ကမ္ဘာဦးကျမ်း 43
43
အီဂျစ်ပြည်သို့ နောက်တစ်ဖန်သွားရန် ဆုံးဖြတ်ကြခြင်း
1ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ပို၍ဆိုးရွားလာ၏။ 2အီဂျစ်ပြည်မှ သူတို့ယူဆောင်လာသောစားနပ်ရိက္ခာကိုစား၍ကုန်သောအခါ ဖခင်ကသူတို့အား “တစ်ဖန်သွား၍ ငါတို့အတွက် အစားအစာအနည်းငယ်ကို ဝယ်ယူကြလော့”ဟု ဆို၏။
3ယုဒကလည်း “ထိုသူက ‘သင်တို့နှင့်အတူ သင်တို့ညီ မပါလာလျှင် ငါ့မျက်နှာကို သင်တို့မြင်ရမည်မဟုတ်’ဟု အကျွန်ုပ်တို့ကို အသေအချာသတိပေးထားပါ၏။ 4အကျွန်ုပ်တို့၏ညီကို အကျွန်ုပ်တို့နှင့်အတူလွှတ်လျှင် အဖေ့အတွက် အစားအစာကို အကျွန်ုပ်တို့သွား၍ဝယ်ယူပါမည်။ 5မလွှတ်လျှင် အကျွန်ုပ်တို့မသွားပါ။ အကြောင်းမူကား ထိုသူက ‘သင်တို့၏ညီသည် သင်တို့နှင့်အတူမပါလာလျှင် ငါ့မျက်နှာကို သင်တို့မြင်ရမည်မဟုတ်’ဟု အကျွန်ုပ်တို့အားပြောပါ၏”ဟု ဖခင်အားဆိုလေ၏။ 6အစ္စရေးကလည်း “သင်တို့သည် သင်တို့၌ညီနောက်တစ်ယောက်ရှိသေးကြောင်း ထိုသူအားပြောပြီး အဘယ်ကြောင့် ငါ့ကိုဒုက္ခရောက်စေသနည်း”ဟု ဆို၏။ 7သူတို့ကလည်း “ထိုသူက ‘သင်တို့၏ဖခင်အသက်ရှင်သေးသလော။ သင်တို့၌ညီရှိသလော’ဟု ဆိုလျက် အကျွန်ုပ်တို့အကြောင်း၊ အကျွန်ုပ်တို့၏ဆွေမျိုးသားချင်းအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းသောကြောင့် အကျွန်ုပ်တို့သည် ထိုစကားများအလိုက် သူ့ကိုပြန်ဖြေရပါ၏။ ‘သင်တို့ညီကိုခေါ်ဆောင်ခဲ့လော့’ဟု သူပြောလိမ့်မည်ကို အကျွန်ုပ်တို့အမှန်သိနိုင်ပါမည်လော”ဟု ပြန်ပြောကြ၏။
8ယုဒကလည်း မိမိ၏ဖခင်အစ္စရေးအား “အဖေမှစ၍ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ကလေးတို့သည် မသေဘဲ အသက်ရှင်မည့်အကြောင်း သူငယ်ကို အကျွန်ုပ်နှင့်အတူလွှတ်ပါလော့။ အကျွန်ုပ်တို့သည်ထ၍ သွားကြပါမည်။ 9သူ့အတွက် အကျွန်ုပ်အာမခံပါ၏။ သူ့ကို အကျွန်ုပ်တာဝန်ယူပါမည်#43:9 တိုက်ရိုက်ပြန်ဆိုလျှင် “သူ့ကို အကျွန်ုပ်ထံမှ တောင်းပါ”။။ အကယ်၍ အကျွန်ုပ်သည် သူ့ကိုအဖေ့ထံသို့ ပြန်မခေါ်လာ၊ အဖေ့ထံပြန်မအပ်လျှင် အကျွန်ုပ်သည် အဖေ့၏အပြစ်တင်ခြင်းကို တစ်သက်လုံးခံယူပါမည်။ 10အကျွန်ုပ်တို့သည် ဤမျှလောက်တုံ့ဆိုင်းမနေခဲ့လျှင် နှစ်ကြိမ်ပြန်ရောက်နိုင်လောက်ပြီ”ဟု ဆိုလေ၏။
11ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။ 12သင်တို့လက်ထဲ၌ ငွေနှစ်ဆယူသွားကြလော့။ သင်တို့၏အိတ်ဝတွင် ပြန်ထည့်ပေးလိုက်သောငွေကိုလည်း ပြန်ယူသွားကြလော့။ မှား၍ထည့်ပေးလိုက်ခြင်းဖြစ်ကောင်းဖြစ်မည်။ 13သင်တို့၏ညီကိုခေါ်ဆောင်ပြီး တစ်ဖန် ထိုသူထံသို့ ထသွားကြလော့။ 14အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်တို့ကို သနားစုံမက်တော်မူ၍ ထိုသူသည် သင်တို့၏ညီအစ်ကိုရှိမောင်နှင့်ဗင်္ယာမိန်ကို သင်တို့နှင့်အတူပြန်လွှတ်ပေးပါစေသော။ ငါသည် သားများကိုဆုံးရှုံးလျှင်လည်း ဆုံးရှုံးရပါတော့မည်”ဟု ဆိုလေ၏။
အီဂျစ်ပြည်သို့ နောက်တစ်ဖန်သွားကြခြင်း
15ထို့ကြောင့် သူတို့သည် လက်ဆောင်တို့ကိုယူဆောင်သွား၍ သူတို့လက်ထဲ၌ ငွေနှစ်ဆနှင့်တကွ ဗင်္ယာမိန်ကိုလည်း ခေါ်ဆောင်သွားကြ၏။ သူတို့သည် ထ၍အီဂျစ်ပြည်သို့ဆင်းသွားကာ ယောသပ်ရှေ့၌ အခစားဝင်ကြ၏။
16ယောသပ်သည် သူတို့နှင့်အတူ ဗင်္ယာမိန်ကိုမြင်သောအခါ မိမိအိမ်ထိန်းအား “ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ တိရစ္ဆာန်ကိုသတ်၍ပြင်ဆင်ချက်ပြုတ်ထားလော့။ ဤသူတို့သည် ငါနှင့်အတူ နေ့လယ်စာ စားသောက်ကြလိမ့်မည်”ဟု မှာကြားလေ၏။ 17သို့ဖြစ်၍ အိမ်ထိန်းသည် ယောသပ်မှာကြားသည့်အတိုင်း ပြု၏။ သူတို့ကိုလည်း ယောသပ်၏အိမ်သို့ခေါ်ဆောင်သွား၏။
18သူတို့ကို ယောသပ်အိမ်သို့ခေါ်ဆောင်သွားသောကြောင့် သူတို့သည် ကြောက်ရွံ့လျက် “ယခင်တစ်ကြိမ်တွင် ငါတို့အိတ်ထဲ၌ပြန်ထည့်ပေးလိုက်သည့်ငွေနှင့်ပတ်သက်၍ သူသည် ငါတို့ကိုရန်ရှာပြီး ငါတို့ကိုနှိပ်စက်တော့မည်။ ငါတို့နှင့် ငါတို့၏မြည်းတို့ကိုလည်း ဖမ်းဆီးပြီးကျွန်ပြုတော့မည်”ဟု ပြောဆိုကြပြီးလျှင် 19ယောသပ်၏အိမ်ထိန်းအနားသို့သွား၍ အိမ်တံခါးဝတွင် သူနှင့်စကားပြောကြ၏။
20သူတို့က “အို အကျွန်ုပ်တို့၏သခင်၊ စင်စစ် အကျွန်ုပ်တို့သည် အစားအစာဝယ်ရန် ယခင်တစ်ခါ ရောက်လာခဲ့ပါ၏။ 21အပြန်တွင် အကျွန်ုပ်တို့သည် စခန်းချရာနေရာသို့ရောက်၍ အကျွန်ုပ်တို့၏အိတ်များကိုဖွင့်သောအခါ အသီးသီး၏ငွေသည် မိမိတို့အိတ်ဝ၌ရှိပါ၏။ အကျွန်ုပ်တို့၏ငွေသည် အလျှင်းမလျော့ပါ။ ထိုငွေကို အကျွန်ုပ်တို့ ပြန်ယူဆောင်လာခဲ့ပါ၏။ 22အစားအစာဝယ်ယူရန် နောက်ထပ်ငွေကိုလည်း အကျွန်ုပ်တို့ယူဆောင်လာခဲ့ပါ၏။ အကျွန်ုပ်တို့၏အိတ်များထဲ၌ အကျွန်ုပ်တို့၏ငွေကို မည်သူပြန်ထည့်ထားသည်ကို အကျွန်ုပ်တို့မသိပါ”ဟု သူ့အား ပြောဆိုကြ၏။
23ထိုအခါ အိမ်ထိန်းက “စိတ်အေးအေးထားပါ။ မကြောက်နှင့်။ သင်တို့၏ဘုရားသခင်၊ သင်တို့အဖ၏ဘုရားသခင်သည် သင်တို့၏အိတ်များထဲ၌ သင်တို့အတွက်ဘဏ္ဍာကို ထည့်ပေးတော်မူပြီ။ သင်တို့၏ငွေကိုကား ငါရရှိပြီ”ဟု ဆိုပြီးလျှင် ရှိမောင်ကို သူတို့ထံသို့ခေါ်ဆောင်ခဲ့၏။ 24အိမ်ထိန်းသည် သူတို့ကိုယောသပ်အိမ်ထဲသို့ခေါ်ဆောင်သွားပြီးမှ ရေပေး၍ သူတို့သည် ခြေဆေးကြ၏။ သူတို့၏မြည်းများကိုလည်း အစာကျွေး၏။ 25သူတို့သည် ယောသပ်အိမ်၌ နေ့လယ်စာစားရမည်ကို ကြားသိထားသဖြင့် ယောသပ်ရောက်မလာမီ လက်ဆောင်ကိုပြင်ဆင်ထားကြ၏။ 26ယောသပ်အိမ်သို့ပြန်ရောက်သောအခါ သူတို့သည် မိမိတို့၏လက်ဆောင်ကို အိမ်ထဲသို့ယူဆောင်လာ၍ ယောသပ်ရှေ့၌ ပျပ်ဝပ်ကြ၏။
27ထိုအခါ ယောသပ်သည် သူတို့အား သာကြောင်းမာကြောင်းနှုတ်ခွန်းဆက်ပြီးလျှင် “အသက်ကြီးပြီဟု သင်တို့ပြောသည့် သင်တို့၏ဖခင်သည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လော”ဟု မေးလေ၏။
28သူတို့ကလည်း “သခင့်အစေအပါးအကျွန်ုပ်တို့၏ဖခင်သည် ကျန်းမာပါ၏။ အသက်ရှင်ပါသေး၏”ဟု ပြန်လျှောက်ပြီးလျှင် ဦးညွှတ်ပျပ်ဝပ်ကြ၏။
29ယောသပ်သည် လှမ်းကြည့်၍ မိမိမိခင်၏သား၊ မိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ “ဤသူသည် သင်တို့ပြောသည့် သင်တို့၏ညီအငယ်ဆုံးလော”ဟု ဆိုပြီး “ငါ့သား၊ ဘုရားသခင် သင့်ကိုသနားတော်မူပါစေသော”ဟု ဆိုလေ၏။ 30ယောသပ်သည် မိမိညီကို အလွန်ကရုဏာသက်သောကြောင့် အလျင်အမြန်ထွက်သွား၍ ငိုကြွေးရန်နေရာရှာပြီး အတွင်းခန်းထဲသို့ဝင်၍ ငိုကြွေးလေ၏။ 31ထို့နောက် သူသည် မျက်နှာသစ်၍ အပြင်သို့ထွက်လာပြီးလျှင် စိတ်ကိုထိန်းလျက် “အစားအစာပြင်ဆင်လော့”ဟု အမိန့်ပေး၏။
32ထိုအခါ ယောသပ်အတွက်တစ်ပွဲ၊ ယောသပ်၏ညီအစ်ကိုတို့အတွက်တစ်ပွဲ၊ ယောသပ်နှင့်အတူစားသောအီဂျစ်လူမျိုးတို့အတွက်တစ်ပွဲ သီးသန့်စီပြင်ဆင်ကြ၏။ အကြောင်းမှာ အီဂျစ်လူမျိုးတို့သည် ဟေဗြဲလူမျိုးတို့နှင့်အတူ အစားအစာမစားရ။ အတူတူစားခြင်းသည် အီဂျစ်လူမျိုးတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ 33ယောသပ်ရှေ့၌ ယောသပ်၏ညီအစ်ကိုတို့ကို အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် အသက်အရွယ်အလိုက် နေရာချထား၏။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လျက် အံ့အားသင့်နေကြ၏။ 34ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
Currently Selected:
ကမ္ဘာဦးကျမ်း 43: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative