YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 50

50
ယာကုပ်ကို သင်္ဂြိုဟ်ခြင်း
1ထိုအခါ ယောသပ်​သည် မိမိ​ဖခင်​၏​မျက်နှာ​ကို ငုံ့​၍​နမ်း​ပြီး ငိုကြွေး​၏​။ 2ထို့နောက် ယောသပ်​သည် မိမိ​ဖခင်​၏​အလောင်း​ကို​ဆေးစီရင်​ရန် မိမိ​အစေအပါး​ဆေးဆရာ​တို့​အား​အမိန့်ပေး​လေ​၏​။ ထို့ကြောင့် ဆေးဆရာ​တို့​သည် အစ္စရေး​၏​အလောင်း​ကို​ဆေးစီရင်​ကြ​၏​။ 3အလောင်း​ကို​ဆေးစီရင်​ရာ​တွင် ရက်​ပေါင်း​လေးဆယ်​ကြာကြာ အချိန်ပေး​ရ​၏​။ အီဂျစ်​လူမျိုး​တို့​သည် ယာကုပ်​အတွက် ရက်​ပေါင်း​ခုနစ်ဆယ်​ငိုကြွေး​ကြ​၏​။
4ငိုကြွေးမြည်တမ်း​သော​နေ့ရက်​များ​လွန်​ပြီးနောက် ယောသပ်​က ဖာရော​မင်းကြီး​၏​နန်းတော်သူ​နန်းတော်သား​တို့​အား “​ငါ​သည် သင်​တို့​ရှေ့​၌​မျက်နှာရ​သည်​ဆိုလျှင် ဖာရော​မင်းကြီး​၏​နား​တော်​သို့​လျှောက်​ရ​မည်​မှာ 5‘​အကျွန်ုပ်​၏​ဖခင်​က “​ငါ​သေ​တော့​မည်​။ ခါနာန်​ပြည်​၌ ငါ့​အတွက် ငါ​တူး​ထား​သော သင်္ချိုင်းတွင်း​တွင် ငါ့​ကို​သင်္ဂြိုဟ်​ရ​မည်​”​ဟု အကျွန်ုပ်​ကို ကျိန်ဆို​စေ​ခဲ့​ပါ​၏​။ ထို့အတွက်ကြောင့် အကျွန်ုပ်​သွား​၍ ဖခင်​ကို​သင်္ဂြိုဟ်​ပါရစေ​။ ပြီးလျှင် အကျွန်ုပ်​ပြန်လာ​ပါ​မည်​’​ဟူ၍ လျှောက်​ကြ​ပါ​လော့​”​ဟု မိန့်ဆို​လေ​၏​။
6ဖာရော​မင်းကြီး​က “​သင့်​အား သင့်​ဖခင်​ကျိန်ဆို​စေ​ခဲ့​သည့်​အတိုင်း သွား​၍​သူ့​ကို​သင်္ဂြိုဟ်​လော့​”​ဟု မိန့်ဆို​လေ​၏​။ 7ထို့ကြောင့် ယောသပ်​သည် မိမိ​ဖခင်​ကို​သင်္ဂြိုဟ်​ရန်​ထွက်သွား​လေ​၏​။ သူ​နှင့်အတူ ဖာရော​မင်းကြီး​၏​အမှုထမ်း​များ​ဖြစ်​သော ဖာရော​မင်းကြီး​နန်းတော်​ရှိ​သက်ကြီးဝါကြီး​အားလုံး​၊ အီဂျစ်​ပြည်​၏​သက်ကြီးဝါကြီး​အားလုံး​၊ 8ယောသပ်​၏​အိမ်သူအိမ်သား​အားလုံး​၊ ယောသပ်​၏​အစ်ကို​များ​မှစသော ယောသပ်​ဖခင်​၏​အိမ်သူအိမ်သား​တို့​သည်​လည်း လိုက်ပါ​သွား​ကြ​၏​။ သူ​တို့​၏​ကလေး​များ​နှင့် သိုးဆိတ်​များ​၊ နွား​များ​ကို​မူ ဂေါရှင်​အရပ်​၌ ထားခဲ့​ကြ​၏​။ 9စစ်ရထား​နှင့်​မြင်းစီးသူရဲ​တို့​သည်​လည်း လိုက်ပါ​သွား​ကြ​သဖြင့် အလွန်​ကြီးမား​သော​လူအုပ်ကြီး​ဖြစ်​လေ​၏​။ 10သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာတဒ်​ကောက်နယ်တလင်း​သို့​ရောက်​သောအခါ ထို​အရပ်​၌ သူ​တို့​သည် ခါးသီးစွာ​အော်ဟစ်​ငိုကြွေးမြည်တမ်း​ကြ​၏​။ ယောသပ်​သည် မိမိ​ဖခင်​အတွက် ခုနစ်​ရက်​ပတ်လုံး​ငိုကြွေးမြည်တမ်း​ခြင်း​ကို​ပြု​လေ​၏​။ 11ထိုသို့ အာတဒ်​ကောက်နယ်တလင်း​၌ ငိုကြွေးမြည်တမ်း​နေ​ကြ​သည်​ကို ထို​ပြည်​၌​နေထိုင်​သော​ခါနာန်​လူမျိုး​တို့​မြင်​ကြ​သောအခါ သူ​တို့​က “​အီဂျစ်​လူမျိုး​တို့ အော်ဟစ်​ငိုကြွေးမြည်တမ်း​ကြ​ပါ​သည်​တကား​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် ဂျော်ဒန်​မြစ်​တစ်ဖက်​၌​ရှိ​သော​ထို​အရပ်​ကို အဗေလမိဇရိမ်#50:11 “အော်ဟစ်ငိုကြွေးမြည်တမ်းခြင်း”။ ဟု​အမည်​မှည့်ခေါ်​ကြ​၏​။
12ယာကုပ်​၏​သား​တို့​သည် မိမိ​တို့​အား ဖခင်​မှာကြား​ထား​သည့်​အတိုင်း မိမိ​တို့​ဖခင်​အတွက်​ပြု​ကြ​၏​။ 13ယာကုပ်​အလောင်း​ကို ခါနာန်​ပြည်​သို့​သယ်ဆောင်​သွား​၍ အာဗြဟံ​က ဟိတ္တိ​လူမျိုး​ဧဖရုန်​ထံ​မှ ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် ဝယ်ယူ​ထား​သော​လယ်​ဖြစ်​သည့် မံရေ​မြို့​အရှေ့ဘက် မပ္ပေလ​လယ်​၌​ရှိ​သော​လိုဏ်ဂူ​၌ သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ 14ဖခင်​ကို သင်္ဂြိုဟ်​ပြီးနောက် ယောသပ်​သည် မိမိ​ညီအစ်ကို​တို့​မှစ၍ ဖခင်​ကို​သင်္ဂြိုဟ်​ရန်​လိုက်ပါ​သွား​သော​သူ​အပေါင်း​တို့​နှင့်အတူ အီဂျစ်​ပြည်​သို့ ပြန်လာ​၏​။
ယောသပ်ခွင့်လွှတ်ကြင်နာခြင်း
15ယောသပ်​၏​အစ်ကို​တို့​သည် မိမိ​တို့​ဖခင်​သေဆုံး​ပြီ​ဖြစ်ကြောင်း​သိမြင်​လျှင် သူ​တို့​က “​ယောသပ်​သည် သူ့​အပေါ်​ငါ​တို့​ပြု​ခဲ့​သည့်​မကောင်းမှု​ရှိသမျှ​အတွက် အငြိုးထား​လျှင် ငါ​တို့​ကို ပြန်​၍​လက်စားချေ​လိမ့်မည်​”​ဟု ဆို​ပြီး
16သူ​တို့​သည် ယောသပ်​ထံသို့ လူ​လွှတ်​၍ “​သခင့်​ဖခင်​မ​ကွယ်လွန်​မီ​က 17‘​သခင့်​အပေါ်​မကောင်းမှု​ပြု​ခဲ့​သည့် သခင့်​ညီအစ်ကို​တို့​ကျူးလွန်​ခဲ့​သော​အပြစ်​ကို ခွင့်လွှတ်​ပါ​လော့​’​ဟူ၍ သခင့်​အား​ပြောကြား​ရန် မှာကြား​ခဲ့​ပါ​၏​။ သို့ဖြစ်၍ သခင့်​ဖခင်​ကိုးကွယ်​သည့်​ဘုရားသခင်​၏​အစေအပါး​ဖြစ်​သော အကျွန်ုပ်​တို့ ကျူးလွန်​မိ​သော​အပြစ်​များ​ကို ခွင့်လွှတ်​ပါ​လော့​”​ဟု လျှောက်​စေ​၏​။ ထိုသို့​လျှောက်ထား​သောအခါ ယောသပ်​သည် မျက်ရည်ကျ​လေ​၏​။ 18ထို့နောက် ယောသပ်​၏​ညီအစ်ကို​တို့​သည်​လည်း ရောက်လာ​၍ သူ့​ရှေ့​၌​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​တို့​သည် သခင့်​ကျွန်​များ​ဖြစ်​ကြ​ပါ​၏​”​ဟု လျှောက်​ကြ​၏​။
19ယောသပ်​က​လည်း “​မ​ကြောက်​ကြ​နှင့်​။ အကျွန်ုပ်​သည် ဘုရားသခင်​ကို ကိုယ်စားပြု​နိုင်​သလော​။ 20သင်​တို့​သည် အကျွန်ုပ်​ကို မကောင်း​ကြံစည်​ခဲ့​သော်လည်း ယနေ့​မြင်​ရ​သည့်​အတိုင်း များစွာ​သော​လူ​တို့​အသက်ချမ်းသာ​ရာ​ရ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​အတွက် ကြံစည်​တော်မူ​၏​။ 21သို့ဖြစ်၍ မ​ကြောက်​ကြ​နှင့်​။ သင်​တို့​နှင့်​သင်​တို့​၏​ကလေး​များ​ကို အကျွန်ုပ်​ကျွေးမွေး​မည်​”​ဟု ဆို​လျက် သူ​တို့​အား​နှစ်သိမ့်​၍ ကြင်နာ​စွာ​စကားပြော​လေ​၏​။
ယောသပ်သေဆုံးခြင်း
22ယောသပ်​သည် မိမိ​ဖခင်​၏​အိမ်သူအိမ်သား​တို့​နှင့်အတူ အီဂျစ်​ပြည်​၌​နေထိုင်​လေ​၏​။ ယောသပ်​သည် အနှစ်​တစ်ရာ့​တစ်ဆယ်​အသက်ရှင်​၍ 23ဧဖရိမ်​၏​သားသမီး​တို့​ကို တတိယ​မျိုးဆက်​အထိ မြင်​ရ​၏​။ မနာရှေ​၏​မြေး​၊ မာခိရ​၏​သားသမီး​တို့​သည်​လည်း ယောသပ်​၏​ဒူး​ပေါ်မှာ မွေးဖွား​ကြ​၏​။
24ယောသပ်​က သူ​၏​ညီအစ်ကို​တို့​အား “​အကျွန်ုပ်​သေ​ရ​တော့​မည်​။ သို့သော် ဘုရားသခင်​သည် သင်​တို့​ထံသို့ အမှန်ပင်​အကြည့်အရှု​ကြွလာ​၍ သင်​တို့​ကို ဤ​ပြည်​မှ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​ခဲ့​သည့်​ပြည်​သို့ ပို့ဆောင်​တော်မူ​မည်​”​ဟု ဆို​လေ​၏​။ 25တစ်ဖန် ယောသပ်​က “​ဘုရားသခင်​သည် သင်​တို့​ထံသို့ အမှန်ပင်​အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထိုအခါ သင်​တို့​သည် ငါ့​အရိုး​တို့​ကို ဤ​ပြည်​မှ ယူဆောင်​သွား​ရ​မည်​”​ဟု ဆို​လျက် အစ္စရေး​အမျိုးသား​တို့​အား ကျိန်ဆို​စေ​၏​။
26ယောသပ်​သည် အသက်​တစ်ရာ့​တစ်ဆယ်​ရှိ​သော် သေဆုံး​လေ​၏​။ ယောသပ်​၏​အလောင်း​ကို​ဆေးစီရင်​၍ အီဂျစ်​ပြည်​၌ အခေါင်း​ဖြင့်​ထား​ကြ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in