မည်။ ထိုအရပ်၌ပင် သင်တို့သေရလိမ့်မည်။ 17အီဂျစ်ပြည်သို့ သွားရောက်နေထိုင်ရန် စိတ်အားပြင်းပြနေသောသူအားလုံးတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရကြလိမ့်မည်။ သူတို့အပေါ် ငါကျရောက်စေသောဘေးအန္တရာယ်မှ လွတ်မြောက်သောသူ၊ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှရှိမည်မဟုတ်’ဟု မိန့်တော်မူပြီ။ 18အကယ်စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဂျေရုဆလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်ဒေါသကိုသွန်ချခဲ့သကဲ့သို့ အီဂျစ်ပြည်သို့ သင်တို့သွားသောအခါ သင်တို့အပေါ်သို့ ငါ့အမျက်ဒေါသကို သွန်ချမည်။ သင်တို့သည် ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာဖြစ်မည်။ ဤပြည်ကို သင်တို့ ပြန်မြင်ရတော့မည်မဟုတ်’ဟု မိန့်တော်မူပြီ။ 19အို ကြွင်းကျန်သောယုဒအမျိုးတို့၊ ထာဝရဘုရားက ‘အီဂျစ်ပြည်သို့ မသွားကြနှင့်’ဟု သင်တို့အား မိန့်တော်မူကြောင်းကို ယနေ့ သင်တို့အား ငါသတိပေး၏။ အသေအချာမှတ်ထားကြလော့။ 20သင်တို့က ‘အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကို ပြောပြပါလော့။ အကျွန်ုပ်တို့ လိုက်နာပါမည်’ဟု ငါ့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ တောင်းလျှောက်စေသည်မှာ လိမ်လည်ခြင်းသာဖြစ်၏။ 21သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။ 22ထို့ကြောင့် သင်တို့သွားရောက်နေထိုင်မည့်ပြည်၌ သင်တို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေကြရမည်ကို အသေအချာမှတ်ထားကြလော့”ဟု ပြောဆိုလေ၏။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 42: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative