YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 9

9
ငြိမ်သက်ခြင်းအရှင်ဖွားမြင်လာမည့်အကြောင်း
1သို့သော် ဒုက္ခဝေဒနာ​ခံစား​ခဲ့​ရ​သော​ပြည်​၌ အမှောင်​ဖုံး​တော့​မည်​မ​ဟုတ်​။ ယခင်​အချိန်​က ဇာဗုလုန်​နယ်​နှင့် နဿလိ​နယ်​ကို နှိမ့်ချ​ခဲ့​သော်လည်း နောင်တွင် ထို​နယ်​၏​ပင်လယ်​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ လူမျိုးခြား​တို့​နေရာ​ဂါလိလဲ​နယ်​တို့​ကို အသရေတင့်တယ်​စေ​တော်မူ​မည်​။ 2အမှောင်​ထဲ၌ လျှောက်လှမ်း​သော​လူ​တို့​သည် ကြီးမား​သော​အလင်း​ကို​မြင်​ရ​ပြီ​။ သေမင်းအရိပ်​လွှမ်းမိုး​သော​ပြည်​၌​နေထိုင်​သော​သူ​တို့​တွင် အလင်း​ထွန်းလင်း​ပြီ​။#မ 4:16။ 3ကိုယ်တော်​သည် လူမျိုး​တော်​ကို​တိုးပွား​စေ​၍ သူ​တို့​ကို အလွန်​ဝမ်းမြောက်​စေ​တော်မူ​ပြီ​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန်​၌ ဝမ်းမြောက်​သကဲ့သို့​၊ လုယက်ပစ္စည်း​ခွဲဝေ​ချိန်​၌ ရွှင်လန်း​သကဲ့သို့ ကိုယ်တော်​၏​ရှေ့မှောက်​တွင် ဝမ်းမြောက်​ကြ​ပါ​ပြီ​။ 4အကြောင်းမူကား ကိုယ်တော်​သည် မိဒျန်​လူမျိုး​လက်​မှ​ကယ်တင်​ခဲ့​စဉ်က ပြု​သကဲ့သို့ သူ​ထမ်း​ရ​သော​ထမ်းပိုး​၊ သူ့​ကျော​ကို​ရိုက်​သော​တုတ်​၊ သူ့​ကို​ညှဉ်းဆဲ​သော​ကြိမ်လုံး​တို့​ကို ချိုး​တော်မူ​ပြီ​။ 5စစ်မြေပြင်​၌​စီး​သော​စစ်သည်ဖိနပ်​၊ သွေး​လူး​သော​အဝတ်​ရှိသမျှ​တို့​သည် လောင်စာ​ဖြစ်​ရ​ကြ​လိမ့်မည်​။ 6အကြောင်းမူကား သူငယ်​သည် ငါ​တို့​အဖို့ ဖွားမြင်​တော်မူ​ပြီ​။ ငါ​တို့​အား သား​ကို​ပေး​တော်မူ​ပြီ​။ သူ​၏​ပခုံး​ပေါ်၌ အာဏာစက်​ရှိ​လိမ့်မည်​။ နာမ​တော်​ကို အံ့ဩဖွယ်​၊ တိုင်ပင်ဖက်​၊ တန်ခိုးကြီး​သော​ဘုရားသခင်​၊ ထာဝရ​အဖ​၊ ငြိမ်သက်​ခြင်း​အရှင်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ 7သူ​၏​အာဏာစက်​သည် အစဉ်​တိုးပွား​၍ ငြိမ်သက်​ခြင်း​သည် အဆုံး​မ​ရှိ​။ ဒါဝိဒ်​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​၍ နိုင်ငံ​တော်​ကို ယခု​မှစ၍ နောင်ကာလ​အစဉ် တရားမျှတ​ခြင်း ဖြောင့်မတ်​ခြင်း​တို့​ဖြင့် တည်တံ့​ခိုင်မြဲ​စေ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို ပြု​တော်မူ​လိမ့်မည်​။
အစ္စရေးလူမျိုးကိုဆန့်ကျင်၍ လက်ကိုဆန့်ခြင်း
8ဘုရားရှင်​သည် နှုတ်ကပတ်တော်​ကို ယာကုပ်​ထံသို့ စေလွှတ်​တော်မူ​မည်​။ အစ္စရေး​လူမျိုး​အပေါ်​သို့ သက်ရောက်​စေ​တော်မူ​မည်​။ 9ဧဖရိမ်​အမျိုး​နှင့် ရှမာရိ​မြို့​၌​နေထိုင်​သော​လူ​အပေါင်း​တို့​သည် ကြားသိ​ကြ​လိမ့်မည်​။ သူ​တို့​သည် ခက်ထန်​မောက်မာ​သော​စိတ်​ဖြင့် 10“​အုတ်​များ​ပြိုလဲ​လျှင်လည်း ထုဆစ်​ထား​သော​ကျောက်​နှင့် ပြန်တည်ဆောက်​မည်​။ သင်္ဘောသဖန်းပင်​များ​ခုတ်လှဲ​ခံရ​လျှင်လည်း သစ်ကတိုးပင်​များ​နှင့် အစားထိုး​မည်​”​ဟု ဆို​ကြ​၏​။ 11ထို့ကြောင့် ထာဝရဘုရား​သည် ရေဇိန်​မင်းကြီး​၏​ရန်ဖက်​တို့​ကို​ချီးမြှောက်​တော်မူ​မည်​။ သူ​၏​ရန်သူ​တို့​ကို လှုံ့ဆော်​တော်မူ​မည်​။ 12အရှေ့ဘက်​မှ ဆီးရီးယား​လူမျိုး​၊ အနောက်ဘက်​မှ ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​ကို အငမ်းမရ​ဝါးမျို​ကြ​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။ 13သို့သော် လူမျိုး​တော်​သည် မိမိ​အား ဒဏ်ခတ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​မ​လာ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို မ​ရှာ​။ 14ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ထဲမှ ဦးခေါင်း​နှင့်​အမြီး​ကို​လည်းကောင်း​၊ စွန်ပလွံ​အကိုင်းအခက်​နှင့်​ကျူပင်​ကို​လည်းကောင်း တစ်နေ့တည်း​တွင် ခုတ်ပစ်​တော်မူ​မည်​။ 15ဦးခေါင်း​ကား သက်ကြီးဝါကြီး​နှင့်​အသရေ​ရှိ​သော​သူ​တို့​တည်း​။ အမြီး​ကား မဟုတ်မမှန်​သွန်သင်​ပေး​သော​ပရောဖက်​တို့​တည်း​။ 16လမ်းပြ​ပေး​သော​ထို​သူ​တို့​သည် လူမျိုး​တော်​ကို​လမ်းလွဲ​စေ​သော​သူ​များ​ပေတည်း​။ သူ​တို့​လမ်းပြ​ရာ​နောက်သို့​လိုက်​သော​သူ​တို့​သည် ပျက်စီး​ခြင်း​သို့​ရောက်​လိမ့်မည်​။ 17သူ​တို့​အားလုံး​သည် ဘုရားတရားမဲ့​သော​သူ​၊ ဆိုးညစ်​သော​သူ​တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​၏​နှုတ်​သည်​လည်း မိုက်မဲ​သော​စကား​ကို ပြောဆို​တတ်​ကြ​၏​။ ထို့ကြောင့် ဘုရားရှင်​သည် လူပျို​တို့​အပေါ် နှစ်သက်​တော်​မ​မူ​။ မိဘမဲ့​နှင့် မုဆိုးမ​တို့​ကို သနား​တော်​မ​မူ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။ 18အကယ်စင်စစ် ဆိုးယုတ်မှု​သည် မီး​ကဲ့သို့​လောင်ကျွမ်း​တတ်​၏​။ ချုံပင်​၊ ဆူးပင်​များ​ကို​လောင်မြိုက်​လျက်​၊ တောအုပ်​ကို​စွဲလောင်​လျက် အခိုး​တလူလူ​တက်​စေ​တတ်​၏​။ 19ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အမျက်​တော်​ကြောင့် ပြည်​သည် မီးသင့်​၍ လူ​တို့​သည် လောင်စာ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ မည်သူမျှ မိမိ​ညီအစ်ကို​ကို မ​သနား​။ 20လူ​တိုင်း​မိမိ​လက်မောင်း​အသား​ကို စား​ကြ​ရ​၏​။ လက်ယာ​ဘက်​ကို ခုတ်ဖြတ်​သော်လည်း ဆာလောင်​သေး​၏​။ လက်ဝဲ​ဘက်​ကို စား​သော်လည်း မ​ဝ​ကြ​။ 21မနာရှေ​အမျိုး​က ဧဖရိမ်​အမျိုး​ကို​၊ ဧဖရိမ်​အမျိုး​က မနာရှေ​အမျိုး​ကို ဝါးမျို​၏​။ သူ​တို့​အတူတကွ ယုဒ​အမျိုး​ကို ဆန့်ကျင်​ကြ​၏​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in