ကမ္ဘာဦးကျမ်း 40
40
အကျဉ်းသားနှစ်ဦး၏အိပ်မက်ကို ယောသပ်အနက်ဖွင့်ခြင်း
1ထို့နောက်တွင် အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် မိမိတို့၏သခင် အီဂျစ်ဘုရင်ကိုပြစ်မှားကြ၏။ 2ဖာရောမင်းကြီးသည် မိမိ၏မင်းမှုထမ်းနှစ်ယောက်ဖြစ်သော ဖလားတော်ဝန်နှင့်စားတော်ဝန်ကို အမျက်ထွက်လေ၏။ 3ထို့ကြောင့် ထိုမင်းမှုထမ်းတို့ကို ယောသပ်အချုပ်အနှောင်ခံရာအကျဉ်းထောင်ဖြစ်သည့် ကိုယ်ရံတော်မှူးအိမ်၌ အကျဉ်းချထားလေ၏။ 4ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ်လက်သို့အပ်သဖြင့် ယောသပ်သည် သူတို့ကိုကြည့်ရှုစောင့်ရှောက်ရ၏။ ထိုသူတို့သည် ရက်အတန်ကြာ အကျဉ်းချခံရကြ၏။
5အကျဉ်းထောင်ထဲ၌ အကျဉ်းချထားခြင်းခံရသော အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်နှစ်ယောက်တို့သည် အနက်ကိုယ်စီရှိသောအိပ်မက်ကို တစ်ညတည်း၌ အိပ်မက်မက်ကြ၏။ 6နံနက်အချိန်၌ ယောသပ်သည် သူတို့ထံသို့လာ၍ကြည့်ရှုရာ သူတို့မျက်နှာမသာမယာဖြစ်နေသည်ကို မြင်လေ၏။ 7ထို့ကြောင့် ယောသပ်သည် မိမိသခင့်အိမ်၌ မိမိနှင့်အတူအကျဉ်းချခံနေရသော ဖာရောမင်းကြီး၏မင်းမှုထမ်းတို့အား “ယနေ့ အဘယ်ကြောင့်မျက်နှာညှိုးငယ်နေကြသနည်း”ဟု မေး၏။ 8သူတို့ကလည်း “ငါတို့သည် အိပ်မက်မက်ကြ၏။ သို့သော် အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူ တစ်ယောက်မျှမရှိ”ဟု ပြန်ပြောကြ၏။ ယောသပ်ကလည်း “အနက်ဖွင့်ဆိုခြင်းသည် ဘုရားသခင်နှင့်ဆိုင်တော်မူသည်မဟုတ်လော။ သို့ဖြစ်၍ အကျွန်ုပ်အားပြောပြကြပါလော့”ဟု သူတို့အားဆိုလေ၏။
9ထိုအခါ ဖလားတော်ဝန်သည် မိမိ၏အိပ်မက်ကို ယောသပ်အားပြောပြလေ၏။ သူက “ငါ့ရှေ့တွင် စပျစ်ပင်တစ်ပင်ရှိ၏ဟု အိပ်မက်မက်၏။ 10ထိုစပျစ်ပင်၌ အခက်သုံးခက်ရှိ၏။ ၎င်းသည် အဖူးထွက်၍ အပွင့်ပွင့်လာပြီး စပျစ်ခိုင်မှစပျစ်သီးတို့သည်လည်း မှည့်လေ၏။ 11ငါသည် ဖာရောမင်းကြီး၏ခွက်ဖလားကိုကိုင်ထားလျက် ထိုစပျစ်သီးတို့ကိုယူ၍ ဖာရောမင်းကြီး၏ခွက်ဖလားထဲသို့ညှစ်ထည့်ပြီးလျှင် ထိုခွက်ဖလားကို ဖာရောမင်းကြီး၏လက်သို့ဆက်သ၏”ဟု ဆိုလေ၏။
12ထိုအခါ ယောသပ်က သူ့အား “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ အခက်သုံးခက်သည် သုံးရက်ဖြစ်၏။ 13သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုချီးမြှောက်၍ သင်၏ရာထူးကို သင့်အားပြန်ပေးလိမ့်မည်။ သင်သည် ယခင်က ဖာရောမင်းကြီး၏ဖလားတော်ဝန်ဖြစ်ခဲ့စဉ်ပြုလေ့ရှိသည့်အတိုင်း သူ၏ခွက်ဖလားကို သူ့လက်သို့ဆက်သရလိမ့်မည်။ 14သင်ကောင်းစားသောအခါ အကျွန်ုပ်ကိုအောက်မေ့၍ အကျွန်ုပ်အား မေတ္တာပြပါလော့။ ဤအိမ်ထဲမှ ထွက်လာနိုင်ရန် အကျွန်ုပ်အတွက် ဖာရောမင်းကြီးထံလျှောက်တင်ပေးပါလော့။ 15အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။
16စားတော်ဝန်သည် ယောသပ်ဖွင့်ပြသောအနက်ကောင်းသည်ကိုသိမြင်သောအခါ ယောသပ်အား “ငါသည်လည်း အိပ်မက်မက်၏။ ငါ့အိပ်မက်ထဲ၌ ငါ့ခေါင်းပေါ်တွင် အဖြူရောင်တောင်းသုံးလုံးရွက်ထား၏။ 17အပေါ်ဆုံးတောင်းထဲတွင် ဖာရောမင်းကြီးအတွက်ဖုတ်ထားသောစားစရာအမျိုးမျိုးရှိ၏။ သို့သော် ငှက်တို့သည် ငါ့ခေါင်းပေါ်တွင်ရွက်ထားသောတောင်းထဲမှ ထိုစားစရာတို့ကိုစားကြ၏”ဟု ပြောပြလေ၏။
18ထိုအခါ ယောသပ်က “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။ 19သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေ#40:19 တိုက်ရိုက်ပြန်ဆိုလျှင် “သင့်ခေါင်းကို သင့်ကိုယ်မှမြှောက်”။ပြီး သင့်ကိုယ်ကို သစ်တိုင်၌ချိတ်ဆွဲထားလိမ့်မည်။ ငှက်တို့သည် သင့်အသားကိုစားကြလိမ့်မည်”ဟု ဆိုလေ၏။
20ထို့နောက် သုံးရက်မြောက်သောနေ့တွင် ဖာရောမင်းကြီး၏မွေးနေ့ကျရောက်သဖြင့် မိမိ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲပြုလုပ်လေ၏။ မိမိ၏အမှုထမ်းတို့ရှေ့၌ ဖလားတော်ဝန်ကိုချီးမြှင့်#40:20 တိုက်ရိုက်ပြန်ဆိုလျှင် “ဖလားတော်ဝန်၏ခေါင်းကိုမြှောက်”။၍ စားတော်ဝန်ကိုကား ခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေ#40:20 တိုက်ရိုက်ပြန်ဆိုလျှင် “စားတော်ဝန်၏ခေါင်းကိုမြှောက်”။လေ၏။ 21ဖလားတော်ဝန်အား ဖလားတော်ဝန်ရာထူးကိုပြန်ပေး၍ သူသည် ဖာရောမင်းကြီး၏လက်သို့ ခွက်ဖလားကို ပြန်လည်ဆက်သခွင့်ရရှိလေ၏။ 22စားတော်ဝန်ကိုမူကား သစ်တိုင်၌ချိတ်ဆွဲထားလေ၏။ သူတို့အား ယောသပ်အနက်ဖွင့်ပြပေးခဲ့သည့်အတိုင်းဖြစ်လေ၏။ 23သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကိုမအောက်မေ့ဘဲ မေ့လျော့လျက်နေလေ၏။
Currently Selected:
ကမ္ဘာဦးကျမ်း 40: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative