YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 55

55
ထာဝရဘုရားထံ တိုးဝင်ကြ
1အို ရေငတ်​သော​သူ​အပေါင်း​တို့​၊ ရေ​ရှိ​ရာ​သို့​လာ​ကြ​လော့​။ မိမိ​၌​ငွေ​မ​ရှိ​သော​သူ​တို့​၊ လာ​ကြ​။ ဝယ်​၍​စား​ကြ​လော့​။ ငွေ​မ​ပါ​ဘဲ​၊ အဖိုးအခ​မ​ပေး​ဘဲ စပျစ်ဝိုင်​၊ နို့​တို့​ကို လာ​၍​ဝယ်​ကြ​လော့​။#ဗျာ 22:17။ 2အစားအစာ​မ​ဟုတ်​သော​အရာ​အတွက် သင်​တို့​ငွေ​ကို​လည်းကောင်း​၊ ရောင့်ရဲမှု​မ​ပေး​သော​အရာ​အတွက် သင်​တို့​ချွေးနှဲစာ​ကို​လည်းကောင်း အဘယ်ကြောင့် သင်​တို့​အသုံးပြု​ကြ​သနည်း​။ ငါ့​စကား​ကို စေ့စေ့​နားထောင်​လော့​။ ကောင်း​သော​အစားအစာ​ကို စား​ကြ​လော့​။ သင်​တို့​၏​စိတ်ဝိညာဉ်​သည် အဆီအနှစ်​နှင့်​ပြည့်​သော​အစာ​နှင့် ဝအီ​လိမ့်မည်​။ 3ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ငါ့​ထံသို့​လာ​ကြ​လော့​။ သင်​တို့​၏​စိတ်ဝိညာဉ် အသက်ရှင်​မည့်​အကြောင်း နားထောင်​ကြ​လော့​။ ဒါဝိဒ်​အပေါ်​ထားရှိ​သော မြဲမြံ​သည့်​မေတ္တာကရုဏာ​နှင့်အညီ ထာဝရ​ပဋိညာဉ်​ကို သင်​တို့​နှင့်​ငါ​ပြု​မည်​။#တ 13:34။ 4ငါ​သည် သူ့​ကို​လူမျိုးတကာ​တို့​အတွက်​သက်သေ​၊ လူမျိုးတကာ​တို့​အတွက် အုပ်ချုပ်သူမင်း​၊ တရားမင်း​ဖြစ်​စေ​မည်​။ 5သင်​မ​သိ​သော​လူမျိုး​ကို သင်​ဆင့်ခေါ်​ရ​မည်​။ သင့်​ကို​မ​သိ​သော​လူမျိုး​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကြောင့် သင့်​ထံသို့​ပြေးလာ​ကြ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် သင်​၏​ဘုန်း​ကို ထင်ရှား​စေ​တော်မူ​ပြီ​။ 6တွေ့​နိုင်​သည့်​ကာလ​တွင် ထာဝရဘုရား​ကို​ရှာ​ကြ​လော့​။ အနီး​၌​ရှိ​တော်မူ​သည့်​ကာလ​တွင် ကိုယ်တော့်​ကို ခေါ်ဆို​ပတ္ထနာပြု​ကြ​လော့​။ 7ဆိုးယုတ်​သော​သူ​သည် မိမိ​လမ်း​ကို​လည်းကောင်း​၊ အပြစ်ဒုစရိုက်​ပြု​သော​သူ​သည် မိမိ​အကြံအစည်​တို့​ကို​လည်းကောင်း စွန့်ပစ်​၍ ထာဝရဘုရား​ထံ​တော်​သို့ ပြန်လှည့်​လာ​ပါစေ​။ သို့ပြုလျှင် ကိုယ်တော်​သည် သူ့​ကို သနား​တော်မူ​မည်​။ ငါ​တို့​၏​ဘုရားသခင်​ထံ​တော်​သို့ ပြန်လှည့်​လာ​ပါစေ​။ အကြွင်းမဲ့​ခွင့်လွှတ်​တော်မူ​မည်​။ 8ထာဝရဘုရား​က “​ငါ​၏​အကြံအစည်​သည် သင်​တို့​၏​အကြံအစည်​နှင့်​မ​တူ​။ ငါ​၏​နည်းလမ်း​သည်​လည်း သင်​တို့​၏​နည်းလမ်း​နှင့်​မ​တူ​။ 9မိုးကောင်းကင်​သည် ကမ္ဘာမြေကြီး​ထက်​သာ၍​မြင့်​သကဲ့သို့ ငါ​၏​နည်းလမ်း​သည် သင်​တို့​၏​နည်းလမ်း​ထက်​၊ ငါ​၏​အကြံအစည်​သည် သင်​တို့​၏​အကြံအစည်​ထက် သာ၍​မြင့်​၏​။ 10မိုးရေ​နှင့်​နှင်းပွင့်​တို့​သည် မိုးကောင်းကင်​မှ​ကျလာ​ပြီး မိုးကောင်းကင်​သို့​ပြန်​မ​တက်​ဘဲ မြေ​ကို​စိုစွတ်​စေ​လျက်​၊ အပင်ပေါက်​စေ​လျက်​၊ သီးပွင့်​စေ​လျက် မျိုးကြဲ​သော​သူ​အတွက် မျိုးစေ့​၊ စား​သော​သူ​အတွက် အစားအစာ​ကို ပေး​သကဲ့သို့ 11ငါ့​နှုတ်​မှ​ထွက်​သော​စကား​သည်​လည်း ထိုနည်းတူ​ဖြစ်​မည်​။ ငါ့​ထံသို့​အချည်းနှီး ပြန်လာ​မည်​မ​ဟုတ်​။ ငါ့​အလို​ကို ပြည့်စုံ​စေ​မည်​။ ငါ​စေခိုင်း​သော​အမှု​ကို အောင်မြင်​စေ​မည်​။ 12သင်​တို့​သည် ဝမ်းမြောက်​စွာ​ထွက်ခွာ​လာ​၍ ငြိမ်းချမ်း​စွာ​ပို့ဆောင်​ခြင်း​ခံရ​မည်​။ တောင်ကြီး​၊ တောင်ငယ်​တို့​သည် သင်​တို့​ရှေ့​၌ ဝမ်းမြောက်​စွာ​သီချင်း​ဟစ်ကြော်​သီဆို​ကြ​လိမ့်မည်​။ တော​၌​ရှိ​သော​အပင်​အားလုံး​တို့​သည် လက်ခုပ်တီး​ကြ​လိမ့်မည်​။ 13ဆူးချုံ​အစား ထင်းရှူးပင်​ပေါက်​၍ နှင်းဆီရိုင်းပင်​အစား မုရတုပင် ပေါက်​လိမ့်မည်​။ ဤ​အမှု​သည် ထာဝရဘုရား​အတွက်​အထိမ်းအမှတ်​၊ ဖျက်ဆီး​၍​မ​ရ​သော ထာဝရ​အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 55