YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 59

59
အပြစ်တရားနှင့် ရွေးနုတ်ကယ်တင်ခြင်း
1ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​လက်​တော်​သည် မ​ကယ်တင်​နိုင်​အောင် တို​သည်​မ​ဟုတ်​။ နား​တော်​သည်​လည်း မ​ကြား​နိုင်​အောင် ထိုင်း​သည်​မ​ဟုတ်​။ 2သင်​တို့​၏​ဒုစရိုက်​များ​က​သာ သင်​တို့​ကို ဘုရားသခင်​နှင့် ကွဲကွာ​စေ​၏​။ သင်​တို့​အပြစ်​များ​က​သာ မျက်နှာ​တော်​ကို သင်​တို့​ထံမှ​လွှဲ​စေ​၍ သင်​တို့​စကား​ကို​ကြား​တော်​မ​မူ​ခြင်း​ဖြစ်​၏​။ 3သင်​တို့​လက်​သည် သွေး​နှင့်​လည်းကောင်း​၊ သင်​တို့​လက်ချောင်း​သည် ဒုစရိုက်​နှင့်​လည်းကောင်း ညစ်ညူး​၏​။ သင်​တို့​၏​နှုတ်​သည် မုသား​ကို​ပြောဆို​၍ သင်​တို့​၏​လျှာ​မှ ကောက်ကျစ်​သော​စကား​ထွက်​၏​။ 4တရားမျှတမှု​ကို​တောင်းလျှောက်​သော​သူ​မ​ရှိ​။ သစ္စာ​ဖြင့် တရားစီရင်​သော​သူ​မ​ရှိ​။ အချည်းနှီး​သော​အရာ​ကို​ယုံကြည်ကိုးစား​၍ မုသား​ကို​ပြောဆို​ကြ​၏​။ အခက်အခဲ​ပြဿနာ​ကို​ကိုယ်ဝန်ဆောင်​၍ အပြစ်ဒုစရိုက်​ကို​မွေးဖွား​၏​။ 5သူ​တို့​သည် မြွေပွေး​ဥ​များ​ကို​ပေါက်​စေ​၏​။ ပင့်ကူ​အိမ်​များ​ကို​ရက်​ကြ​၏​။ မြွေပွေး​ဥ​များ​ကို​စား​သော​သူ​သည် သေ​တတ်​၏​။ ဥ​ကို​ခွဲ​လျှင် အဆိပ်ပြင်း​သော​မြွေပွေး​ပေါက်​တတ်​၏​။ 6သူ​တို့​ရက်​သော​ပင့်ကူအိမ်​သည် အဝတ်​ဖြစ်​မ​လာ​နိုင်​။ သူ​တို့​လုပ်​သော ထို​အရာ​များ​ဖြင့် သူတို့ကိုယ်သူတို့ မ​ဖုံးအုပ်​နိုင်​။ သူ​တို့​ပြု​သော​အမှု​သည် ဒုစရိုက်​အမှု​ဖြစ်​၏​။ သူ​တို့​လက်​၌ ရက်စက်ကြမ်းကြုတ်​သော​လုပ်ရပ်​ရှိ​၏​။ 7သူ​တို့​ခြေ​သည် မကောင်းမှု​ရှိ​ရာ​သို့ ပြေးသွား​တတ်​၏​။ သူ​တို့​သည် အပြစ်မဲ့​သော​သူ​အား သတ်ဖြတ်​ရန် လျင်မြန်​၏​။ သူ​တို့​၏​အကြံ​သည် မကောင်း​သော​အကြံ​ဖြစ်​၏​။ သူ​တို့​သွား​ရာ​လမ်း​၌ ပျက်စီး​ပြိုပျက်​ခြင်း​ရှိ​၏​။#သု 1:16၊ ရော 3:15။ 8ငြိမ်းချမ်း​ရာ​လမ်း​ကို သူ​တို့​မ​သိ​ကြ​။ သူ​တို့​လျှောက်ရာလမ်း​၌ တရားမျှတမှု​မ​ရှိ​။ မိမိ​တို့​သွား​ရာ​လမ်း​ကို ကွေ့ကောက်​စေ​ကြ​၏​။ ကွေ့ကောက်သောလမ်း​ကို​လျှောက်​သော​သူ​အပေါင်း​တို့​သည် ငြိမ်းချမ်း​ခြင်း​ဆို​သည်​ကို မ​သိ​ကြ​။#ရော 3:17။ 9ထို့ကြောင့် တရားမျှတမှု​သည် ငါ​တို့​နှင့်​ဝေး​၏​။ ဖြောင့်မတ်​ခြင်း​သည် ငါ​တို့​ကို​မ​မီ​။ ငါ​တို့​သည် အလင်း​ကို​စောင့်မျှော်​သော်လည်း အမှောင်​သာ​တွေ့​၏​။ တောက်ပ​သော​အလင်း​ကို​စောင့်မျှော်​သော်လည်း မှောင်မိုက်​ထဲ၌​သာ လျှောက်​ရ​၏​။ 10ငါ​တို့​သည် မျက်မမြင်​ကဲ့သို့ နံရံ​ကို​လိုက်စမ်း​ရ​၏​။ မျက်စိ​မ​ပါ​သော​သူ​ကဲ့သို့ လိုက်စမ်း​ရ​၏​။ မှောင်ရီပျိုး​ချိန်​၌ ခလုတ်တိုက်​သကဲ့သို့ မွန်းတည့်ချိန်​မှာပင် ခလုတ်တိုက်​ကြ​၏​။ သန်မာ​သော​သူ​များ​ကြား​၌ လူသေ​ကဲ့သို့​ဖြစ်​ကြ​၏​။ 11ငါ​တို့​ရှိသမျှ​သည် ဝက်ဝံ​ကဲ့သို့​မာန်ဖီ​၍ ခိုငှက်​ကဲ့သို့ အလွန်​ညည်း​ကြ​၏​။ တရားမျှတမှု​ကို​စောင့်မျှော်​သော်လည်း မ​ရ​နိုင်​။ ကယ်တင်​ခြင်း​ကို​စောင့်မျှော်​သော်လည်း ငါ​တို့​နှင့်​ဝေးလှ​၏​။ 12အကြောင်းမူကား ငါ​တို့​ကျူးလွန်​သော​အပြစ်​သည် ရှေ့​တော်​၌​များပြား​လှ​၏​။ ငါ​တို့​၏​အပြစ်​များ​သည် ငါ​တို့​အကြောင်း သက်သေထွက်ဆို​၏​။ ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​သည် ငါ​တို့​နှင့်အတူ​ရှိ​၍ ငါ​တို့​၏​ဒုစရိုက်​များ​ကို ငါ​တို့​သိ​ကြ​၏​။ 13ထာဝရဘုရား​ကို​ပြစ်မှား​ကြ​၏​။ ငြင်းပယ်​ကြ​၏​။ ဘုရားသခင်​နောက်​တော်​သို့​လိုက်​ခြင်း​မှ ပြန်ဆုတ်​သွား​ကြ​၏​။ ဖိနှိပ်ချုပ်ချယ်​ခြင်း​၊ ဆန့်ကျင်​ပုန်ကန်​ခြင်း​အကြောင်း​ကို ပြောဆို​ကြ​၏​။ စိတ်နှလုံး​ထဲ၌​သန္ဓေတည်​နေ​သော မုသား​စကား​ကို မြွက်ဆို​ကြ​၏​။ 14ထို့ကြောင့် တရားမျှတမှု​သည် နောက်​သို့​ပြန်ဆုတ်​သွား​၍ ဖြောင့်မတ်​ခြင်း​သည် အဝေး​၌​ရပ်​နေ​၏​။ သစ္စာတရား​သည်​လည်း လမ်း​၌​ခလုတ်တိုက်​လဲကျ​၍ မှန်ကန်​ခြင်း​သဘော​သည်​လည်း ဝင်ရောက်​မ​လာ​နိုင်​။ 15သစ္စာ​သည် ပျောက်ဆုံး​သွား​လေ​ပြီ​။ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​သည် လုယက်​ခြင်း​ခံရ​ပါ​သည်​တကား​။ ထို​အမှု​ကို ထာဝရဘုရား​မြင်​တော်မူ​၍ တရားမျှတမှု​မ​ရှိ​သောကြောင့် နှစ်မြို့​တော်​မ​မူ​။ 16ကိုယ်တော်​သည် ကြားဝင်စေ့စပ်​သော​သူ​တစ်ဦးတစ်ယောက်​မျှ​မ​ရှိ​ကြောင်း​ကို မြင်​၍ အံ့ဩ​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​လက်ရုံး​တော်​သည် ကယ်တင်​ခြင်း​အမှု​ကို​ပြု​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် ကိုယ်တော့်​ကို​ထောက်မ​ပေး​၏​။ 17ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​ရင်အုပ်တန်ဆာ​ကဲ့သို့ ဝတ်ဆင်​တော်မူ​၏​။ ခေါင်း​ပေါ်၌ ကယ်တင်​ခြင်း​သံခမောက်​ကို ဆောင်း​တော်မူ​၏​။ လက်စားချေ​ခြင်း​ဝတ်ရုံ​ကို​ဝတ်ဆင်​၍ စိတ်အားထက်သန်​ခြင်း​ဝတ်လုံ​ကို လွှမ်းခြုံ​တော်မူ​၏​။ 18သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ ရန်ပြု​သော​သူ​တို့​အား အမျက်​တော်​ကို​လည်းကောင်း​၊ ရန်သူ​တို့​အား အကျိုးအပြစ်​ကို​လည်းကောင်း ပေးဆပ်​တော်မူ​မည်​။ ကမ်းရိုးတန်းဒေသ​တို့​အား အကျိုးအပြစ်​ကို ပေးဆပ်​တော်မူ​မည်​။ 19ထို့ကြောင့် သူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို အနောက်​အရပ်​မှ​လည်းကောင်း​၊ ဘုန်းအသရေ​တော်​ကို နေထွက်​ရာ​အရပ်​မှ​လည်းကောင်း ကြောက်ရွံ့​ကြ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​၏​ထွက်သက်လေ​မှုတ်ထုတ်​တော်မူ​၍ အရှိန်အဟုန်​နှင့်​စီးဆင်း​သော​မြစ်ရေ​ကဲ့သို့ ကိုယ်တော်​ကြွလာ​တော်မူ​မည်​။ 20ထာဝရဘုရား​က “​ရွေးနုတ်​တော်မူ​သော​အရှင်​သည် ဇိအုန်​တောင်​သို့​ကြွလာ​တော်မူ​မည်​။ အပြစ်​ကျူးလွန်​ရာ​မှ နောင်တရ​သော​ယာကုပ်​အမျိုးအနွယ်​တို့​ထံသို့ ကြွလာ​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။
21ထာဝရဘုရား​က “​ဤသည်ကား သူ​တို့​နှင့်​ပြု​သော ငါ​၏​ပဋိညာဉ်​ဖြစ်​၏​။ သင်​၌​တည်​နေ​သော​ငါ​၏​ဝိညာဉ်​တော်​၊ သင့်​နှုတ်​၌​ငါ​ထား​သော ငါ​၏​နှုတ်ကပတ်တော်​သည် သင့်​နှုတ်​မှ​လည်းကောင်း​၊ သင့်​သားစဉ်မြေးဆက်​၏​နှုတ်​မှ​လည်းကောင်း​၊ သင့်​သားစဉ်မြေးဆက်​အဆက်ဆက်​၏​နှုတ်​မှ​လည်းကောင်း ယခု​မှစ၍ ကာလ​အစဉ်အဆက် တည်ရှိ​မည်​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 59