ဟေရှာယအနာဂတ္တိကျမ်း 34
34
လူမျိုးတကာတို့ကို စီရင်တော်မူခြင်း
1အို တိုင်းနိုင်ငံတို့၊ ချဉ်းကပ်၍ နားထောင်ကြလော့။ အို လူမျိုးတို့၊ အာရုံစိုက်နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီးပေါ်ရှိသမျှတို့ ကြားကြပါစေ။ ကမ္ဘာလောကနှင့် ကမ္ဘာလောကထဲ၌ ရှိသမျှတို့ကြားကြပါစေ။ 2အကယ်စင်စစ် ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို အမျက်ထွက်တော်မူ၍ အမျက်တော်သည် သူတို့၏စစ်သည်ဗိုလ်ပါအားလုံးအပေါ် သက်ရောက်လေပြီ။ ကိုယ်တော်သည် သူတို့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ သူတို့ကို သတ်ဖြတ်သူလက်သို့ အပ်တော်မူမည်။ 3သူတို့ထဲမှ အသတ်ခံရသူတို့ကို အပြင်သို့ပစ်လိုက်၍ သူတို့အလောင်းများမှ အပုပ်နံ့များထွက်လာမည်။ တောင်များပေါ်၌ သွေးချောင်းစီးမည်။ 4ကောင်းကင်တန်ဆာတို့သည် ပျက်စီးပျောက်ကွယ်သွား၍ ကောင်းကင်သည် စာလိပ်ကဲ့သို့လိပ်သွားမည်။ ကောင်းကင်တန်ဆာတို့သည် စပျစ်ပင်မှ အရွက်ကြွေကျသကဲ့သို့၊ သဖန်းပင်မှ အရွက်ကြွေကျသကဲ့သို့ ကြွေကျကြလိမ့်မည်။
ဧဒုံပြည်ကို စီရင်တော်မူခြင်း
5ကောင်းကင်၌ ငါ့ဓားသည် ကျေနပ်အားရစွာစီရင်ပြီးမှ ကြည့်ရှုလော့။ ဧဒုံပြည်အပေါ်၊ ငါကျိန်သောလူမျိုးအပေါ် တရားစီရင်ရန်ဆင်းလာမည်။ 6ထာဝရဘုရား၏ဓားတော်သည် သွေးနှင့်ဝပြီ၊ အဆီနှင့်အီပြီ။ သိုးသငယ်နှင့်ဆိတ်ထီးတို့၏သွေး၊ သိုးထီးတို့၏ကျောက်ကပ်အဆီတို့နှင့် ဝအီလေပြီ။ အကြောင်းမူကား ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပူဇော်ပွဲ၊ ဧဒုံပြည်၌ ကြီးမားသောသားသတ်ပွဲ ကျင်းပတော်မူပြီ။ 7နွားရိုင်းတို့သည် ပြည်သားတို့နှင့်အတူ၊ နွားထီးပျိုတို့သည် နွားလားတို့နှင့်အတူ လဲကျကြလိမ့်မည်။ သူတို့၏မြေသည် သွေးနှင့်ဝ၍ သူတို့၏မြေမှုန့်သည် အဆီနှင့်အီလိမ့်မည်။ 8ထာဝရဘုရား၌ လက်စားချေရာနေ့၊ ဇိအုန်မြို့ကို ရန်ပြုသောသူကို ဒဏ်ပေးသောနှစ် ရှိ၏။ 9ဧဒုံပြည်၏ချောင်းတို့သည် ကတ္တရာစေးအဖြစ်သို့ ပြောင်းသွားလိမ့်မည်၊ မြေမှုန့်သည် ကန့်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ ထိုပြည်သည် လောင်ကျွမ်းနေသောကတ္တရာစေး ဖြစ်သွားလိမ့်မည်။ 10နေ့ညမပြတ် မီးငြိမ်းလိမ့်မည်မဟုတ်။ မီးခိုးသည် အစဉ်အမြဲတက်လိမ့်မည်။ ထိုပြည်သည် မျိုးဆက်အဆက်ဆက် တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ထိုပြည်ကို ကာလအစဉ်အဆက် မည်သူမျှ ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။#ဗျာ 14:11။ 11ငှက်ကြီးဝန်ပို၊ ဖြူကောင်တို့သည် ထိုပြည်ကိုပိုင်ဆိုင်ကြလိမ့်မည်။ ဒီးဒုတ်၊ ကျီးကန်းတို့သည် ထိုပြည်၌နေကြလိမ့်မည်။ ကိုယ်တော်သည် ထိုပြည်ကို လဟာမျဉ်းကြိုး၊ ဗလာနတ္တိချိန်ထုပ်တို့ဖြင့် တန်းတော်မူလိမ့်မည်။ 12နိုင်ငံတော်ဟု ခေါ်ရလောက်အောင် ထိုပြည်၌ မှူးမတ်မရှိ၊ ဘာမျှမရှိ။ ထိုပြည်၏အကြီးအကဲအပေါင်းတို့သည် အရာရောက်တော့မည်မဟုတ်။ 13ထိုပြည်၏ခံတပ်များ၌ ဆူးပင်များပေါက်လိမ့်မည်။ ရဲတိုက်များ၌ ဖက်ယားပင်၊ ဆူးချုံရိုင်းများ ပေါက်လိမ့်မည်။ ထိုပြည်သည် ခွေးအတို့ကျက်စားရာ၊ ငှက်ကုလားအုတ်#34:13 သို့မဟုတ် “ဇီးကွက်”။တို့နေထိုင်ရာ ဖြစ်လိမ့်မည်။ 14ထိုအရပ်၌ ကန္တာရသတ္တဝါနှင့် တောခွေးတို့ ဆုံကြလိမ့်မည်။ တောဆိတ်တို့သည် တစ်ကောင်နှင့်တစ်ကောင် အသံပေးကြလိမ့်မည်။ ငှက်ဆိုး#34:14 “ညအချိန်ထွက်တတ်သောမကောင်းဆိုးဝါး”ဟု ထင်ရသည်။သည် လာနားလိမ့်မည်။ နားခိုရာကို တွေ့ရှိလိမ့်မည်။ 15ထိုအရပ်၌ ဇီးကွက်ကြီးသည် အသိုက်လုပ်၍ ဥလိမ့်မည်။ ဥပေါက်သောအခါ မိမိအတောင်အောက်၌ စုစည်းထားလိမ့်မည်။ သိမ်းငှက်တို့သည်လည်း ထိုအရပ်၌ ဖိုမအစုံအစုံ စုရုံးကြလိမ့်မည်။ 16ထာဝရဘုရား၏ကျမ်းစာလိပ်ထဲ၌ ရှာဖွေဖတ်ရှုကြ။ ထိုအကောင်တို့သည် တစ်ကောင်မျှမပျောက်။ ဖိုမအစုံအစုံ ရှိကြလိမ့်မည်။ ထိုသို့ နှုတ်တော်ထွက်ရှိနှင့်ပြီ။ ဝိညာဉ်တော်သည် ထိုအကောင်တို့ကို စုရုံးစေတော်မူပြီ။ 17ထိုအကောင်တို့အတွက် နေရာချပေးတော်မူပြီ။ ကိုယ်တော်၏လက်တော်သည် မျဉ်းကြိုးတန်း၍ နေရာခွဲဝေပေးတော်မူပြီ။ ထိုအကောင်တို့သည် ထိုပြည်ကို အစဉ်အမြဲပိုင်ဆိုင်၍ မျိုးဆက်အဆက်ဆက် နေထိုင်ကြလိမ့်မည်။
Currently Selected:
ဟေရှာယအနာဂတ္တိကျမ်း 34: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative