ဟေရှာယအနာဂတ္တိကျမ်း 35
35
ဖမ်းခေါ်သွားခြင်းခံရသူတို့ ဇိအုန်မြို့သို့ပြန်လာခွင့်ရခြင်း
1တောကန္တာရနှင့်ခြောက်သွေ့သောအရပ်သည် ရွှင်မြူးကြလိမ့်မည်။ သဲကန္တာရသည် ရွှင်လန်း၍ နှင်းဆီပန်းကဲ့သို့ ဖူးပွင့်လိမ့်မည်။ 2ဝေဝေဆာဆာဖူးပွင့်၍ ဝမ်းမြောက်ပျော်ရွှင်စွာ သီချင်းဆိုလိမ့်မည်။ လက်ဘနွန်တောင်၏ဘုန်းအသရေ၊ ကရမေလတောင်နှင့် ရှာရုန်လွင်ပြင်တို့၏ခန့်ညားထည်ဝါမှုကို ရရှိလိမ့်မည်။ ထာဝရဘုရား၏ဘုန်းအသရေ၊ ငါတို့ဘုရားသခင်၏ခန့်ညားထည်ဝါမှုကို မြင်ရလိမ့်မည်။ 3အားနည်းသောလက်တို့ကို ခိုင်ခံ့စေကြလော့။ ချည့်နဲ့သောဒူးတို့ကို သန်မာစေကြလော့။ 4စိတ်အားငယ်သောသူတို့အား “အားယူကြလော့။ မကြောက်ကြနှင့်။ ကြည့်ရှုလော့။ သင်တို့၏ဘုရားသခင်သည် လက်စားချေရန် ကြွလာမည်။ အကျိုးအပြစ်ပေးရန် ကြွလာမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူမည်”ဟု ဆိုကြလော့။ 5ထိုအခါ မျက်မမြင်သူတို့သည် မျက်စိမြင်ကြလိမ့်မည်။ နားမကြားသူတို့သည် နားကြားကြလိမ့်မည်။ 6ခြေမသန်သူတို့သည် သမင်ကဲ့သို့ခုန်ပေါက်ကြလိမ့်မည်။ ဆွံ့အသောလျှာသည် ရွှင်လန်းစွာသီချင်းဆိုလိမ့်မည်။ တောကန္တာရ၌ရေပန်းထွက်၍ သဲကန္တာရ၌စမ်းချောင်းစီးလိမ့်မည်။ 7ခြစ်ခြစ်တောက်ပူသောသဲမြေသည် ရေအိုင်ဖြစ်လိမ့်မည်။ ခြောက်ကပ်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ ခွေးအတို့ကျက်စားရာနေရာ၊ လဲလျောင်းရာနေရာ၌ မြက်ပင်နှင့်အတူ ကျူပင်နှင့်ကျူပင်ကြီးတို့ ပေါက်လိမ့်မည်။ 8ထိုအရပ်၌ လမ်းမကြီးတစ်လမ်းရှိ၏။ ထိုလမ်းကို သန့်ရှင်းသောလမ်းဟု ခေါ်ဝေါ်ကြလိမ့်မည်။ ထိုလမ်း၌ မစင်ကြယ်သောသူ သွားလာရမည်မဟုတ်။ ထိုလမ်းသည် ထိုလမ်းပေါ် လျှောက်မည့်သူတို့အတွက်သာဖြစ်၏။ ဆိုးမိုက်ခဲ့သောသူတို့ပင် ထိုလမ်းပေါ်ရောက်လျှင် လမ်းလွဲကြတော့မည်မဟုတ်။ 9ထိုလမ်း၌ ခြင်္သေ့မရှိ။ ကြမ်းကြုတ်သော တောရိုင်းတိရစ္ဆာန် တစ်ကောင်မျှ ထိုလမ်းပေါ်သို့ မတက်လာ။ မည်သည့်တိရစ္ဆာန်ကိုမျှ မတွေ့ရ။ ရွေးနုတ်ခံရသောသူတို့သာ ထိုလမ်း၌ သွားလာကြလိမ့်မည်။ 10ထာဝရဘုရား ရွေးနုတ်ကယ်တင်တော်မူသောသူတို့သည် ပြန်လာကြမည်။ သီချင်းဆိုလျက် ဇိအုန်မြို့ထဲသို့ ဝင်လာကြမည်။ သူတို့၏ခေါင်းပေါ်၌ ဝမ်းမြောက်ခြင်းသရဖူကို အစဉ်အမြဲဆောင်းကြရမည်။ ဝမ်းနည်းခြင်း၊ ညည်းတွားခြင်းသည် ထွက်ပြေးသွား၍ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်းကို ရရှိကြမည်။
Currently Selected:
ဟေရှာယအနာဂတ္တိကျမ်း 35: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative