YouVersion Logo
Search Icon

ဟေဗြဲဩဝါဒစာ 8

8
ကောင်းကင်ယဇ်ပုရောဟိတ်မင်း
1ငါ​တို့​ပြောဆို​နေ​သော အကြောင်းအရာ​များ​၏​အဓိက​အချက်​ဟူမူကား ငါ​တို့​၌ ဤသို့​သော​ယဇ်ပုရောဟိတ်​မင်း​ရှိ​သည်​ဟူ၍​ဖြစ်​၏။ ကိုယ်တော်​သည် ကောင်းကင်​ဘုံ​ရှိ ဘုန်းတန်ခိုး​ရှင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌​ထိုင်​လျက် 2လူ​က​မ​ဟုတ်​ဘဲ ထာဝရ​ဘုရား​က​တည်ဆောက်​တော်မူ​သော စစ်မှန်​သည့်​တဲ​တော်​နှင့် သန့်ရှင်း​ရာ​ဌာန​၏​အမှု​ကို​ထမ်းဆောင်​သူ​ဖြစ်​တော်မူ​၏။
3ယဇ်ပုရောဟိတ်​မင်း​အားလုံး​သည် ပူဇော်သက္ကာ​နှင့်​ယဇ်​တို့​ကို​ပူဇော်​ရန် ခန့်ထား​ခြင်း​ခံရ​သည်​ဖြစ်၍ ဤ​ယဇ်ပုရောဟိတ်​မင်း​သည်​လည်း ပူဇော်​စရာ​တစ်စုံတစ်ခု​ရှိ​ရန်​လိုအပ်​၏။ 4ကိုယ်တော်​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင်​ရှိ​ခဲ့​လျှင် ပညတ်​တရား​အရ ပူဇော်သက္ကာ​ကို​ပူဇော်​သော​သူ​များ​ရှိ​နေ​ကြ​သည်​ဖြစ်၍ ယဇ်ပုရောဟိတ်​ဖြစ်​လိမ့်မည်​မ​ဟုတ်။ 5မောရှေ​သည် တဲ​တော်​ကို​ဆောက်လုပ်​မည်​ပြု​စဉ်​က “အလုံးစုံ​တို့​ကို တောင်​ပေါ်တွင် သင့်​အား ငါ​ပြ​ခဲ့​သည့်​စံနမူနာ​အတိုင်း​ပြုလုပ်​ရန် သတိပြု​လော့”#ထွ 25:40။​ဟူသော​ဗျာဒိတ်​တော်​ကို​ရ​သည့်​နည်းတူ ထို​သူ​တို့​သည် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော​အရာ​များ​၏​နမူနာ​ပုံရိပ်​နှင့်ဆိုင်သော​ဝတ်​ကို ပြု​ကြ​၏။ 6သို့သော် ယခု​အခါ ကိုယ်တော်​သည် သာ၍​မြတ်​သော​ကတိ​တော်​များ​အပေါ်​အခြေခံ​ထား​သည့် သာ၍​မြတ်​သော​ပဋိညာဉ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​သည်​နှင့်အညီ သာ၍​ထူးမြတ်​သော​အမှု​တော်​ကို​ရရှိ​တော်မူ​၏။
ပဋိညာဉ်သစ်
7အကြောင်းမူကား ပထမ​ပဋိညာဉ်​၌ အပြစ်တင်​စရာ​မ​ရှိ​ခဲ့​လျှင် ဒုတိယ​ပဋိညာဉ်​သည် လိုအပ်​စရာ​အကြောင်း​ရှိ​ခဲ့​မည်​မ​ဟုတ်။ 8သို့သော် ဘုရားသခင်​သည် သူ​တို့​ကို​အပြစ်တင်​၍ “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​ကား ကြည့်ရှု​လော့။ အစ္စရေး​အမျိုး​နှင့်​လည်းကောင်း၊ ယုဒ​အမျိုး​နှင့်​လည်းကောင်း ပဋိညာဉ်​သစ်​ကို ငါ​ပြု​မည့်​နေ့ရက်​များ​ကျရောက်​တော့မည်။ 9ထို​ပဋိညာဉ်​သည် သူ​တို့​ဘိုးဘေး​များ​၏​လက်​ကို​ဆွဲ​၍ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​စဉ်​က သူ​တို့​နှင့် ငါ​ပြု​ခဲ့​သော​ပဋိညာဉ်​နှင့်​တူ​လိမ့်မည်​မ​ဟုတ်။ သူ​တို့​သည် ငါ​၏​ပဋိညာဉ်​၌​မ​တည်​သောကြောင့် ငါ​သည်​လည်း သူ​တို့​ကို​လျစ်လျူ​ရှု​ထား​၏”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။ 10ထာဝရ​ဘုရား​က “ထို​နေ့ရက်​များ​နောက်တွင် အစ္စရေး​အမျိုး​နှင့် ငါ​ပြု​မည့်​ပဋိညာဉ်​ကား ဤသို့​တည်း။ ငါ​သည် ငါ​၏​ပညတ်​တရား​တို့​ကို သူ​တို့​၏​အသိဉာဏ်​ထဲတွင် ထည့်သွင်း​၍ သူ​တို့​၏​စိတ်နှလုံး​ပေါ်မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​ပြီး သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​ကြ​လိမ့်မည်။#၂ကော 6:16၊ ဗျာ 21:7၊ ဝတ် 26:12၊ ယေ 32:38၊ ယေဇ 37:27။ 11သူ​တို့​အသီးသီး​သည် မိမိ​အမျိုးသား​ချင်း​နှင့် မိမိ​ညီအစ်ကို​ချင်း​အား ‘ထာဝရ​ဘုရား​ကို​သိ​လော့’​ဟု သင်ပေး​ရ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား အငယ်ဆုံး​သော​သူ​မှစ၍ အကြီးဆုံး​သော​သူ​တိုင်အောင် လူ​အပေါင်း​တို့​သည် ငါ့​ကို​သိကျွမ်း​ကြ​လိမ့်မည်။ 12အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​၏​မတရားမှု​များ​အပေါ်​ကရုဏာ​ထား​၍ သူ​တို့​၏​အပြစ်​များ​ကို လုံးဝ​သတိရ​တော့မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ 13ဘုရားသခင်​သည် “ပဋိညာဉ်​သစ်”​ဟု မိန့်​တော်မူ​ခြင်း​အားဖြင့် ပထမ​ပဋိညာဉ်​ကို ဟောင်းနွမ်း​စေ​တော်မူ​၏။ ကြာညောင်း​၍ ဟောင်းနွမ်း​သော​အရာ​သည် မကြာမီ​ပျောက်ကွယ်​သွား​လိမ့်မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in