YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 10

10
1-2ဆင်းရဲ​သော​သူ​တို့​၏​အမှု​ကို ရှောင်လွှဲ​ဖို့​၊ အဖိနှိပ်​ခံရ​သော ငါ​၏​လူမျိုး​တော်​၏​အခွင့်အရေး​ကို ပိတ်ပင်​ဖို့​၊ မုဆိုးမ​တို့​ကို သားကောင်​ဖြစ်စေ​ဖို့​၊ မိဘမဲ့​တို့​၏​ဥစ္စာ​ကို​လုယူ​ဖို့ မတရား​သော​ဥပဒေ​ကို ပြဋ္ဌာန်း​သော​သူ​နှင့် ကြပ်တည်း​သော​စည်းမျဉ်း​ကို​ရေးဆွဲ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ 3စစ်ကြောစီရင်​ရာ​နေ့​၊ ဝေး​သော​အရပ်​မှ​ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​သော​နေ့​၌ သင်​တို့​မည်သို့​ပြု​ကြ​မည်နည်း​။ မည်သူ့​ထံ​ပြေး​၍ အကူအညီ​တောင်း​ကြ​မည်နည်း​။ သင်​တို့​၏​စည်းစိမ်ဥစ္စာ​များ​ကို မည်သည့်​နေရာ​၌​ထားခဲ့​ကြ​မည်နည်း​။ 4အကျဉ်းသား​တို့​တွင် ဝပ်တွား​ခြင်း​၊ သတ်ဖြတ်​ခံရ​သော​သူ​တို့​တွင် လဲကျ​ခြင်း​မှတစ်ပါး အခြား​မ​ရှိ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။
အမျက်တော်ကြိမ်လုံးတည်းဟူသော အဆီးရီးယားလူမျိုး
5အဆီးရီးယား​လူမျိုး​သည် အမင်္ဂလာ​ရှိ​၏​။ ထို​လူမျိုး​သည် ငါ့​အမျက်​တော်​ကြိမ်လုံး​ဖြစ်​၏​။ သူ​တို့​ကိုင်ဆောင်​သော​တုတ်​သည် ငါ​၏​အမျက်​ဖြစ်​၏​။ 6သူ့​ကို ဘုရားတရားမဲ့​သော​လူမျိုး​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​အမျက်​ထွက်​သော​လူ​တို့​တိုက်ယူ​ထား​သော​ပစ္စည်း​ကို လုယက်​သိမ်းယူ​၍ လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ သူ​တို့​ကို​နင်းချေ​ရန် ငါ​မိန့်မှာ​ထား​၏​။ 7သို့သော် သူ​သည် ထိုသို့​မ​ကြံရွယ်​။ သူ​၏​စိတ်နှလုံး​သည် ထိုသို့​မ​စဉ်းစား​။ သူ​၏​စိတ်နှလုံး​ထဲ၌ လူမျိုး​များစွာ​တို့​ကို ဖျက်ဆီး​ပယ်ရှား​ရန် ကြံရွယ်​၏​။ 8အကြောင်းမူကား သူ​က “​ငါ​၏​တပ်မှူး​အားလုံး​သည် ဘုရင်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။ 9ကာလနော​မြို့​သည် ကာခေမိတ်​မြို့​ကဲ့သို့​၊ ဟာမတ်​မြို့​သည် အာပဒ်​မြို့​ကဲ့သို့​၊ ရှမာရိ​မြို့​သည် ဒမတ်စကပ်​မြို့​ကဲ့သို့ ဖြစ်​သည်​မ​ဟုတ်​လော​။ 10ဂျေရုဆလင်​မြို့​နှင့်​ရှမာရိ​မြို့​တို့​တွင်​ရှိ​သော​ရုပ်တုဆင်းတု​ထက် ရုပ်တု​ဆင်းတု​ပေါများ​သော​တိုင်းနိုင်ငံ​များ​သည်​ပင် ငါ့​လက်​အောက်​သို့​ရောက်​ခဲ့​ရ​၏​။ 11ရှမာရိ​မြို့​နှင့်​ထို​မြို့​မှ​ရုပ်တု​များ​ကို ငါ​ပြု​သကဲ့သို့ ဂျေရုဆလင်​မြို့​နှင့်​ထို​မြို့​မှ​ရုပ်တု​များ​ကို ငါ​ပြု​မည်​မ​ဟုတ်​လော​”​ဟု ဆို​တတ်​၏​။
အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးခြင်း
12ဘုရားရှင်​သည် ဇိအုန်​တောင်​နှင့်​ဂျေရုဆလင်​မြို့​၌ ပြု​ရ​မည့်​အမှု​ရှိသမျှ​ကို ပြု​ပြီး​သောအခါ စိတ်နှလုံး​ခက်ထန်​သော#10:12 တိုက်ရိုက်ပြန်ဆိုလျှင် “စိတ်နှလုံးခက်ထန်သောအသီး”။​၊ မျက်နှာ​ထောင်လွှား​သော အဆီးရီးယား​ဘုရင်​ကို အပြစ်ဒဏ်​ပေး​မည်​။ 13အကြောင်းမူကား ထို​ဘုရင်​က “​ငါ​၌ အသိဉာဏ်​ရှိ​၏​။ ငါ့​လက်ရုံးရည်​၊ ငါ့​ဉာဏ်ပညာ​ဖြင့် ငါ​ပြု​ပြီ​။ လူမျိုး​တို့​၏​နယ်နိမိတ်​ကို ငါ​ရွှေ့​ပြီ​။ သူ​တို့​၏​ဘဏ္ဍာ​ကို တိုက်ခိုက်လုယက်​ပြီ​။ စိုးစံ​သော​ဘုရင်​တို့​ကို စစ်သူရဲ​သဖွယ် ငါ​ဖြုတ်ချ​ပြီ​။ 14ငှက်သိုက်​ကို​ရယူ​နိုင်​သကဲ့သို့ ငါ့​လက်​သည် လူမျိုး​တို့​၏​ဥစ္စာပစ္စည်း​ကို ရယူ​နိုင်​ပြီ​။ စွန့်ပစ်​ထား​သော​ငှက်ဥ​တို့​ကို ကောက်သိမ်း​သကဲ့သို့ ငါ​သည် မြေ​တစ်ပြင်လုံး​ကို ကောက်သိမ်း​ပြီ​။ တောင်ပံ​ခတ်​ခြင်း​၊ နှုတ်​ဟ​ခြင်း​၊ မြည်တွန်​ခြင်း မ​ရှိ​”​ဟု ဆို​၏​။ 15ပုဆိန်​သည် သူ့​ကို​ကိုင်​သော​သူ​ထက် မိမိကိုယ်မိမိ​အမွှမ်းတင်​မည်လော​။ လွှ​သည် သူ့​ကို​အသုံးပြု​သော​သူ​ထက် မိမိကိုယ်မိမိ​ချီးမြှောက်​မည်လော​။ ကြိမ်လုံး​က ကိုင်မြှောက်​သော​သူ​ကို ပြန်​၍​လွှဲယမ်း​သကဲ့သို့​၊ တောင်ဝှေး​က သစ်သား​မ​ဟုတ်​သော​လူ​ကို ပြန်​၍​ကိုင်မြှောက်​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။ 16ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် ထို​ဘုရင်​၏​အကြံ့ခိုင်ဆုံးစစ်သည်​တို့​ထံ ပိန်ချုံး​ခြင်း​ရောဂါ​ကို လွှတ်​တော်မူ​မည်​။ သူ​၏​ဘုန်းအသရေ​တောက်လောင်​သွား​အောင် အောက်​မှ​ရှို့​တော်မူ​မည်​။ 17အစ္စရေး​လူမျိုး​၏​အလင်း​သည် မီး​သဖွယ်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​သည် မီးလျှံ​သဖွယ်​ဖြစ်​၏​။ တစ်နေ့ချင်း​တွင် ထို​ဘုရင်​၏​ဆူးပင်​၊ ချုံပင်​များ​ကို လောင်ကျွမ်း​ဝါးမျို​လိမ့်မည်​။ 18တော​၏​ဘုန်းအသရေ​နှင့် သီးနှံ​ဖြစ်ထွန်း​သော​မြေ​ကို အကာ#10:18 တိုက်ရိုက်ပြန်ဆိုလျှင် “စိတ်ဝိညာဉ်”။​မှ​အနှစ်#10:18 တိုက်ရိုက်ပြန်ဆိုလျှင် “အသား”။​တိုင်အောင် ဖျက်ဆီး​တော်မူ​မည်​။ ထို​ဘုရင်​သည် နေမကောင်း​သော​သူ​ကဲ့သို့ ချုံးကျ​သွား​မည်​။ 19ကလေးသူငယ်​ပင် စာရင်းမှတ်​နိုင်​လောက်အောင် တော​၌​သစ်ပင်​အနည်းငယ်​သာ​ကြွင်းကျန်​လိမ့်မည်​။
အစ္စရေးလူမျိုးအကြွင်းအကျန်တို့ ဘုရားသခင်ကိုပြန်လည်ကိုးစားခြင်း
20ထို​နေ့ရက်​တွင် ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​နှင့် အသက်​ဘေးလွတ်​သော​ယာကုပ်​အမျိုးအနွယ်​တို့​သည် မိမိ​တို့​အား ရိုက်နှက်​သော​သူ​ကို နောက်တစ်ဖန်​မ​ကိုးစား​တော့​ဘဲ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​ကို အမှန်ပင်​ကိုးစား​ကြ​လိမ့်မည်​။ 21ယာကုပ်​အမျိုး​၏​အကြွင်းအကျန်​တို့​သည် တန်ခိုးကြီး​တော်မူ​သော ဘုရားသခင်​ထံ ပြန်လာ​ကြ​လိမ့်မည်​။ 22အို အစ္စရေး​၊ သင်​၏​လူမျိုး​သည် ပင်လယ်​သဲပွင့်​နှင့်အမျှ​များ​သော်လည်း အကြွင်းအကျန်​သာ ပြန်လာ​ကြ​လိမ့်မည်​။ သုတ်သင်ဖျက်ဆီး​ခြင်း​ကို စီရင်​တော်မူ​ပြီ​။ ဖြောင့်မတ်​ခြင်း လွှမ်းမိုး​လေ​ပြီ​။ 23ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် ပြဋ္ဌာန်း​ထား​သော​သုတ်သင်ဖျက်ဆီး​ခြင်း​ကို မြေ​တစ်ပြင်လုံး​တွင် စီရင်​တော်မူ​ပြီ​။#ရော 9:28။ 24ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​က “​ဇိအုန်​မြို့​နေ​ငါ့​လူမျိုး​တော်​တို့​၊ အီဂျစ်​လူမျိုး​ပြု​သကဲ့သို့ သင့်​ကို ကြိမ်လုံး​နှင့်​ရိုက်နှက်​၍ သင့်​အပေါ်​တုတ်​မြှောက်​ထား​သော အဆီးရီးယား​လူမျိုး​ကို​မ​ကြောက်​နှင့်​။ 25အကြောင်းမူကား သင်​တို့​အပေါ် ထား​သော​ငါ့​အမျက်​သည် မကြာမီ​ပြေ​လိမ့်မည်​။ ငါ​၏​အမျက်​ဒေါသ​သည် သူ​တို့​ဖက်​သို့​ရောက်​၍ သူ​တို့​ကို​ဖျက်ဆီး​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။ 26ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိဒျန်​လူမျိုး​တို့​ကို ဩရဘ​ကျောက်​နား၌​ဒဏ်ခတ်​သကဲ့သို့ သူ​တို့​ကို ကျာပွတ်​နှင့်​ရိုက်​တော်မူ​မည်​။ အီဂျစ်​လူမျိုး​ကို​ပြု​သကဲ့သို့ ပင်လယ်​ပေါ်တွင် တောင်ဝှေး​တော်​ကို မြှောက်​ထား​တော်မူ​မည်​။
အဆီးရီးယားလူမျိုးကို ဘုရားသခင်စီရင်တော်မူခြင်း
27ထို​နေ့ရက်​၌ သူ​၏​ဝန်​ကို သင်​၏​ပခုံး​ပေါ်​မှ​လည်းကောင်း​၊ သူ​၏​ထမ်းပိုး​ကို သင်​၏​လည်ပင်း​ပေါ်​မှ​လည်းကောင်း ဖယ်ရှား​တော်မူ​မည်​။ ထမ်းပိုး​သည်​လည်း အဆီ​ကြောင့် ကျိုးသွား​လိမ့်မည်​။ 28သူ​သည် အာဣ​မြို့​သို့​ရောက်​လေ​ပြီ​။ မိဂရုန်​မြို့​ကို​ဖြတ်သွား​ပြီ​။ မိတ်မတ်​မြို့​၌ သူ​၏​အထုပ်အပိုး​များ​ကို ချ​ထား​ပြီ​။ 29သူ​တို့​သည် တောင်ကြားလမ်း​ကို​ဖြတ်​၍ ဂေဗ​မြို့​၌ စခန်းချ​ကြ​၏​။ ရာမ​မြို့​သည် ကြောက်ရွံ့တုန်လှုပ်​လျက်​ရှိ​၏​။ ရှောလု​မင်းကြီး​စံမြန်း​ရာ ဂိဗာ​မြို့​သည် ထွက်ပြေး​ပြီ​။ 30အို ဂလ္လိမ်​မြို့​သမီးပျို​၊ ကြွေးကြော်​လော့​။ အို လဲရှ​မြို့​၊ အာရုံစိုက်​နားထောင်​လော့​။ အို အာနသုတ်​မြို့​၊ သနားစရာ​ကောင်း​လှ​ပါတကား​။ 31မာဒမေန​မြို့​သည် ထွက်ပြေး​ပြီ​။ ဂေဗိပ်​မြို့သား​တို့​သည် လုံခြုံ​ရာ​သို့​ပြေး​ပြီ​။ 32ယနေ့​တွင် နောဗ​မြို့​၌​ရပ်နား​ကြ​၏​။ ဇိအုန်​သမီး​၏​တောင်​ဖြစ်​သော ဂျေရုဆလင်​တောင်ကုန်း​ကို လက်သီး​ထောင်ပြ​ကြ​၏​။ 33ကြည့်ရှု​လော့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် အကိုင်း​တို့​ကို ကြမ်းတမ်း​စွာ​ချိုင်​တော်မူ​မည်​။ မြင့်​သော​အပင်​တို့​ကို ခုတ်ဖြတ်​၍ ကြီးမား​သော​အပင်​တို့​ကို လှဲချ​တော်မူ​မည်​။ 34တောအုပ်​ကို ပုဆိန်​နှင့်​ခုတ်ပစ်​တော်မူ​မည်​။ လက်ဘနွန်​တောင်​သည် အားကြီး​သော​သူ​ကြောင့် ပြိုလဲ​သွား​မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 10