ယေရမိအနာဂတ္တိကျမ်း 17
17
အပြစ်ထပ်တလဲလဲကျူးလွန်သောယုဒ
1ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့် ရေးထွင်းထား၏။ 2သူတို့၏သားသမီးများပင် ကုန်းမြင့်များပေါ်ရှိ စိမ်းလန်းသောသစ်ပင်များအနီး၌ မိမိတို့တည်ထားသောယဇ်ပလ္လင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို စွဲလမ်းကြလေပြီ။ 3အို ကွင်းပြင်ရှိငါ့တောင်၊ ပြည်တစ်ပြည်လုံးရှိ အပြစ်များကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာအလုံးစုံတို့နှင့် သင်အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို လုယူဖျက်ဆီးရာအဖြစ် ငါပေးလိုက်မည်။ 4သင့်အား ငါပေးသောအမွေကို သင်လက်လွတ်ရမည်။ သင်မသိသောပြည်တွင် သင်၏ရန်သူတို့အား သင်အစေခံရမည်။ အစဉ်အမြဲတောက်လောင်နေမည့် ငါ့အမျက်မီးကို သင်မွှေးလေပြီ။
ကျိန်ခြင်းအမင်္ဂလာနှင့်ကောင်းချီးမင်္ဂလာ
5ထာဝရဘုရားက “လူကိုကိုးစားသောသူ၊ လူ၏လက်ရုံးအားကိုမှီခိုသောသူ၊ ထာဝရဘုရားထံမှ ကျောခိုင်းသွားသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။ 6ထိုသူသည် သဲကန္တာရရှိချုံပုတ်ကဲ့သို့ဖြစ်မည်။ ကောင်းကျိုးချမ်းသာကို ခံစားရမည်မဟုတ်။ ခြောက်သွေ့သောတောကန္တာရရှိ မည်သူမျှမနေထိုင်သောဆားမြေ၌ နေရလိမ့်မည်။ 7ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာခံစားရသောသူဖြစ်၏။ 8ထိုသူသည် ရေရှိရာတွင်စိုက်ထား၍ မြစ်နားအထိအမြစ်ဖြာသောအပင်ကဲ့သို့ဖြစ်မည်။ နေအပူဒဏ်ကို မကြောက်၊ မိုးခေါင်သောနှစ်တွင်လည်း မစိုးရိမ်။ အရွက်များ စိမ်းလန်းလျက်ရှိ၏၊ အသီးလည်း ပြတ်မည်မဟုတ်။
စဉ်းလဲသောစိတ်နှလုံး
9စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။ 10ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘော#17:10 တိုက်ရိုက်ပြန်ဆိုလျှင် “ကျောက်ကပ်တို့”။ကို စစ်ဆေးတတ်၏။#ဆာ 28:4၊ ဟေရှာ 40:10၊ 62:11၊ ဗျာ 22:12။ 11ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။ 12အစအဦးကပင် မြင့်မြတ်၍ ဘုန်းကြီးသောပလ္လင်တော်သည် ငါတို့၏သန့်ရှင်းရာဌာနဖြစ်၏။ 13အစ္စရေးလူမျိုး၏မျှော်လင့်ရာဖြစ်တော်မူသောထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပယ်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်။ ကိုယ်တော့်#17:13 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ့”။ထံမှထွက်သွားသောသူတို့သည် အသက်စမ်းရေဖြစ်သည့်ထာဝရဘုရားကို စွန့်ပယ်ကြသောကြောင့် မြေပေါ်၌သာ စာရင်းဝင်ကြလိမ့်မည်။
ယေရမိအသနားခံခြင်း
14အို ထာဝရဘုရား အကျွန်ုပ်ကို ကျန်းမာစေတော်မူပါ။ သို့မှသာ အကျွန်ုပ် ကျန်းမာပါလိမ့်မည်။ အကျွန်ုပ်ကိုကယ်တော်မူပါ။ သို့မှသာ အကျွန်ုပ် ကယ်တင်ခြင်းခံရပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်၏ချီးမွမ်းရာဖြစ်တော်မူပါ၏။ 15ကြည့်ရှုလော့။ ထိုသူတို့က ငါ့အား “ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အဘယ်မှာနည်း။ ယခုပင် ရောက်လာပါလေစေ”ဟု ဆိုကြ၏။ 16အကျွန်ုပ်မူကား ကိုယ်တော်၏နောက်သို့လိုက်သောသိုးထိန်းအဖြစ်မှ ထွက်မပြေးပါ။ ဆိုးဝါးသောနေ့ကို အကျွန်ုပ်မတောင့်တကြောင်း ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်၏နှုတ်ထွက်စကားသည် ရှေ့တော်၌ရှိပါ၏။ 17အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေးအန္တရာယ်ကျရောက်သောအခါ ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ 18အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား အရှက်မကွဲရပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား စိတ်မပျက်ရပါစေနှင့်။ သူတို့ကို ဆိုးရွားသောနေ့ရက်နှင့် ကြုံတွေ့စေတော်မူပါ။ ဖျက်ဆီးခြင်းဘေးနှစ်ဆဖြင့် သူတို့ကို ဖျက်ဆီးတော်မူပါ။
ဥပုသ်နေ့ကိုစောင့်ထိန်းခြင်း
19ထာဝရဘုရားက ငါ့အား “ယုဒဘုရင်များ ဝင်ထွက်သွားလာရာ ပြည်သူ့တံခါးဝနှင့် ဂျေရုဆလင်မြို့တံခါးဝအားလုံး၌ သွားရပ်၍ 20‘ဤမြို့တံခါးဖြင့် ဝင်ထွက်သွားလာကြသော ယုဒဘုရင်နှင့် ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ 21ထာဝရဘုရားက သင်တို့ကိုယ်သင်တို့ သတိပြုကြလော့။ ဥပုသ်နေ့၌ ဝန်ထုပ်များ မသယ်ဆောင်ရ။ ဂျေရုဆလင်မြို့တံခါးကို ဖြတ်၍ မယူဆောင်လာရ။ 22ဥပုသ်နေ့၌ အိမ်ထဲမှဝန်ထုပ်များကို မသယ်ထုတ်ရ။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာခဲ့သည့်အတိုင်း ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းကြလော့။ 23သို့သော် သူတို့သည် နားမထောင်ကြ၊ ဂရုမစိုက်ကြ။ ခေါင်းမာ#17:23 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။ကြသောကြောင့် နားမထောင်ကြ။ ဆုံးမပဲ့ပြင်ခြင်းကို မခံယူကြဟု မိန့်တော်မူပြီ။
24တစ်ဖန် ထာဝရဘုရားက သင်တို့သည် ငါ့စကားကို အသေအချာနားထောင်၍ ဥပုသ်နေ့၌ မြို့တံခါးကိုဖြတ်ပြီး ဝန်ထုပ်ကို မသယ်ဆောင်ဘဲနေလျှင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေ၍ မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲနေလျှင် 25ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စိုးစံတော်မူသောရှင်ဘုရင်နှင့် မင်းညီမင်းသားတို့သည် ရထားစီးလျက်၊ မြင်းစီးလျက် သူတို့၏အကြီးအကဲများ၊ ယုဒပြည်သူဂျေရုဆလင်မြို့သားများပါလျက် ဤမြို့တံခါးကို ဖြတ်၍ဝင်ရလိမ့်မည်။ ဤပြည်၌ အစဉ်နေထိုင်ရလိမ့်မည်။ 26သူတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ ဗင်္ယာမိန်ပြည်၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်မှ ရောက်လာကြလိမ့်မည်။ သူတို့သည် မီးရှို့ရာယဇ်၊ ယဇ်ကောင်များ၊ ဘောဇဉ်ပူဇော်သက္ကာ၊ လော်ဗန်နှင့်တကွ ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာကြလိမ့်မည်။ 27သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 17: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative