YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 38

38
ယေရမိ ရေတွင်းထဲသို့ ပစ်ချခံရခြင်း
1လူ​အပေါင်း​တို့​အား ယေရမိ​ဆင့်ဆို​သော​စကား​ကို မဿန်​၏​သား ရှေဖတိ​၊ ပါရှုရ​၏​သား ဂေဒလိ​၊ ရှေလမိ​၏​သား ယေဟုကလ​၊ မာလခိယ​၏​သား ပါရှုရတို့ ကြား​လေ​၏​။ 2ထာဝရဘုရား​မိန့်​တော်မူ​သည်​မှာ “ဤ​မြို့​တွင် နေထိုင်​သော​သူ​တို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ရ​လိမ့်မည်​။ ခါလဒဲ​လူမျိုး​တို့​ဘက်​သို့ လိုက်သွား​သော​သူ​တို့​မူကား သူ​တို့​၏​အသက်​သည် တိုက်ယူ​သော​ပစ္စည်း​ကဲ့သို့​ဖြစ်​၍ အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။ 3စင်စစ် ဤ​မြို့​သည် ဘေဘီလုံ​ဘုရင်​၏​စစ်တပ်ကြီး​လက်​သို့ ရောက်​ရ​လိမ့်မည်​။ ဤ​မြို့​ကို သူ​တို့​သိမ်းပိုက်​လိမ့်မည်”​ဟူ၍​လည်း ထာဝရဘုရား​မိန့်​တော်မူ​၏​။
4ထိုအခါ မှူးမတ်​တို့​က ရှင်ဘုရင်​အား “​ဤ​သူ သေ​သင့်​ပါ​၏​။ သူ​ပြော​သော​စကား​အားဖြင့် ဤ​မြို့​၌​ကျန်ခဲ့​သော စစ်သည်​တို့​နှင့်​လူ​အပေါင်း​တို့​ကို စိတ်အားလျော့​စေ​ပါ​ပြီ​။ သူ​သည် ဤ​လူမျိုး​ငြိမ်းချမ်း​ဖို့​ထက် ဘေးအန္တရာယ်​ပြု​ဖို့​ကို​သာ ရှာကြံ​ပါ​ပြီ​”​ဟု လျှောက်​ကြ​၏​။
5ဇေဒကိ​မင်းကြီး​က​လည်း “​သူ​သည် သင်​တို့​လက်​၌​ရှိ​၏​။ ရှင်ဘုရင်​သည် သင်​တို့​ကို​ဆန့်ကျင်​၍ မည်သည့်​အရာ​မျှ​မ​ပြု​နိုင်​”​ဟု မိန့်ဆို​၏​။ 6ထို့ကြောင့် သူ​တို့​သည် ယေရမိ​ကို​ခေါ်သွား​၍ ထောင်ဝင်း​အတွင်း​ရှိ ဘုရင့်​သား​တော်​မာလခိယ​၏​ရေတွင်း​ထဲသို့ ကြိုး​ဖြင့်​လျှောချ​ကြ​၏​။ ရေတွင်း​ထဲတွင် ရေ​မ​ရှိ​၊ ရွှံ့​သာ​ရှိ​သဖြင့် ယေရမိ​သည် ရွှံ့​ထဲ​နစ်​လေ​၏​။
7ယေရမိ​အား ရေတွင်း​ထဲသို့ ပစ်ချ​ကြောင်း​ကို ဘုရင့်​နန်းတော်​ရှိ အီသီယိုးပီးယား​အမျိုးသား မိန်းမစိုး ဧဗဒမေလက်​ကြားသိ​လျှင် ဗင်္ယာမိန်​တံခါး​၌ ရှင်ဘုရင်​ထိုင်​နေ​စဉ် 8ဧဗဒမေလက်​သည် နန်းတော်​ထဲမှ​ထွက်လာ​ပြီး ရှင်ဘုရင်​အား 9“​အကျွန်ုပ်​၏​အရှင်​မင်းကြီး​၊ ဤ​သူ​တို့​သည် ပရောဖက်​ယေရမိ​ကို ရေတွင်း​ထဲ​ပစ်ချ​ခြင်း​ဖြင့် ဆိုးညစ်​သော​အမှု​ကို ပြု​ကြ​လေ​ပြီ​။ မြို့​ထဲတွင်​လည်း မုန့်​မ​ရှိ​တော့​ပေ​။ ထို့ကြောင့် ယေရမိ​သည် ထို​တွင်း​ထဲတွင် ငတ်မွတ်​၍ သေ​ရ​ပါ​တော့​မည်​”​ဟု လျှောက်ဆို​လေ​၏​။
10ရှင်ဘုရင်​က​လည်း အီသီယိုးပီးယား​အမျိုးသား​ဧဗဒမေလက်​အား “ပရောဖက်​ယေရမိ​မသေမီ သင့်​လက်အောက်ငယ်သား လူ​အယောက်​သုံးဆယ်​ကို​ခေါ်​၍ သူ့​ကို ရေတွင်း​ထဲမှ ထုတ်ယူ​လော့​”​ဟု မိန့်ဆို​၏​။
11ဧဗဒမေလက်​သည်​လည်း သူ​၏​လက်အောက်ငယ်သား​တို့​ကို​ခေါ်​ပြီး ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​အောက်​သို့​ဝင်​၍ ထို​နေရာ​မှ အဝတ်စုတ်​၊ အဝတ်ဟောင်း​တို့​ကို​ယူ​ပြီးလျှင် ထို​အဝတ်​တို့​ကို ယေရမိ​ရှိ​ရာ​တွင်း​ထဲသို့ ကြိုး​နှင့်​လျှောချ​ပေး​၏​။ 12ထိုအခါ အီသီယိုးပီးယား​အမျိုးသား ဧဗဒမေလက်​က ယေရမိ​အား “​ဤ​အဝတ်ဟောင်း​အဝတ်စုတ်​တို့​ကို သင့်​ချိုင်း​နှင့် ကြိုး​အကြား​၌ ခံထား​လော့​”​ဟု ပြော​သည့်​အတိုင်း ယေရမိ​ပြု​လေ​၏​။ 13ဤသို့ဖြင့် သူ​တို့​သည် ယေရမိ​အား ကြိုး​ဖြင့် တွင်း​ထဲမှ​ဆွဲ​တင်​ကြ​၏​။ ယေရမိ​လည်း ထောင်ဝင်း​ထဲ၌​နေ​ရ​ပြန်​၏​။
ယေရမိကို ဇေဒကိမင်းကြီးနောက်ဆုံးအကြိမ်တွေ့ဆုံခြင်း
14တစ်ဖန် ဇေဒကိ​မင်းကြီး​သည် လူ​လွှတ်​၍ ထာဝရဘုရား​အိမ်​တော် တတိယ​ဝင်ပေါက်​သို့ ပရောဖက်​ယေရမိ​ကို ခေါ်လာ​စေ​၏​။ ရှင်ဘုရင်​က ယေရမိ​အား “သင့်​ကို​ငါ​မေးစရာ​ရှိ​၏​။ ဘာမျှ​ဖုံးကွယ်​မ​ထား​နှင့်​”​ဟု မိန့်ဆို​၏​။
15ယေရမိ​က​လည်း ဇေဒကိ​မင်းကြီး​အား “​အရှင်မင်းကြီး​၊ အကျွန်ုပ်​ဖြေ​လျှင် စင်စစ် အကျွန်ုပ်​ကို မ​သတ်​ဘဲ​နေ​မည်လော​။ အကျွန်ုပ်​အကြံပေး​လျှင်​လည်း အကျွန်ုပ်​၏​စကား​ကို အရှင်မင်းကြီး နားထောင်​မည်​မ​ဟုတ်​ပါ​”​ဟု လျှောက်​လေ​၏​။
16ထိုအခါ ဇေဒကိ​မင်းကြီး​က ယေရမိ​အား “​ငါ​တို့​အား ဇီဝအသက်​ပေး​တော်မူ​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​ကို​ငါ​မ​သတ်​။ သင့်​အသက်​ကို ရန်ရှာ​သော​သူ​တို့​လက်​သို့ သင့်​ကို​ငါ​မ​အပ်​”​ဟု တိတ်တဆိတ်​ကျိန်ဆို​လေ​၏​။
17ထိုအခါ ယေရမိ​က ဇေဒကိ​မင်းကြီး​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​သင်​သည် ဘေဘီလုံ​ဘုရင်​၏​တပ်မှူး​တို့​ထံ​သွား​၍ အညံ့ခံ​လျှင် သင်​အသက်ချမ်းသာ​ရာ​ရ​မည်​။ ဤ​မြို့​သည်​လည်း မီး​ရှို့​ခံရ​မည်​မ​ဟုတ်​။ သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့ အသက်ချမ်းသာ​ရာ​ရ​ကြ​လိမ့်မည်​။ 18ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​တို့​ထံ သွား​၍​အညံ့​မ​ခံ​လျှင် ဤ​မြို့​သည် ခါလဒဲ​လူမျိုး​တို့​လက်​သို့ ကျရောက်​လိမ့်မည်​။ သူ​တို့​သည်​လည်း ဤ​မြို့​ကို မီး​ရှို့​ကြ​လိမ့်မည်​။ သင်​သည်​လည်း သူ​တို့​လက်​မှ လွတ်​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု လျှောက်ဆို​လေ​၏​။
19ဇေဒကိ​မင်းကြီး​က​လည်း ယေရမိ​အား “​ခါလဒဲ​လူမျိုး​တို့​ဘက်​သို့​ရောက်သွား​သော ဂျူး​လူမျိုး​တို့​ကို ငါ​ကြောက်​၏​။ ငါ့​ကို သူ​တို့​လက်​သို့​အပ်​ကြ​၍ ငါ​သည် အညှဉ်းဆဲ​ခံရ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။
20ယေရမိ​က​လည်း “​မင်းကြီး​ကို သူ​တို့​လက်​သို့ အပ်နှံ​ကြ​မည်​မ​ဟုတ်​။ အကျွန်ုပ်​ဆင့်ဆို​သော ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ သို့ပြုလျှင် မင်းကြီး​အသက်ချမ်းသာ​ရာ​ရ​၍ ကောင်းစား​လိမ့်မည်​။ 21သို့သော် မင်းကြီး​က အညံ့ခံ​ဖို့ ငြင်းဆို​လျှင် ထာဝရဘုရား​က အကျွန်ုပ်​အား 22‘​ကြည့်ရှု​လော့​။ ယုဒ​ဘုရင်​နန်းတော်​၌ ကျန်ရစ်​သော​မိန်းမ​အပေါင်း​တို့​ကို ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​တို့​ထံ ခေါ်ဆောင်​သွား​ကြ​မည်​။ ထို​မိန်းမ​တို့​က မင်းကြီး​ယုံကြည်​ရ​သော​မိတ်ဆွေ​တို့​သည် မင်းကြီး​ကို သွေးဆောင်​ကြ​ပြီ​၊ အနိုင်ရ​ကြ​ပြီ​။ မင်းကြီး​၏​ခြေ​သည် ရွှံ့​ထဲ​နစ်​သွား​လေ​ပြီ​။ မိတ်ဆွေ​တို့​လည်း ကျောခိုင်း​သွား​လေ​ပြီ​ဟု ဆို​ကြ​လိမ့်မည်​။
23သင့်​မိဖုရား​နှင့် သား​တော်​၊ သမီး​တော် အားလုံး​ကို ခါလဒဲ​စစ်သည်​တို့ ခေါ်ဆောင်​သွား​လိမ့်မည်​။ သင်​သည်​လည်း သူ​တို့​လက်​မှ လွတ်​မည်​မ​ဟုတ်​။ ဘေဘီလုံ​ဘုရင်​၏​လက်အောက်​သို့ ရောက်​ရ​လိမ့်မည်​။ ဤ​မြို့​သည်​လည်း မီး​ရှို့​ခြင်း​ခံရ​လိမ့်မည်​’​ဟူ၍ ဖော်ပြ​တော်မူ​ပြီ​”​ဟု လျှောက်ဆို​၏​။ 24ဇေဒကိ​မင်းကြီး​က​လည်း ယေရမိ​အား “​ဤ​စကား​များ​ကို မည်သူမျှ​မ​သိ​စေ​နှင့်​။ သိ​စေ​လျှင် သင်​အသတ်​ခံရ​လိမ့်မည်​။ 25ငါ​သည် သင်​နှင့်​စကားပြော​ကြောင်း​ကို မှူးမတ်​တို့​ကြားသိ​ပြီး သင့်​ထံသို့​လာ​၍ ‘​သင်​သည် ရှင်ဘုရင်​အား မည်သည့်​စကား​လျှောက်ဆို​၍ ရှင်ဘုရင်​က​လည်း သင့်​အား မည်သည့်​စကား​မိန့်ဆို​သည်​ကို ငါ​တို့​အား ပြောပြ​ပါ​။ ဖုံးကွယ်​မ​ထား​ပါ​နှင့်​။ သင့်​ကို​မ​သတ်​ပါ​’​ဟု ဆို​လာ​လျှင် 26သင်​က ‘​အကျွန်ုပ်​ကို ယောနသန်​အိမ်​သို့ ပြန်​မ​ပို့​ပါ​နှင့်​။ ပြန်ပို့​လျှင် ထို​အိမ်​၌ အကျွန်ုပ်​သေ​ရ​ပါ​လိမ့်မည်​ဟု မင်းကြီး​အား အကျွန်ုပ်​တောင်းဆို​ပါ​၏​’​ဟူ၍ ပြန်ဖြေ​လော့​”​ဟု မိန့်ဆို​၏​။ 27မှူးမတ်​အပေါင်း​တို့​က​လည်း ယေရမိ​ထံ လာ​၍​မေးမြန်း​ကြ​လေ​၏​။ သူ​က​လည်း ရှင်ဘုရင်​မှာထား​သည့်​အတိုင်း သူ​တို့​အား ပြန်ပြော​၏​။ ရှင်ဘုရင်​နှင့် ပြောဆို​ခဲ့​သော​စကား​များ​ကို မည်သူ​မျှ​မ​ကြားသိ​ကြ​သောကြောင့် သူ​တို့​လည်း ဆက်မမေး​ကြ​တော့​ချေ​။ 28ယေရမိ​သည် ဂျေရုဆလင်​မြို့ သိမ်းပိုက်​ခံရ​သည့်​နေ့​တိုင်အောင် ထောင်ဝင်း​ထဲတွင်​နေ​ရ​၏​။ ဂျေရုဆလင်​မြို့ သိမ်းပိုက်​ခံရ​သော​အချိန်​၌ သူ​သည် ထောင်ဝင်း​ထဲတွင်​ရှိ​နေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိအနာဂတ္တိကျမ်း 38