YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 7

7
အာခတ်မင်းကြီးအတွက်သတင်းစကား
1ဩဇိ​မင်းကြီး​၏​သား​တော်​ယောသံ​၊ ယောသံ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာခတ်​မင်းကြီး​၏​လက်ထက်​တွင် ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​၊ ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​တို့​သည် ဂျေရုဆလင်​မြို့​ကို ချီတက်​တိုက်ခိုက်​၏​။ သို့သော် မ​အောင်​နိုင်​ခဲ့​ပေ​။ 2“​ဆီးရီးယား​ပြည်​သည် ဧဖရိမ်​ပြည်​နှင့် မဟာမိတ်ဖွဲ့​သည်​”​ဟု ဒါဝိဒ်​အမျိုးအနွယ်​ကြားသိ​သောအခါ တော​ထဲမှ​သစ်ပင်​တို့​သည် လေတိုက်​၍​လှုပ်ခါ​သကဲ့သို့ အာခတ်​မင်းကြီး​နှင့် ပြည်သူပြည်သား​တို့​၏​စိတ်နှလုံး​သည် လှုပ်ခါ​သွား​လေ​၏​။ 3ထိုအခါ ထာဝရဘုရား​က ဟေရှာယ​အား “​သင်​သည် သင်​၏​သား​ရှာယာရှုပ်#7:3 “ကြွင်းကျန်သောသူပြန်လာလိမ့်မည်”ဟူသောအဓိပ္ပာယ်ရှိ၏။​နှင့်အတူ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​အဆုံး​၌ အာခတ်​မင်းကြီး​နှင့် သွားရောက်​တွေ့ဆုံ​၍ 4‘​သတိပြု​လျက် ငြိမ်ဝပ်​စွာ​နေ​လော့​။ မီးခိုး​ထွက်​နေ​သော​ထင်းစ​နှစ်​ခု​နှင့်တူသော ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​နှင့် ရေမလိ​၏​သား​တို့ ပြင်းစွာ​အမျက်ထွက်​သည်​ကို မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​။ 5ဆီးရီးယား​ပြည်​သည် ဧဖရိမ်​ပြည်သား​ဖြစ်​သော​ရေမလိ​၏​သား​နှင့်အတူ သင့်​ကို မကောင်း​ကြံစည်​လျက် 6ငါ​တို့​သည် ယုဒ​ပြည်​သို့​စစ်ချီ​ပြီး ထို​ပြည်​ကို တစ်စစီ​ဖြိုခွဲ​၍ ခွဲဝေ​ယူ​ကြ​စို့​။ တဗာလ​၏​သား​ကို ထို​ပြည်​၏​ရှင်ဘုရင်​အဖြစ်​တင်မြောက်​ကြ​စို့​ဟု ဆို​ကြ​၏​။ 7ဘုရားရှင်​ထာဝရဘုရား​က ထို​အကြံ​အထ​မ​မြောက်​ရ​၊ ထိုသို့​မ​ဖြစ်​ရ​။ 8အကြောင်းမူကား ဆီးရီးယား​ပြည်​၏​ဦးခေါင်း​သည် ဒမတ်စကပ်​မြို့​၊ ဒမတ်စကပ်​မြို့​၏​ဦးခေါင်း​သည် ရေဇိန်​မင်းကြီး​ဖြစ်​၏​။ ဧဖရိမ်​သည် ခြောက်ဆယ့်​ငါး​နှစ်​အတွင်း လူမျိုး​တစ်​မျိုး​အဖြစ်​မှ တစ်စစီပြိုကွဲ​သွား​ရ​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ​။ 9ဧဖရိမ်​ပြည်​၏​ဦးခေါင်း​သည် ရှမာရိ​မြို့​၊ ရှမာရိ​မြို့​၏​ဦးခေါင်း​သည် ရေမလိ​၏​သား​ဖြစ်​၏​။ သင်​တို့​၌ ယုံကြည်​ခြင်း​မ​ရှိ​လျှင် သင်​တို့​တည်မြဲ​လိမ့်မည်​မ​ဟုတ်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။
ဧမာနွေလနှင့်ပတ်သက်သော ပရောဖက်ပြုဟောပြောချက်
10တစ်ဖန် ထာဝရဘုရား​က အာခတ်​မင်းကြီး​အား 11“​သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ နိမိတ်လက္ခဏာ​ကို တောင်း​လော့​။ နက်​သော​မရဏာနိုင်ငံ​မှ​ဖြစ်စေ​၊ မြင့်​သော​အထက်​အရပ်​မှ​ဖြစ်စေ တောင်း​လော့​”​ဟု မိန့်​တော်မူ​၏​။ 12သို့သော် အာခတ်​မင်းကြီး​က “​အကျွန်ုပ်​မ​တောင်း​ပါ​။ ထာဝရဘုရား​ကို အကျွန်ုပ်​မ​စမ်းသပ်​ပါ​”​ဟု ပြန်လျှောက်​၏​။ 13ထိုအခါ ဟေရှာယ​က “​ဒါဝိဒ်​အမျိုးအနွယ်​တို့​၊ နားထောင်​လော့​။ သင်​တို့​သည် လူ​တို့​ကို​စိတ်ပင်ပန်း​စေ​သည်​မှာ နည်း​သေး​၍ ငါ​၏​ဘုရားသခင်​ကို​ပါ စိတ်ပင်ပန်း​စေ​ကြ​မည်လော​။ 14ဘုရားရှင်​ကိုယ်တော်တိုင် သင်​တို့​အား နိမိတ်လက္ခဏာ​ပေး​တော်မူ​မည်​။ ကြည့်ရှု​လော့​။ အပျိုကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်​။ ထို​သား​၏​အမည်​ကို ဧမာနွေလ#7:14 “ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု​ခေါ်​ကြ​လိမ့်မည်​။#မ 1:23။ 15သူ​သည် အဆိုး​ကို​ပယ်​၍ အကောင်း​ကို​ရွေးချယ်​တတ်​သည်​အထိ ထောပတ်​နှင့်​ပျားရည်​ကို​သာ စားသုံး​ရ​လိမ့်မည်​။ 16အကြောင်းမူကား ထို​သူငယ်​သည် အဆိုး​ကို​ပယ်​၍ အကောင်း​ကို​မ​ရွေးချယ်​တတ်​မီ သင်​တို့​ကြောက်ရွံ့​သော​ရှင်ဘုရင်​နှစ်​ပါး​၏​ပြည်​သည် စွန့်ပစ်​ခြင်း​ခံရ​လိမ့်မည်​။ 17ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​ကို သင့်​ထံသို့​လည်းကောင်း​၊ သင့်​လူမျိုး​ထံသို့​လည်းကောင်း​၊ သင့်​ဖခင်​၏​အမျိုးအနွယ်​ထံသို့​လည်းကောင်း ခေါ်ဆောင်​လာ​တော်မူ​မည်​ဖြစ်၍ ယုဒ​အမျိုး​ထံမှ ဧဖရိမ်​အမျိုး​ထွက်သွား​သော​နေ့​မှစ၍ မ​ကြုံ​ဖူး​သော​နေ့ရက်​များ​ကို သင်​တို့​ကြုံ​ရ​လိမ့်မည်​။ 18ထို​နေ့ရက်​၌ ထာဝရဘုရား​သည် အီဂျစ်​ပြည်​ရှိ​နိုင်း​မြစ်​ဖျား​မှ​ယင်ကောင်​များ​ကို​လည်းကောင်း​၊ အဆီးရီးယား​ပြည်​မှ​ပျား​များ​ကို​လည်းကောင်း လေချွန်​၍​ခေါ်​တော်မူ​မည်​။ 19ထို​အကောင်​အားလုံး​သည် လူသူကင်းမဲ့​သော​ချိုင့်ဝှမ်း​၊ ကျောက်​ကြား​၊ ဆူးချုံ​၊ စားကျက်#7:19 သို့မဟုတ် “စမ်းရေ”။ ရှိသမျှ​တို့​၌ စွဲ​နေ​ကြ​လိမ့်မည်​။ 20ထို​နေ့ရက်​၌ ဘုရားရှင်​သည် ယူဖရေးတီး​မြစ်#7:20 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​တစ်ဖက်​မှ အဆီးရီးယား​ဘုရင်​တည်းဟူသော သင်တုန်းဓား​ကို​ငှား​၍ ခေါင်း​နှင့်​ခြေ​မွေး​ကို ရိတ်​တော်မူ​လိမ့်မည်​။ မုတ်ဆိတ်​ကို​လည်း သုတ်သင်​တော်မူ​လိမ့်မည်​။ 21ထို​နေ့ရက်​၌ လူ​တစ်​ဦး​သည် နွားမတမ်း​တစ်​ကောင်​နှင့် သိုး​နှစ်​ကောင်​ကို​မွေးမြူ​လျှင်ပင် 22နို့​များစွာ​ထွက်​သဖြင့် သူ​သည် ထောပတ်​ကို​စား​ရ​လိမ့်မည်​။ အကယ်စင်စစ် ထို​ပြည်​၌ ကြွင်းကျန်​သော​သူ​အပေါင်း​တို့​သည် ထောပတ်​နှင့်​ပျားရည်​ကို စား​ရ​ကြ​လိမ့်မည်​။ 23ထို​နေ့ရက်​၌ စပျစ်ပင်​တစ်ထောင်​ပါရှိ​သော တစ်ထောင်​တန်​စပျစ်ခြံ​တိုင်း​သည် ချုံတော​၊ ဆူးတော​များ​ဖြစ်သွား​လိမ့်မည်​။ 24မြေ​တစ်ပြင်လုံး ချုံတော​၊ ဆူးတော ဖြစ်သွား​သောကြောင့် လူ​တို့​သည် ထို​နေရာ​သို့​သွား​လျှင် လေး​၊ မြား ဆောင်​လျက် သွား​ရ​လိမ့်မည်​။ 25ပေါက်တူး​ဖြင့်​တူးဆွ​ခဲ့​သော တောင်ယာ​ရှိသမျှ​တို့​သည် ဆူးတော​၊ ချုံတော​များ​သာ ဖြစ်သွား​သောကြောင့် ထို​နေရာ​သို့ သင်​သွားဝံ့​မည်​မ​ဟုတ်​။ ထို​နေရာ​သည် နွား​လွှတ်ရာ​၊ သိုး​များ​သွားလာ​ရာ​နေရာ ဖြစ်သွား​လိမ့်မည်​”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in