YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 17

17
အပြစ်ထပ်တလဲလဲကျူးလွန်သောယုဒ
1ယုဒ​အမျိုး​၏​အပြစ်​ကို သူ​တို့​၏​နှလုံးသား​ပြင်​၊ သူ​တို့​၏​ယဇ်ပလ္လင်​ဦးချို​များ​ပေါ်တွင် သံ​ကညစ်​ဖြင့် ရေးထိုး​ထား​၏​။ စိန်​ချွန်​ဖြင့် ရေးထွင်း​ထား​၏​။ 2သူ​တို့​၏​သားသမီး​များ​ပင် ကုန်း​မြင့်​များ​ပေါ်ရှိ စိမ်းလန်း​သော​သစ်ပင်​များ​အနီး​၌ မိမိ​တို့​တည်​ထား​သော​ယဇ်ပလ္လင်​များ​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို စွဲလမ်း​ကြ​လေ​ပြီ​။ 3အို ကွင်းပြင်​ရှိ​ငါ့​တောင်​၊ ပြည်​တစ်ပြည်လုံး​ရှိ အပြစ်​များ​ကြောင့် သင်​၏​ဥစ္စာပစ္စည်း​၊ သင်​၏​ဘဏ္ဍာ​အလုံးစုံ​တို့​နှင့် သင်​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို လုယူဖျက်ဆီး​ရာ​အဖြစ် ငါ​ပေးလိုက်​မည်​။ 4သင့်​အား ငါ​ပေး​သော​အမွေ​ကို သင်​လက်လွတ်​ရ​မည်​။ သင်​မ​သိ​သော​ပြည်​တွင် သင်​၏​ရန်သူ​တို့​အား သင်​အစေခံ​ရ​မည်​။ အစဉ်အမြဲ​တောက်လောင်​နေ​မည့် ငါ့​အမျက်​မီး​ကို သင်​မွှေး​လေ​ပြီ​။
ကျိန်ခြင်းအမင်္ဂလာနှင့်ကောင်းချီးမင်္ဂလာ
5ထာဝရဘုရား​က “​လူ​ကို​ကိုးစား​သော​သူ​၊ လူ​၏​လက်ရုံးအား​ကို​မှီခို​သော​သူ​၊ ထာဝရဘုရား​ထံမှ ကျောခိုင်း​သွား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​၏​။ 6ထို​သူ​သည် သဲကန္တာရ​ရှိ​ချုံပုတ်​ကဲ့သို့​ဖြစ်​မည်​။ ကောင်းကျိုးချမ်းသာ​ကို ခံစား​ရ​မည်​မ​ဟုတ်​။ ခြောက်သွေ့​သော​တောကန္တာရ​ရှိ မည်သူ​မျှ​မ​နေထိုင်​သော​ဆား​မြေ​၌ နေ​ရ​လိမ့်မည်​။ 7ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​၊ ထာဝရဘုရား​ကို မိမိ​ကိုးစား​ရာ​ဖြစ်​စေ​သော​သူ​သည် ကောင်းချီးမင်္ဂလာ​ခံစား​ရ​သော​သူ​ဖြစ်​၏​။ 8ထို​သူ​သည် ရေ​ရှိ​ရာ​တွင်​စိုက်​ထား​၍ မြစ်​နား​အထိ​အမြစ်​ဖြာ​သော​အပင်​ကဲ့သို့​ဖြစ်​မည်​။ နေအပူဒဏ်​ကို မ​ကြောက်​၊ မိုးခေါင်​သော​နှစ်​တွင်​လည်း မ​စိုးရိမ်​။ အရွက်​များ စိမ်းလန်း​လျက်​ရှိ​၏​၊ အသီး​လည်း ပြတ်​မည်​မ​ဟုတ်​။
စဉ်းလဲသောစိတ်နှလုံး
9စိတ်နှလုံး​သည် အရာ​အားလုံး​ထက် စဉ်းလဲ​၏​။ ကုသ​၍​မ​ရ​သော​ရောဂါ​ဖြစ်​၏​။ စိတ်နှလုံး​သဘော​ကို မည်သူ​နားလည်​နိုင်​သနည်း​။ 10ငါ​ထာဝရဘုရား​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြုမူကျင့်ကြံ​သည့်​အတိုင်း​၊ မိမိ​တို့​လုပ်ဆောင်မှု​အသီးအပွင့်​အတိုင်း ပေးဆပ်​ရန် လူ​တို့​၏​စိတ်နှလုံး​ကို စစ်ကြော​တတ်​၏​။ အတွင်းသဘော#17:10 တိုက်ရိုက်ပြန်ဆိုလျှင် “ကျောက်ကပ်တို့”။​ကို စစ်ဆေး​တတ်​၏​။#ဆာ 28:4၊ ဟေရှာ 40:10၊ 62:11၊ ဗျာ 22:12။ 11ခါငှက်​သည် မိမိ​မ​ဥ​သော​ဥ​ကို​ဝပ်​သကဲ့သို့ မတရား​သော​သူ​သည် ဓနဥစ္စာ​သိုမှီး​တတ်​၏​။ သို့သော်လည်း သူ​သည် သက်တမ်း​တစ်ဝက်​၌ပင် မိမိ​ဓနဥစ္စာ​ကို စွန့်ထား​ခဲ့​ရ​၍ အဆုံး​၌ မိုက်မဲ​သော​သူ​ဖြစ်သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 12အစအဦး​ကပင် မြင့်မြတ်​၍ ဘုန်းကြီး​သော​ပလ္လင်​တော်​သည် ငါ​တို့​၏​သန့်ရှင်းရာဌာန​ဖြစ်​၏​။ 13အစ္စရေး​လူမျိုး​၏​မျှော်လင့်ရာ​ဖြစ်​တော်မူ​သော​ထာဝရဘုရား​၊ ကိုယ်တော်​ကို​စွန့်ပယ်​သော​သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။ ကိုယ်တော့်#17:13 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ့”။​ထံမှ​ထွက်သွား​သော​သူ​တို့​သည် အသက်စမ်းရေ​ဖြစ်​သည့်​ထာဝရဘုရား​ကို စွန့်ပယ်​ကြ​သောကြောင့် မြေ​ပေါ်၌​သာ စာရင်းဝင်​ကြ​လိမ့်မည်​။
ယေရမိအသနားခံခြင်း
14အို ထာဝရဘုရား အကျွန်ုပ်​ကို ကျန်းမာ​စေ​တော်မူ​ပါ​။ သို့မှသာ အကျွန်ုပ် ကျန်းမာ​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ကယ်​တော်မူ​ပါ​။ သို့မှသာ အကျွန်ုပ် ကယ်တင်​ခြင်း​ခံရ​ပါ​လိမ့်မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ချီးမွမ်း​ရာ​ဖြစ်​တော်မူ​ပါ​၏​။ 15ကြည့်ရှု​လော့​။ ထို​သူ​တို့​က ငါ့​အား “​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အဘယ်မှာ​နည်း​။ ယခုပင် ရောက်လာ​ပါလေစေ​”​ဟု ဆို​ကြ​၏​။ 16အကျွန်ုပ်​မူကား ကိုယ်တော်​၏​နောက်သို့​လိုက်​သော​သိုးထိန်း​အဖြစ်​မှ ထွက်​မ​ပြေး​ပါ​။ ဆိုးဝါး​သော​နေ့​ကို အကျွန်ုပ်​မ​တောင့်တ​ကြောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ အကျွန်ုပ်​၏​နှုတ်ထွက်​စကား​သည် ရှေ့​တော်​၌​ရှိ​ပါ​၏​။ 17အကျွန်ုပ်​ကို ထိတ်လန့်​စေ​တော်​မ​မူ​ပါ​နှင့်​။ ဘေးအန္တရာယ်​ကျရောက်​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပါ​၏​။ 18အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​သည် အရှက်ကွဲ​ကြ​ပါစေသော​။ အကျွန်ုပ်​မူကား အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ သူ​တို့​သည် စိတ်ပျက်​ကြ​ပါစေသော​။ အကျွန်ုပ်​မူကား စိတ်​မ​ပျက်​ရ​ပါစေ​နှင့်​။ သူ​တို့​ကို ဆိုးရွား​သော​နေ့ရက်​နှင့် ကြုံတွေ့​စေ​တော်မူ​ပါ​။ ဖျက်ဆီး​ခြင်း​ဘေး​နှစ်ဆ​ဖြင့် သူ​တို့​ကို ဖျက်ဆီး​တော်မူ​ပါ​။
ဥပုသ်နေ့ကိုစောင့်ထိန်းခြင်း
19ထာဝရဘုရား​က ငါ့​အား “​ယုဒ​ဘုရင်​များ ဝင်ထွက်​သွားလာ​ရာ ပြည်သူ့​တံခါးဝ​နှင့် ဂျေရုဆလင်​မြို့​တံခါးဝ​အားလုံး​၌ သွား​ရပ်​၍ 20‘ဤ​မြို့​တံခါး​ဖြင့် ဝင်ထွက်​သွားလာ​ကြ​သော ယုဒ​ဘုရင်​နှင့် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ 21ထာဝရဘုရား​က သင်တို့ကိုယ်သင်တို့ သတိပြု​ကြ​လော့​။ ဥပုသ်နေ့​၌ ဝန်ထုပ်​များ မ​သယ်ဆောင်​ရ​။ ဂျေရုဆလင်​မြို့​တံခါး​ကို ဖြတ်​၍ မ​ယူဆောင်​လာ​ရ​။ 22ဥပုသ်နေ့​၌ အိမ်​ထဲမှ​ဝန်ထုပ်​များ​ကို မ​သယ်ထုတ်​ရ​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​မိန့်မှာ​ခဲ့​သည့်​အတိုင်း ဥပုသ်နေ့​ကို သန့်ရှင်း​အောင်​စောင့်ထိန်း​ကြ​လော့​။ 23သို့သော် သူ​တို့​သည် နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​။ ခေါင်းမာ#17:23 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​ကြ​သောကြောင့် နား​မ​ထောင်​ကြ​။ ဆုံးမပဲ့ပြင်​ခြင်း​ကို မ​ခံယူ​ကြ​ဟု မိန့်​တော်မူ​ပြီ​။
24တစ်ဖန် ထာဝရဘုရား​က သင်​တို့​သည် ငါ့​စကား​ကို အသေအချာ​နားထောင်​၍ ဥပုသ်နေ့​၌ မြို့​တံခါး​ကို​ဖြတ်​ပြီး ဝန်ထုပ်​ကို မ​သယ်ဆောင်​ဘဲ​နေ​လျှင်​၊ ဥပုသ်နေ့​ကို သန့်ရှင်း​စေ​၍ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ဘဲ​နေ​လျှင် 25ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင် စိုးစံ​တော်မူ​သော​ရှင်ဘုရင်​နှင့် မင်းညီမင်းသား​တို့​သည် ရထား​စီး​လျက်​၊ မြင်း​စီး​လျက် သူ​တို့​၏​အကြီးအကဲ​များ​၊ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​များ​ပါ​လျက် ဤ​မြို့​တံခါး​ကို ဖြတ်​၍​ဝင်​ရ​လိမ့်မည်​။ ဤ​ပြည်​၌ အစဉ်​နေထိုင်​ရ​လိမ့်မည်​။ 26သူ​တို့​သည် ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ ဗင်္ယာမိန်​ပြည်​၊ မြေနိမ့်ဒေသ​၊ တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​မှ ရောက်လာ​ကြ​လိမ့်မည်​။ သူ​တို့​သည် မီးရှို့ရာယဇ်​၊ ယဇ်ကောင်​များ​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ လော်ဗန်​နှင့်တကွ ကျေးဇူးတော်​ချီးမွမ်း​ရာ​ပူဇော်သက္ကာ​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ကြ​လိမ့်မည်​။ 27သင်​တို့​သည် ဥပုသ်နေ့​၌ ဂျေရုဆလင်​မြို့​တံခါး​ကို​ဖြတ်​၍ ဝန်ထုပ်​ကို​မ​သယ်ဆောင်​ရ​။ ဥပုသ်နေ့​ကို​သန့်ရှင်း​အောင်​စောင့်ထိန်း​ရ​မည်​ဟူသော ငါ့​စကား​ကို နား​မ​ထောင်​လျှင် ငါ​သည် မြို့​တံခါး​ကို​မီး​ရှို့​၍ ဂျေရုဆလင်​မြို့​၏​ခံတပ်​များ​ကို လောင်ကျွမ်း​စေ​မည်​။ ထို​မီး​သည် ငြိမ်း​လိမ့်မည်​မ​ဟုတ်​ဟု မိန့်​တော်မူ​ပြီ’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိအနာဂတ္တိကျမ်း 17