YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 44

44
ယောသပ်၏နောက်ဆုံးစမ်းသပ်ချက်
1ထို့နောက် ယောသပ်​သည် မိမိ​၏​အိမ်ထိန်း​အား “​သူ​တို့​အိတ်​များ​ထဲ၌ သူ​တို့​သယ်​နိုင်​သမျှ​အစားအစာ​ကို အပြည့်​ဖြည့်​လော့​။ သူ​တို့​အသီးသီး​၏​ငွေ​ကို​လည်း သူ​တို့​အိတ်​ဝ​၌​ပြန်ထည့်​ပေး​လော့​။ 2အငယ်ဆုံး​၏​အိတ်​ဝ​၌ စားနပ်ရိက္ခာ​ဝယ်ယူ​သည့်​ငွေ​နှင့်တကွ ငါ့​ငွေ​ခွက်​ကို ထည့်​လိုက်​လော့​”​ဟု မိန့်မှာ​၏​။ အိမ်ထိန်း​သည် ယောသပ်​မိန့်ဆို​သည့်​စကား​အတိုင်း​ပြု​လေ​၏​။
3နံနက်​မိုးလင်း​သောအခါ သူ​တို့​ကို သူ​တို့​၏​မြည်း​များ​နှင့်တကွ ပြန်လွှတ်​လိုက်​လေ​၏​။ 4သူ​တို့​သည် မြို့​မှ​ထွက်​၍ အဝေး​သို့​မ​ရောက်​သေး​မီ ယောသပ်​သည် မိမိ​၏​အိမ်ထိန်း​အား “​ထ​လော့​။ သူ​တို့​နောက်သို့​လိုက်​လော့​။ သူ​တို့​ကို​မီ​သောအခါ ‘​သင်​တို့​သည် အဘယ်ကြောင့် အကောင်း​ကို​အဆိုး​ဖြင့်​တုံ့ပြန်​ရ​သနည်း​။ 5ဤ​ခွက်​သည် ငါ့​သခင်​သောက်​သော​ခွက်​ဖြစ်​သည်​သာမက နိမိတ်ဖတ်​သော​ခွက်​လည်း ဖြစ်​သည်​မ​ဟုတ်​လော​။ သင်​တို့​ပြု​သော​အမှု​သည် ဆိုးညစ်​လှ​ပါ​တကား​’​ဟူ၍ သူ​တို့​အား ပြော​ရ​မည်​”​ဟု မိန့်မှာ​လေ​၏​။
6အိမ်ထိန်း​သည် သူ​တို့​ကို​မီ​သောအခါ သူ​တို့​အား ထို​စကား​ကို​ပြော​လေ​၏​။ 7သူ​တို့​က​လည်း “​အကျွန်ုပ်​သခင် အဘယ်ကြောင့် ဤ​စကား​ကို​ပြော​ရ​ပါ​သနည်း​။ ထိုသို့​ပြု​ခြင်း​အမှု​သည် သခင့်​အစေအပါး​တို့​နှင့်​ဝေး​ပါစေ​။ 8အကျွန်ုပ်​တို့​၏​အိတ်​ဝ​၌​တွေ့ရှိ​ခဲ့​သော​ငွေ​ကို ခါနာန်​ပြည်​မှ သခင့်​ထံသို့​ပြန်ယူလာ​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​သည် အဘယ်ကြောင့် သခင်​၏​အရှင်သခင်​အိမ်​မှ ရွှေ​၊ ငွေ​ကို​ခိုးယူ​ရ​မည်နည်း​။ 9သခင့်​အစေအပါး​တို့​ထဲမှ တစ်ယောက်ယောက်​ထံ၌ ထို​ခွက်​ကို​တွေ့​လျှင် သူ​သည် သေဒဏ်​သင့်​ပါစေ​။ အကျွန်ုပ်​တို့​သည်​လည်း သခင့်​ထံ၌ ကျွန်ခံ​ပါ​မည်​”​ဟု ဆို​ကြ​၏​။
10အိမ်ထိန်း​က “​ကောင်း​ပြီ​။ သင်​တို့​၏​စကား​အတိုင်း​ဖြစ်​စေ​။ တစ်ယောက်ယောက်​ထံ၌ ထို​ခွက်​ကို တွေ့​လျှင် ထို​သူ​သည် ငါ့​ထံ၌​ကျွန်ခံ​ရ​မည်​။ ကျန်သောသူ​တို့​မူကား ကင်းလွတ်​စေ​”​ဟု ဆို​လေ​၏​။
11ထိုအခါ သူ​တို့​အသီးသီး​သည် မိမိ​တို့​အိတ်​ကို မြေ​ပေါ်သို့​အလျင်အမြန်​ချ​ပြီး မိမိ​တို့​အိတ်​ကို​ဖွင့်​ကြ​၏​။ 12အိမ်ထိန်း​သည်​လည်း အကြီးဆုံး​မှ​စ​၍ အငယ်ဆုံး​တိုင်အောင်​ရှာဖွေ​ရာ ဗင်္ယာမိန်​၏​အိတ်​ထဲ၌ ခွက်​ကို​တွေ့​လေ​၏​။ 13ထိုအခါ သူ​တို့​သည် မိမိ​တို့​၏​အဝတ်​များ​ကို​ဆုတ်ဖြဲ​၍ အသီးသီး မိမိ​တို့​၏​မြည်း​များ​ပေါ်သို့ ဝန်​ကို​ပြန်တင်​ပြီးလျှင် မြို့​သို့​ပြန်လာ​ကြ​၏​။
14ယုဒ​နှင့်​သူ​၏​ညီအစ်ကို​တို့​သည် ယောသပ်​၏​အိမ်​သို့​ပြန်ရောက်​သောအခါ ယောသပ်​သည် အိမ်​၌​ပင်​ရှိ​နေ​သေး​၍ သူ​တို့​သည် ယောသပ်​ရှေ့​၌ ညွတ်တွား​ပျပ်ဝပ်​ကြ​၏​။ 15ယောသပ်​က သူ​တို့​အား “​သင်​တို့​ပြု​သော​ဤ​အမှု​ကား မည်သို့​နည်း​။ ငါ​ကဲ့သို့သော​လူ​သည် နိမိတ်ဖတ်​တတ်​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော​”​ဟု ဆို​လေ​၏​။
16ယုဒ​က “​အကျွန်ုပ်​တို့​သည် သခင့်​အား မည်သို့​ပြန်လျှောက်​နိုင်​ပါ​မည်နည်း​။ မည်သို့​ဆို​နိုင်​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​ဖြောင့်မတ်​ကြောင်း မည်သို့​သက်သေပြ​နိုင်​ပါ​မည်နည်း​။ ဘုရားသခင်​သည် သခင့်​အစေအပါး​တို့​၏​ဒုစရိုက်​ကို​တွေ့မြင်​တော်မူ​ပြီ​။ လက်ဝယ်​၌​ခွက်​ရှိ​သော​သူ​မှစ၍ အကျွန်ုပ်​တို့​သည် သခင့်​ကျွန်​များ​ဖြစ်​ကြ​ပါ​၏​”​ဟု လျှောက်​လေ​၏​။
17သို့သော် ယောသပ်​က “​ထိုသို့​ပြု​ခြင်း​သည် ငါ​နှင့်​ဝေး​ပါစေ​။ လက်ဝယ်​၌ ခွက်​ရှိ​သော​သူ​သည် ငါ့​ထံ၌ ကျွန်ခံ​ရ​မည်​။ သင်​တို့​မူကား သင်​တို့​ဖခင်​ထံသို့ ငြိမ်းချမ်း​စွာ​ပြန်သွား​ကြ​လော့​”​ဟု ဆို​၏​။
ဗင်္ယာမိန်အတွက် ယုဒအသနားခံခြင်း
18ထိုအခါ ယုဒ​သည် သူ့​ထံသို့​ချဉ်းကပ်​၍ “​အို​၊ အကျွန်ုပ်​သခင်​၊ သခင်​သည် ဖာရော​မင်းကြီး​ကဲ့သို့​ဖြစ်​ပါ​၏​။ သခင့်​အစေအပါး​သည် သခင့်​အား စကား​တစ်ခွန်း​လျှောက်​ပါရစေ​။ သခင့်​အစေအပါး​အပေါ် အမျက်​မ​ထွက်​ပါ​နှင့်​။ 19သခင်​က သခင့်​အစေအပါး​တို့​အား ‘​သင်​တို့​၌ ဖခင်​ရှိ​သလော​၊ ညီ​ရှိ​သလော​’​ဟု မေး​သဖြင့် 20အကျွန်ုပ်​တို့​က​လည်း သခင့်​အား ‘​အကျွန်ုပ်​တို့​၌ အသက်ကြီး​ပြီ​ဖြစ်​သော​ဖခင်​နှင့် ဖခင်​အသက်ကြီး​မှ​ရ​သော​သား​အငယ်ဆုံး​တစ်​ယောက်​ရှိ​ပါ​၏​။ သူ​၏​အစ်ကို​ကား သေဆုံး​သွား​ပါ​ပြီ​။ သူ့​မိခင်​ဖွား​သော​သား​တွင် သူ​တစ်ယောက်တည်း​ကျန်​ပါ​၏​။ သူ့​ဖခင်​သည် သူ့​ကို​ချစ်​ပါ​၏​’​ဟု ဖြေကြား​ခဲ့​ပါ​၏​။ 21ထိုအခါ သခင်​က သခင့်​အစေအပါး​တို့​အား ‘​သူ့​ကို တွေ့မြင်​ရ​ဖို့ ငါ့​ထံသို့​ခေါ်ဆောင်​ခဲ့​လော့​’​ဟု ဆို​ပါ​၏​။ 22အကျွန်ုပ်​တို့​က​လည်း သခင့်​အား ‘​သူငယ်​သည် အဖေ့​ကို​ထားခဲ့​၍​မ​ရ​ပါ​။ အဖေ့​ကို ထားခဲ့​လျှင် အဖေ​သေ​ပါ​လိမ့်မည်​’​ဟု လျှောက်​ကြ​ပါ​၏​။ 23သို့သော် သခင်​က သခင့်​အစေအပါး​တို့​အား ‘​သင်​တို့​၏​အငယ်ဆုံး​ညီ​ကို သင်​တို့​နှင့်အတူ​မ​ခေါ်ဆောင်​လာ​ခဲ့​ပါက ငါ့​မျက်နှာ​ကို နောက်တစ်ဖန်​သင်​တို့​မြင်​ရ​မည်​မ​ဟုတ်​’​ဟု ဆို​ပါ​၏​။
24အကျွန်ုပ်​တို့​သည် သခင့်​အစေအပါး​ဖြစ်​သော အကျွန်ုပ်​တို့​၏​ဖခင်​ထံသို့ ပြန်ရောက်​သောအခါ သခင့်​စကား​ကို ဖခင်​အား​ပြောပြ​ကြ​ပါ​၏​။ 25ထို့နောက် အကျွန်ုပ်​တို့​၏​ဖခင်​က ‘​တစ်ဖန်​သွား​၍ ငါ​တို့​အတွက် အစားအစာ​အနည်းငယ်​ကို ဝယ်ယူ​ကြ​လော့​’​ဟု ဆို​၏​။ 26သို့သော် အကျွန်ုပ်​တို့​က ‘​အကျွန်ုပ်​တို့​မ​သွား​နိုင်​ပါ​။ အငယ်ဆုံး​ညီ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​ပါ​လျှင် ထို​သူ​၏​မျက်နှာ​ကို မြင်​ရ​မည်​မ​ဟုတ်​။ ထို့ကြောင့် အငယ်ဆုံး​ညီ​သည် အကျွန်ုပ်​တို့​နှင့်အတူ​ပါ​လျှင် အကျွန်ုပ်​တို့​သွား​ပါ​မည်​’​ဟု ပြန်ပြော​ကြ​ပါ​၏​။ 27ထိုအခါ သခင့်​အစေအပါး​ဖြစ်​သော အကျွန်ုပ်​တို့​ဖခင်​က ‘​ငါ့​မယား​သည် ငါ့​အတွက် သား​နှစ်​ယောက်​မွေးဖွား​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏​။ 28တစ်​ယောက်​သည် ငါ့​ထံမှ ထွက်သွား​လေ​ပြီ​။ “သူ​သည် အမှန်ပင် အပိုင်းပိုင်း​ကိုက်ဖြတ်​ခြင်း​ကို​ခံရ​လေ​ပြီ​”​ဟု ငါ​ညည်းတွား​ပြောဆို​ခဲ့​ရ​၏​။ ထို​အချိန်​မှစ၍ သူ့​ကို​ငါ​မ​တွေ့​ရ​တော့​ပေ​။ 29ဤ​တစ်​ယောက်​ကို​လည်း သင်​တို့​သည် ငါ့​ထံမှ​ယူသွား​၍ သူ့​အပေါ်​အန္တရာယ်​ကျရောက်​မည်​ဆို​လျှင် သင်​တို့​သည် ဆံပင်ဖြူ​သူ​ငါ့​ကို ဝမ်းနည်း​စွာ​ဖြင့် မရဏာနိုင်ငံ​သို့ ဆင်းသွား​စေ​ရာ​ရောက်​လိမ့်မည်​’​ဟု အကျွန်ုပ်​တို့​အား ဆို​ပါ​၏​။
30သို့ဖြစ်၍ အကျွန်ုပ်​သည် သခင့်​အစေအပါး​ဖြစ်​သော အကျွန်ုပ်​ဖခင်​ထံသို့​ပြန်ရောက်​သောအခါ အကျွန်ုပ်​တို့​နှင့်အတူ သူငယ်​မ​ပါ​လျှင် အဖေ​၏​အသက်​သည် သူငယ်​၏​အသက်​နှင့်​နှောင်ဖွဲ့ရစ်ပတ်​လျက်​ရှိ​သောကြောင့် 31သူငယ်​မ​ပါ​သည်​ကို​သိမြင်​သောအခါ အဖေ​သည် သေ​ပါ​လိမ့်မည်​။ ကျွန်တော်မျိုး​တို့​သည် သခင့်​အစေအပါး​ဖြစ်​သော ဆံပင်ဖြူသူ​အကျွန်ုပ်​တို့​ဖခင်​ကို ဝမ်းနည်း​စွာ​ဖြင့်​မရဏာနိုင်ငံ​သို့ ဆင်းသွား​စေ​ရာ​ရောက်​လိမ့်မည်​။ 32သခင့်​အစေအပါး​အကျွန်ုပ်​က ‘​သူငယ်​ကို အဖေ့​ထံသို့​ပြန်​မ​ခေါ်လာ​ခဲ့​လျှင် အကျွန်ုပ်​သည် အဖေ​၏​အပြစ်တင်​ခြင်း​ကို အစဉ်အမြဲ​ခံယူ​ပါ​မည်​’​ဟု ဆို​လျက် အဖေ့​ထံ​သူငယ်​အတွက်​အာမခံ​ခဲ့​ပါ​၏​။ 33ထို့ကြောင့် သခင့်​အစေအပါး​သည် သူငယ်​အစား သခင့်​ထံ၌ ကျွန်​အဖြစ်​နေရစ်​ခဲ့​ပါရစေ​။ သူငယ်​ကို သူ​၏​အစ်ကို​တို့​နှင့်အတူ ပြန်သွား​ခွင့်​ပြု​ပါ​။ 34အကျွန်ုပ်​နှင့်အတူ သူငယ်​မ​ပါ​လျှင် အကျွန်ုပ်​သည် ဖခင်​ထံသို့ မည်သို့​ပြန်သွား​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​ဖခင်​ကြုံတွေ့​ရ​မည့်​စိတ်ဒုက္ခ​ကို အကျွန်ုပ်​မ​မြင်​လို​ပါ​”​ဟု လျှောက်​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in