YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 32

32
ဖြောင့်မတ်ခြင်းတရားတည်ရာနိုင်ငံတော်
1ကြည့်ရှု​လော့​။ ရှင်ဘုရင်​တစ်​ပါး​သည် ဖြောင့်မတ်​စွာ စိုးစံ​မည်​။ အကြီးအကဲ​တို့​သည်​လည်း တရားမျှတ​စွာ အုပ်ချုပ်​မည်​။ 2သူ​တို့​သည် လေဘေး​မှ​ခိုလှုံ​ရာ​၊ မုန်တိုင်းဘေး​မှ​ကွယ်ကာ​ရာ​ကဲ့သို့​၊ ခြောက်သွေ့​သော​အရပ်​မှ စမ်းချောင်း​ကဲ့သို့​၊ ပူပြင်း​သော​အရပ်​မှ ကျောက်ဆောင်​ကြီး​၏​အရိပ်​ကဲ့သို့ ဖြစ်​ကြ​မည်​။ 3မျက်စိ​မြင်​သော​သူ​တို့​သည် အမှောင်ကျ​တော့​မည်​မ​ဟုတ်​။ နား​ကြား​သော​သူ​တို့​သည် အာရုံစိုက်​နားထောင်​ကြ​လိမ့်မည်​။ 4စိတ်လိုက်မာန်ပါ​လုပ်​တတ်​သူ​တို့​သည် သိရှိ​နားလည်​လာ​လိမ့်မည်​။ စကားထစ်​သော​သူ​၏​နှုတ်​သည် သွက်လက်​ပီသ​စွာ​ပြောဆို​နိုင်​လိမ့်မည်​။ 5မိုက်မဲ​သော​သူ​ကို မြင့်မြတ်​သော​သူ​ဟု ခေါ်ဝေါ်​တော့​မည်​မ​ဟုတ်​။ လူလိမ်လူကောက်​ကို လေးစားထိုက်သူ​ဟု ဆို​တော့​မည်​မ​ဟုတ်​။ 6မိုက်မဲ​သော​သူ​သည် မိုက်မဲ​သော​စကား​ကို​ပြောဆို​တတ်​၏​။ သူ​၏​စိတ်နှလုံး​သည် ဒုစရိုက်​ကို​ကြံစည်​တတ်​၏​။ သူတော်ကောင်း​ယောင်ဆောင်​ပြီး ထာဝရဘုရား​အကြောင်း​ကို မဟုတ်မမှန်​ပြောဆို​တတ်​၏​။ ဆာလောင်မွတ်သိပ်​သော​သူ​ကို အစာ​မကျွေး​၊ ရေငတ်​သော​သူ​ကို ရေ​မ​တိုက်​။ 7လူလိမ်လူကောက်​၏​လက်နက်​ကား မကောင်းမှု​ဖြစ်​၏​။ ဆင်းရဲသား​ပြော​သော​စကား မှန်ကန်​ခဲ့​လျှင်ပင် ဆင်းရဲသား​တို့​ကို မုသား​စကား​ဖြင့် ဖျက်ဆီး​ရန် ဆိုးညစ်​သော​အမှု​ကို ကြံစည်​တတ်​၏​။ 8မြင့်မြတ်​သော​သူ​ကား မြင့်မြတ်​သော​အကြံ​ကို ကြံစည်​တတ်​၏​။ မြင့်မြတ်​သော​အမှု​၌ တည်​၏​။ 9မိမိကိုယ်မိမိ အားရကျေနပ်​နေ​သော​မိန်းမ​တို့​၊ ထ​ကြ​လော့​။ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချ​နေ​သော​သမီး​တို့​၊ ငါ့​စကား​ကို​စူးစိုက်​နားထောင်​ကြ​လော့​။ 10မိမိကိုယ်မိမိ ယုံကြည်စိတ်ချ​နေ​သော​သမီး​တို့​၊ တစ်​နှစ်​ကျော်​လျှင် သင်​တို့ ထိတ်လန့်တုန်လှုပ်​ရ​လိမ့်မည်​။ အကြောင်းမူကား စပျစ်သီး​ဆွတ်ခူး​ခြင်း ရှိ​မည်​မ​ဟုတ်​။ သီးနှံရိတ်သိမ်း​ခြင်း ရှိ​မည်​မ​ဟုတ်​။ 11မိမိကိုယ်မိမိ အားရကျေနပ်​နေ​သော​မိန်းမ​တို့​၊ ကြောက်ရွံ့တုန်လှုပ်​ကြ​လော့​။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချ​နေ​သော​သူ​တို့​၊ ထိတ်လန့်တုန်လှုပ်​ကြ​လော့​။ အဝတ်​ချွတ်​၍ ကိုယ်ဗလာကျင်း နေ​ကြ​လော့​။ ခါး​စည်း​ကြ​လော့​။ 12သီးနှံပင်နှင့်ပြည့်​ခဲ့​သော​လယ်ယာ​၊ အသီး​များစွာ​သီး​ခဲ့​သော​စပျစ်ပင်​၊ 13ဆူးပင်​၊ ချုံပင်​တို့​ပေါက်​နေ​သော ငါ့​လူမျိုး​၏​မြေ​၊ အပျော်အပါး​များ​နှင့်​စည်ကား​ခဲ့​သော​မြို့​၊ ဝမ်းမြောက်​ပျော်ရွှင်​ခဲ့​သော​မိသားစု​အားလုံး​အတွက် ရင်ဘတ်​စည်တီး​ကြ​လော့​။ 14အကြောင်းမူကား နန်းတော်​သည် စွန့်ထား​ခြင်း​ခံရ​၍ လူ​စည်ကား​သော​မြို့​သည် စွန့်ခွာ​ခြင်း​ခံရ​မည်​။ ရဲတိုက်​၊ ကင်းစောင့်မျှော်စင်​တို့​သည် သားရဲ​တို့​အစဉ်​ခိုအောင်းရာ ဖြစ်သွား​လိမ့်မည်​။ မြည်းရိုင်း​များ​နေပျော်​ရာ​၊ တိရစ္ဆာန်​တို့​ကျက်စား​ရာ ဖြစ်​လိမ့်မည်​။ 15ငါ​တို့​အပေါ် ဝိညာဉ်​တော်​ကို အထက်အရပ်​မှ​သွန်းလောင်း​၍ တောကန္တာရ​သည် သီးနှံ​ဖြစ်ထွန်း​သော​မြေ​ဖြစ်​ပြီး သီးနှံ​ဖြစ်ထွန်း​သော​မြေ​ကို တောအုပ်​ဟု​ထင်မှတ်​ရ​သည့်​အချိန်​အထိ ထိုသို့​ဖြစ်​လိမ့်မည်​။ 16တရားမျှတ​ခြင်း​သည် တောကန္တာရ​၌​တည်​၍ ဖြောင့်မတ်​ခြင်း​သည် သီးနှံ​ဖြစ်ထွန်း​သော​မြေ​၌ တည်ရှိ​လိမ့်မည်​။ 17ဖြောင့်မတ်​ခြင်း​၏​အကျိုး​သည် ငြိမ်သက်​ခြင်း​ဖြစ်​၏​။ ဖြောင့်မတ်​ခြင်း​၏​ရလဒ်​သည် ထာဝရ​ငြိမ်းချမ်း​ခြင်း​၊ ထာဝရ​လုံခြုံ​ခြင်း​ဖြစ်​၏​။ 18ငါ​၏​လူမျိုး​သည် ငြိမ်းချမ်း​သော​နေရာ​၊ လုံခြုံ​သော​အိမ်​၊ ငြိမ်းအေး​သော​ခိုနား​ရာ​၌ နေ​ရ​လိမ့်မည်​။ 19မိုးသီးကျ​၍ တောအုပ်​သည် ပြိုလဲ​သွား​မည်​။ မြို့​သည် မြေ​နှင့်​တစ်ညီတည်း​ပြိုကျပျက်စီးသွား​မည်​။ 20ရေ​ရှိ​ရာ​အရပ်ရပ်​တို့​၌ မျိုးစေ့ကြဲ​၍ နွား​၊ မြည်း​တို့​၏​ခြေ​ကို လွှတ်ပေး​သော​သင်​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 32