YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 47

47
ဘေဘီလုံပြည်ကျဆုံးခြင်း
1အို ဘေဘီလုံ​သမီး​ပျို​၊ မြေမှုန့်​ပေါ်တွင် ဆင်း​ထိုင်​လော့​။ အို ခါလဒဲ​သမီး​၊ ရာဇပလ္လင်​ပေါ်​မ​ဟုတ်​၊ မြေကြီး​ပေါ်တွင် ထိုင်​လော့​။ သင့်​ကို နူးညံ့​သိမ်မွေ့​သော​သူ​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။ 2ကြိတ်ဆုံ​ကို​ယူ​၍ မုန့်ညက်​ကြိတ်​လော့​။ သင်​၏​မျက်နှာလွှား​ကို ဖယ်​လော့​။ ဝတ်ရုံ​ကို ချွတ်​လော့​။ အဝတ်​ကို ပေါင်​အထိ​ပင့်​၍ မြစ်​ကို​ကူး​လော့​။ 3သင်​၏​အရှက် ပေါ်​လိမ့်မည်​။ မမြင်အပ်သောအရာ​ကို မြင်​ကြ​လိမ့်မည်​။ ငါ​သည် လက်စားချေ​မည်​။ မည်သူ့​ကို​မျှ ချမ်းသာ​ပေး​မည်​မ​ဟုတ်​။ 4ငါ​တို့​ကို ရွေးနုတ်​သော​အရှင်​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဖြစ်​တော်မူ​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ 5အို ခါလဒဲ​သမီး​၊ တိတ်ဆိတ်​စွာ ထိုင်​လော့​။ အမှောင်​ထဲသို့ သွား​လော့​။ သင့်​ကို တိုင်းနိုင်ငံ​တို့​၏​ဘုရင်မ​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။ 6ငါ​၏​လူမျိုး​တော်​ကို ငါ​အမျက်ထွက်​၏​။ ငါ​၏​အမွေခံ​ကို ငါ​ရှုတ်ချ​၍ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​လိုက်​၏​။ သို့သော် သင်​သည် သူ​တို့​ကို သနားစုံမက်​ခြင်း​မ​ရှိ​။ အသက်ကြီး​သူ​တို့​ကို​ပင် အလွန်​လေးလံ​သော​ထမ်းပိုး​ကို ထမ်း​စေ​၏​။ 7သင်​က “​ငါ​သည် သခင်မ ထာဝစဉ်​ဖြစ်​နေ​မည်​”​ဟု ဆို​လျက် ဤ​အရာ​တို့​ကို​နှလုံး​မ​သွင်း​၊ အဆုံး​ကို​လည်း မ​အောက်မေ့​။ 8“​ငါ​တစ်ပါးတည်း ရှိ​၏​။ ငါ​မှတစ်ပါး အခြားသူ​မ​ရှိ​။ ငါ​သည် မုဆိုးမ​ဖြစ်​မည်​မ​ဟုတ်​။ သားသမီး​ဆုံးရှုံး​ခြင်း​ကို ငါ​ခံစား​ရ​မည်​မ​ဟုတ်​”​ဟု ကိုယ့်​စိတ်​ထဲ၌​ပြောဆို​၍ စိတ်အေးလက်အေး​နေထိုင်​ပြီး ကာမဂုဏ်ခံစား​နေ​သော​သူ​၊ ယခု ဤ​အရာ​ကို နားထောင်​လော့​။ 9သင်​သည် မှော်အတတ်​မည်မျှပင်​တတ်​သော်လည်း​၊ သင်​၏​ဂါထာမန္တန်​မည်မျှပင်​စွမ်း​သော်လည်း သားသမီး​ဆုံးရှုံး​ခြင်း​၊ မုဆိုးမ​ဖြစ်​ခြင်း နှစ်မျိုးလုံး​သည် တစ်နေ့တည်း တစ်ခဏချင်း​တွင် သင့်​ထံ​ရောက်လာ​မည်​။ မလွဲမသွေ​ရောက်လာ​မည်​။ 10သင်​သည် မကောင်း​သော​အတတ်ပညာ​ကို ယုံကြည်ကိုးစား​၏​။ “​ငါ့​ကို မည်သူ​မျှ​မ​မြင်​”​ဟု​သင်​ဆို​၏​။ သင်​၏​ဉာဏ်ပညာ​၊ သင်​၏​အသိပညာ​သည် သင့်​ကို​လမ်းလွဲ​စေ​သဖြင့် သင်​က “​ငါ​တစ်ပါးတည်း ရှိ​၏​။ ငါ​မှတစ်ပါး အခြားသူ​မ​ရှိ​”​ဟု သင့်​စိတ်​ထဲ၌​ပြောဆို​၏​။ 11ထို့ကြောင့် ဘေးအန္တရာယ်​သည် သင့်​အပေါ်​သက်ရောက်​မည်​။ ထို​ဘေးအန္တရာယ်​ကို ကာကွယ်​ပေး​မည့်​ဂါထာ​ကို သင်​သိ​မည်​မ​ဟုတ်​။ ဘေးဒုက္ခ​သည် သင့်​အပေါ်​ကျရောက်​မည်​။ သင်​တားဆီး​နိုင်​မည်​မ​ဟုတ်​။ သင်​မ​သိ​လိုက်​မီ​မှာပင် ဖျက်ဆီး​ခြင်း​ဘေး​သည် သင့်​အပေါ် ရုတ်တရက်​သက်ရောက်​မည်​။ 12သင်​ငယ်စဉ်​ကတည်းက လေ့လာလိုက်စား​ခဲ့​သော ဂါထာမန္တန်​နှင့် မှော်အတတ်​အမျိုးမျိုး​တို့​ကို ဆက်၍​လိုက်စား​လော့​။ အကျိုး​ရှိ​ကောင်း​ရှိ​လိမ့်မည်​။ ဖျက်ဆီး​ခြင်း​ဘေး​ကို ခြောက်လှန့်​နိုင်​ကောင်း​ခြောက်လှန့်​နိုင်​လိမ့်မည်​။ 13သင့်​ကို​ပေး​သော​အကြံဉာဏ်​များစွာ​တို့​ကြောင့် သင်​စိတ်ပင်ပန်း​လှ​ပြီ​။ မိုးကောင်းကင်​၊ ကြယ်နက္ခတ်​တို့​ကို​ကြည့်ရှု​ပြီး နက္ခတ်ဗေဒပညာ​ဖြင့် သင်​၌​ဖြစ်လာ​မည့်​အရာ​ကို လ​စဉ် ဟောကိန်း​ထုတ်​သော​သူ​များ​သည် ယခု သင့်​ကို ထ​၍​ကယ်တင်​ကြ​ပါစေ​။ 14ကြည့်ရှု​လော့​။ သူ​တို့​သည် ရိုးပြတ်​ကဲ့သို့​ဖြစ်​၍ မီး​လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ မီးတောက်မီးလျှံ​မှ မိမိကိုယ်မိမိ မ​ကယ်​နိုင်​ကြ​။ အနွေးဓာတ်​ရ​ဖို့​မီးခဲ​၊ ထိုင်လှုံစရာ​မီး​အဖြစ်​ပင် ကျန်​မည်​မ​ဟုတ်​။ 15သင့်​အတွက် ကြိုးစားအားထုတ်​လုပ်ဆောင်​ပေး​ခဲ့​သူ​၊ သင်​ငယ်စဉ်​ကတည်းက သင်​နှင့်​ရောင်းဝယ်ဖောက်ကား​ခဲ့​သူ​တို့​သည် ထိုသို့​ဖြစ်​လိမ့်မည်​။ သူ​တို့​သည် အသီးသီး ခြေဦးတည့်ရာ​သို့ လှည့်လည်သွားလာ​ရ​ကြ​၍ သင့်​ကို​ကယ်တင်​နိုင်​မည်​မ​ဟုတ်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 47