YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 42

42
လူအပေါင်းတို့ ယေရမိထံအကြံဉာဏ်တောင်းဆိုခြင်း
1ထို့နောက် ကာရာ​၏​သား​ယောဟနန်​၊ ဟောရှာယ​၏​သား​ယေဇနိ​အပါအဝင် စစ်သည်​အကြီးအကဲ​များ​နှင့် လူ​ကြီး​လူငယ်​အပေါင်း​တို့​သည် 2ပရောဖက်​ယေရမိ​ထံသို့​လာ​၍ “​အရှင့်​ထံ အကျွန်ုပ်​တို့ အသနားခံ​ပါ​သည်​။ အရှင်​မြင်​သည့်​အတိုင်း လူ​အများ​သည် ယခု​အနည်းငယ်​သာ​ကျန်​ပါ​သည်​။ အကျွန်ုပ်​တို့​နှင့် ဤ​ကြွင်းကျန်​သော​လူ​အားလုံး​တို့​အဖို့ ထာဝရအရှင်​ဘုရားသခင်​ထံ ဆုတောင်း​ပေး​ပါ​လော့​။ 3အကျွန်ုပ်​တို့ လျှောက်​ရ​မည့်​လမ်း​၊ ပြု​ရ​မည့်​အမှု​ကို အရှင်​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​ပါစေ​”​ဟု ဆို​ကြ​၏​။
4ပရောဖက်​ယေရမိ​က​လည်း “​ငါ​ကြား​ပြီ​။ သင်​တို့​တောင်းဆို​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ငါ​ဆုတောင်း​ပေး​မည်​။ ထာဝရဘုရား​က သင်​တို့​အား မိန့်ဆို​သမျှ​တို့​ကို တစ်ခုမကျန် သင်​တို့​အား ငါ​ပြန်ဆင့်ဆို​မည်​”​ဟု ဆို​လေ​၏​။
5သူ​တို့​က​လည်း ယေရမိ​အား “​အရှင်​မှတစ်ဆင့် အကျွန်ုပ်​တို့​အား အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်ဆို​သမျှ​ကို အကျွန်ုပ်​တို့​မ​ပြု​လျှင် ထာဝရဘုရား​သည် အကျွန်ုပ်​တို့​အတွက် မှန်ကန်​သော​သက်သေ​၊ သစ္စာရှိ​သော​သက်သေ​ဖြစ်​တော်မူ​ပါစေ​။ 6ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ရန် အရှင့်​ကို​အကျွန်ုပ်​တို့​တောင်းဆို​သည်​ဖြစ်​၍ မိန့်ဆို​တော်မူ​မည့်​စကား​သည် ကောင်း​သည်​ဖြစ်စေ​၊ မကောင်း​သည်​ဖြစ်စေ အကျွန်ုပ်​တို့ နားထောင်​ပါ​မည်​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ခြင်း​ဖြင့် အကျွန်ုပ်​တို့ ကောင်းစား​ပါ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။
ဤပြည်၌သာနေထိုင်ရန် ယေရမိအကြံပေးခြင်း
7ထို့နောက် ဆယ်​ရက်​လွန်​သောအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၏​။ 8ယေရမိ​သည် ကာရာ​၏​သား​ယောဟနန်​မှစ၍ သူ​နှင့်အတူ​ရှိ​သော​စစ်သည်​အကြီးအကဲ​များ​နှင့် လူ​ကြီး​လူငယ်​အပေါင်း​တို့​ကို​ခေါ်​ပြီးလျှင် 9သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အသနားခံ​ရန် သင်​တို့ ငါ့​ကို​တောင်းဆို​စေ​သည့်​အတိုင်း ကိုယ်တော်​က 10‘​ဤ​ပြည်​၌​သာ သင်​တို့​နေထိုင်​မည်​ဆို​လျှင် သင်​တို့​ကို တည်ဆောက်​မည်​၊ ဖြိုဖျက်​မည်​မ​ဟုတ်​။ သင်​တို့​ကို စိုက်ပျိုး​မည်​၊ နုတ်ပစ်​မည်​မ​ဟုတ်​။ သင်​တို့​ကို ဘေးအန္တရာယ်​နှင့် ကြုံ​စေ​ခဲ့​သောကြောင့် ငါ​ဝမ်းနည်း​၏​’​ဟု မိန့်​တော်မူ​၏​။ 11ထာဝရဘုရား​က ‘​သင်​တို့​ကြောက်​ရ​သော ဘေဘီလုံ​ဘုရင်​ကို သင်​တို့​မ​ကြောက်​ကြ​နှင့်​။ သင်​တို့​နှင့်အတူ ငါ​ရှိ​သည်​ဖြစ်၍ ထို​ဘုရင်​လက်​မှ သင်​တို့​ကို ငါ​ရွေးနုတ်​ကယ်တင်​မည်​။ သူ့​ကို သင်​တို့​မ​ကြောက်​ကြ​နှင့်​။ 12ငါ​သည် သင်​တို့​အား သနားစုံမက်​မည်​။ သို့ဖြစ်၍ ထို​ဘုရင်​သည် သင်​တို့​ကို သနားစုံမက်​၍ သင်​တို့​နေရင်းပြည်​သို့ သင်​တို့​ကို ပြန်လာ​စေ​မည်​’​ဟု မိန့်​တော်မူ​ပြီ​။ 13သို့ရာတွင် သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​ကို နား​မ​ထောင်​ဘဲ ‘​ဤ​ပြည်​တွင် အကျွန်ုပ်​တို့​မ​နေ​လို​။ 14စစ်ပွဲ​မ​ကြုံ​၊ တံပိုးမှုတ်သံ​မ​ကြား​၊ အစာ​မွတ်သိပ်ခြင်း​မ​ရှိ​ရာ အီဂျစ်​ပြည်​သို့​သွား​၍ ထို​အရပ်​၌​နေ​မည်​’​ဟု ဆို​လျှင် 15ကြွင်းကျန်​သော​ယုဒ​အမျိုး​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​သင်​တို့​သည် အီဂျစ်​ပြည်​သို့​သွား​ရန် စိတ်အားပြင်းပြ​မည်​ဆို​လျှင်​၊ ထို​ပြည်​၌ပင် သွားရောက်​နေထိုင်​မည်​ဆို​လျှင် 16ထို​အီဂျစ်​ပြည်​၌ပင် သင်​တို့​ကြောက်ရွံ့​သော​ဓားဘေး​သည် သင်​တို့​ကို​မီ​လိမ့်မည်​။ သင်​တို့​ထိတ်လန့်​သော ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည်​လည်း အီဂျစ်​ပြည်​အထိပင် သင်​တို့​နောက်သို့ ကပ်လိုက်​လာ​လိမ့်မည်​။ ထို​အရပ်​၌​ပင် သင်​တို့​သေ​ရ​လိမ့်မည်​။ 17အီဂျစ်​ပြည်​သို့ သွားရောက်​နေထိုင်​ရန် စိတ်အားပြင်းပြ​နေ​သော​သူ​အားလုံး​တို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ရ​ကြ​လိမ့်မည်​။ သူ​တို့​အပေါ် ငါ​ကျရောက်​စေ​သော​ဘေးအန္တရာယ်​မှ လွတ်မြောက်​သော​သူ​၊ အသက်ရှင်​ကျန်ရစ်​သော​သူ တစ်ယောက်​မျှ​ရှိ​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​ပြီ​။ 18အကယ်စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဂျေရုဆလင်​မြို့သား​တို့​အပေါ်​သို့ ငါ့​အမျက်​ဒေါသ​ကို​သွန်ချ​ခဲ့​သကဲ့သို့ အီဂျစ်​ပြည်​သို့ သင်​တို့​သွား​သောအခါ သင်​တို့​အပေါ်​သို့ ငါ့​အမျက်ဒေါသ​ကို သွန်ချ​မည်​။ သင်​တို့​သည် ကျိန်ဆဲစရာ​၊ ထိတ်လန့်စရာ​၊ ရွံရှာစရာ​၊ ကဲ့ရဲ့စရာ​ဖြစ်​မည်​။ ဤ​ပြည်​ကို သင်​တို့ ပြန်​မြင်​ရ​တော့​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​ပြီ​။ 19အို ကြွင်းကျန်​သော​ယုဒ​အမျိုး​တို့​၊ ထာဝရဘုရား​က ‘​အီဂျစ်​ပြည်​သို့ မ​သွား​ကြ​နှင့်​’​ဟု သင်​တို့​အား မိန့်​တော်မူ​ကြောင်း​ကို ယနေ့ သင်​တို့​အား ငါ​သတိပေး​၏​။ အသေအချာ​မှတ်​ထား​ကြ​လော့​။ 20သင်​တို့​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​လော့​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သမျှ​ကို ပြောပြ​ပါ​လော့​။ အကျွန်ုပ်​တို့ လိုက်နာ​ပါ​မည်​’​ဟု ငါ့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တောင်းလျှောက်​စေ​သည်​မှာ လိမ်လည်​ခြင်း​သာ​ဖြစ်​၏​။ 21သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​စကား​ကို​လည်းကောင်း​၊ ငါ့​ကို သင်​တို့​ထံ​စေလွှတ်​၍ ဆင့်ဆို​စေ​သမျှ​ကို​လည်းကောင်း ယနေ့ သင်​တို့​အား ငါ​ပြောပြ​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။ 22ထို့ကြောင့် သင်​တို့​သွားရောက်​နေထိုင်​မည့်​ပြည်​၌ သင်​တို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ကြ​ရ​မည်​ကို အသေအချာ​မှတ်​ထား​ကြ​လော့​”​ဟု ပြောဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိအနာဂတ္တိကျမ်း 42