ကမ္ဘာဦးကျမ်း 49
49
ယာကုပ်၏နောက်ဆုံးအမှာစကား
1ထို့နောက် ယာကုပ်သည် မိမိ၏သားတို့ကိုခေါ်၍ “စုဝေးကြလော့။ နောင်ကာလတွင် သင်တို့၌ဖြစ်ပျက်မည့်အရာကို သင်တို့အား ငါပြောပြမည်။
2စုရုံးကြလော့။ နားထောင်ကြလော့။ အို ယာကုပ်သားတို့၊ သင်တို့၏ဖခင် အစ္စရေး၏စကားကို နားထောင်ကြလော့။ 3ရုဗင်၊ သင်သည် ငါ၏သားဦး၊ ငါ၏အစွမ်း၊ ငါ့အဦးဆုံးအားမာန်၊ ဘုန်းအထွတ်၊ ခွန်အားအထွတ်ဖြစ်၏။ 4သို့သော် သင်သည် ရေကဲ့သို့ဘောင်ဘင်ခတ်တတ်သည်ဖြစ်၍ အထွတ်သို့မရောက်။ အကြောင်းမူကား သင်သည် သင့်ဖခင်၏အိပ်ရာပေါ်တက်၍ညစ်ညူးစေ၏။ သူသည် ငါ့ခုတင်ပေါ်တက်ဝံ့လေပြီတကား။ 5ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ သူတို့၏ဓားများသည် ရက်စက်ကြမ်းကြုတ်သောလက်နက်များဖြစ်၏။ 6သူတို့သည် မိမိတို့အမျက်ဖြင့် လူကိုသတ်ကြ၏။ မိမိတို့အလိုအတိုင်း နွားတံကောက်ကြောကိုဖြတ်ကြ၏။ ငါ့စိတ်ဝိညာဉ်သည် သူတို့၏အစည်းအဝေးသို့ မဝင်ရောက်ပါစေနှင့်။ ငါ့ဘုန်းအသရေသည် သူတို့၏အစုအဝေးနှင့် မပေါင်းပါစေနှင့်။ 7သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။ 8ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ 9ယုဒသည် ခြင်္သေ့သားပေါက်ဖြစ်၏။ ငါ့သား၊ သင်သည် သားကောင်သတ်စားပြီးတက်လာ၏။ သူသည် ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ခြင်္သေ့မကဲ့သို့လည်းကောင်း ဝပ်လျက်၊ လဲလျောင်းလျက်နေတတ်၏။ သူ့ကို မည်သူဆွဝံ့သနည်း။ 10လူမျိုးတို့သည် ရှိလော#49:10 “မေရှိယ၏ဂုဏ်ပုဒ်”။ကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။ 11သူ၏မြည်းကို စပျစ်ပင်၌ချည်ထား၏။ သူ့မြည်းမ၏သားကို အကောင်းဆုံးစပျစ်ပင်၌ချည်ထား၏။ သူ၏အဝတ်တန်ဆာကို စပျစ်ဝိုင်ဖြင့် လျှော်၏။ သူ၏ဝတ်ရုံကို စပျစ်သွေးဖြင့် လျှော်၏။ 12သူ၏မျက်စိသည် စပျစ်ဝိုင်ထက်နီ၍ သူ၏သွားသည် နို့ထက်ဖြူ၏။ 13ဇာဗုလုန်သည် ပင်လယ်ကမ်းခြေ၌နေထိုင်၍ သူသည် သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဆီဒုန်မြို့တိုင်အောင်ရောက်လိမ့်မည်။ 14ဣသခါသည် သိုးခြံများကြား#49:14 သို့မဟုတ် “ဝန်ထုပ်နှစ်ထုပ်ကြား”၊ “ကုန်းနှီးအိတ်ကြား”။၌ဝပ်နေသော သန်မာသည့်မြည်းဖြစ်၏။ 15နားနေရာအရပ်သည် အလွန်ကောင်းပြီး ပြည်သည် အလွန်သာယာသည်ကို သူမြင်၏။ ထို့ကြောင့် ဝန်ကိုထမ်းရန်မိမိပခုံးကိုညွှတ်၍ သူသည် အခွန်ဆက်သောကျွန်ဖြစ်လာ၏။ 16ဒန်သည် အစ္စရေးမျိုးနွယ်တစ်နွယ်အဖြစ် မိမိလူမျိုးကိုစစ်ကြောစီရင်လိမ့်မည်။ 17ဒန်သည် လမ်းပေါ်ကမြွေ၊ လမ်းဘေးကမြွေပွေးဖြစ်လိမ့်မည်။ သူသည် မြင်း၏ဖနောင့်ကိုပေါက်သဖြင့် မြင်းစီးသောသူသည် နောက်ပြန်ပြုတ်ကျလိမ့်မည်။ 18အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကို စောင့်မျှော်ပါ၏။ 19ဂဒ်#49:19 “ဖိနှိပ်တိုက်ခိုက်သည်”ဟူသောအဓိပ္ပာယ်ရှိ၏။မူကား စစ်သူရဲတို့သည် သူ့ကိုဖိနှိပ်တိုက်ခိုက်လာသော်လည်း သူသည် သူတို့၏ဖနောင့်ကို ပြန်၍ဖိနှိပ်တိုက်ခိုက်လိမ့်မည်။ 20အာရှာ၏အစားအစာသည် အဆီအဆိမ့်နှင့်ပြည့်ဝ၍ ရှင်ဘုရင်အတွက်စားကောင်းသောက်ဖွယ်တို့ကို ထုတ်လုပ်ပေးလိမ့်မည်။ 21နဿလိသည် ချစ်ဖွယ်သောသမင်ပေါက်များကိုပေါက်ဖွားသည့်#49:21 သို့မဟုတ် “ယဉ်ယဉ်ကျေးကျေးစကားပြောဆိုသည့်”။ အချုပ်အနှောင်ကင်းသောသမင်မဖြစ်၏။ 22ယောသပ်သည် အသီးဖြစ်ထွန်းသောစပျစ်ပင်၊ စမ်းရေနားရှိ အသီးဖြစ်ထွန်းသောစပျစ်ပင်ဖြစ်၏။ သူ၏အကိုင်းတို့သည် တံတိုင်းကိုကျော်၏။ 23လေးသမားတို့သည် သူ့ကိုအငြိုးထား၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်ပစ်ခတ်ကြ၏။ 24သို့သော် ယာကုပ်၏တန်ခိုးကြီးသောအရှင်၏လက်တော်အားဖြင့်၊ အစ္စရေး၏ကျောက်တည်းဟူသောသိုးထိန်းအားဖြင့် သူ၏လေးသည် တည်ငြိမ်၍ သူ၏လက်မောင်းတို့သည် သန်မာလျက်ရှိ၏။ 25သင့်ဖခင်၏ဘုရားသခင်သည် သင့်ကို ကူညီမစတော်မူမည်။ အနန္တတန်ခိုးရှင်သည် သင့်အား အထက်မိုးကောင်းကင်၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထု၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ သားမြတ်နှင့်သားအိမ်တို့၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း ကောင်းချီးပေးတော်မူမည်။ 26သင့်ဖခင်ပေးသောကောင်းချီးမင်္ဂလာတို့သည် ငါ့ဘိုးဘေးတို့ပေးသောကောင်းချီးမင်္ဂလာထက်၊ ရှေးတောင်ကုန်းတို့၌ရှိသောကောင်းချီးအဖြာဖြာထက် သာလွန်၏။ ထိုကောင်းချီးမင်္ဂလာတို့သည် ယောသပ်၏ခေါင်းပေါ်၌လည်းကောင်း၊ သူ့ညီအစ်ကိုတို့ထဲမှအကြီးအကဲတို့၏ဦးထိပ်ပေါ်၌လည်းကောင်း သက်ရောက်ပါစေသော။ 27ဗင်္ယာမိန်သည် ကိုက်ဖြတ်စားသောက်တတ်သည့်ဝံပုလွေဖြစ်၏။ သူသည် နံနက်အချိန်၌ သားကောင်ကိုစား၍ နေဝင်ချိန်၌ လုယက်သောအရာကို ခွဲဝေ၏”ဟု ဆိုလေ၏။
28ဤသူအပေါင်းတို့သည် အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်ဖြစ်၏။ ဤသည်ကား သူတို့၏ဖခင်သည် သူတို့အသီးသီးရထိုက်သောကောင်းချီးမင်္ဂလာအတိုင်း သူတို့အားကောင်းချီးပေးသောအခါ မြွက်ဆိုသောစကားဖြစ်၏။
စျာပနအတွက်ယာကုပ်အမှာစကား
29တစ်ဖန် ယာကုပ်က သူတို့အား “ငါသည် ငါ့လူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ ဟိတ္တိလူမျိုး၊ ဧဖရုန်၏လယ်၌ရှိသောလိုဏ်ဂူထဲ၌ ငါ့ကို ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ်ကြလော့။ 30ထိုလိုဏ်ဂူသည် ခါနာန်ပြည်၊ မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိ၏။ အာဗြဟံသည် ထိုလယ်ကို ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဟိတ္တိလူမျိုးဧဖရုန်ထံမှ ဝယ်ယူခဲ့၏။ 31ထိုအရပ်၌ အာဗြဟံနှင့်သူ၏မယားစာရာကို သင်္ဂြိုဟ်ကြ၏။ ထိုအရပ်၌ ဣဇက်နှင့်သူ၏မယားရေဗက္ကာကို သင်္ဂြိုဟ်ကြ၏။ လေအာကိုလည်း ထိုအရပ်၌ ငါသင်္ဂြိုဟ်ခဲ့၏။ 32ထိုလယ်နှင့်လယ်ထဲရှိလိုဏ်ဂူကို ဟေသအမျိုးသားတို့ထံမှ ဝယ်ယူခဲ့၏”ဟု မှာကြားလေ၏။ 33ယာကုပ်သည် သူ၏သားတို့ကိုမှာကြားပြီးသောအခါ ခုတင်ပေါ်သို့သူ၏ခြေကိုရုပ်ပြီး နောက်ဆုံးထွက်သက်ထွက်၍ သူသည် မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
Currently Selected:
ကမ္ဘာဦးကျမ်း 49: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative