YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 39

39
ပေါတိဖာအိမ်သို့ ယောသပ်ရောက်သွားခြင်း
1ယောသပ်​သည် အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ခြင်း​ခံရ​၏​။ ထို​ပြည်​သို့​ရောက်​သောအခါ အီဂျစ်​အမျိုးသား​၊ ဖာရော​မင်းကြီး​၏​မှူးမတ်​၊ ကိုယ်ရံတော်မှူး ပေါတိဖာ​သည် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​လက်​မှ ဝယ်ယူ​လိုက်​၏​။ 2ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​တော်မူ​သဖြင့် သူ​သည် အောင်မြင်​သော​သူ​ဖြစ်လာ​၍ မိမိ​သခင်​အီဂျစ်​အမျိုးသား​၏​အိမ်​၌​နေထိုင်​ရ​၏​။ 3ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ သူ​ပြု​လေရာရာ​၌ ထာဝရဘုရား​အောင်မြင်​စေ​တော်မူ​ကြောင်း​ကို​လည်းကောင်း သူ​၏​သခင်​သည် သိမြင်​လေ​၏​။ 4ထို့ကြောင့် ယောသပ်​သည် သခင့်​ရှေ့​၌​မျက်နှာရ​၍ သခင့်​အား​ခစား​လျက်​နေ​ရ​၏​။ သခင်​သည် မိမိ​အိမ်​ကို​ကြီးကြပ်သူ​အဖြစ် သူ့​အား​ခန့်ထား​၍ မိမိ​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို သူ့​လက်​၌​အပ်​လေ​၏​။ 5ထိုသို့ သခင်​သည် မိမိ​အိမ်​နှင့်​မိမိ​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို သူ့​အား​အပ်နှံ​သော​အချိန်​မှစ၍ ထာဝရဘုရား​သည် ယောသပ်​အားဖြင့် ထို​အီဂျစ်​အမျိုးသား​၏​အိမ်​ကို​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​၏​အိမ်​၊ သူ​၏​လယ်ယာ​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​အပေါ် ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သက်ရောက်​လေ​၏​။ 6ထို့ကြောင့် သခင်​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ယောသပ်​လက်​သို့​အပ်​၍ မိမိ​စား​သော​အစားအစာ​မှတစ်ပါး မိမိ​ပိုင်​သော​မည်သည့်​အရာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ​၏​။ ယောသပ်​သည် အဆင်းသဏ္ဌာန်​လှ​၍ ရုပ်ရည်​ချောမော​သော​သူ​ဖြစ်​၏​။ 7နောက်ပိုင်းတွင် သခင်​၏​မယား​သည် ယောသပ်​ကို​နှစ်သက်တပ်မက်​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လျှင်
8ယောသပ်​သည် ငြင်းဆန်​၍ သူ့​သခင်​၏​မယား​အား “​အကျွန်ုပ်​၏​သခင်​သည် အိမ်​၌​ရှိ​သော​အရာ​တို့​ကို​မ​သိ​မ​မှတ်​ပါ​။ သူ​၌​ရှိသမျှ​သော​အရာ​တို့​ကို အကျွန်ုပ်​လက်​သို့​အပ်​ပါ​ပြီ​။ 9ဤ​အိမ်​၌ အကျွန်ုပ်​ထက်​ကြီးမြတ်​သော​သူ​မ​ရှိ​ပါ​။ သခင်မ​သည် အကျွန်ုပ်​သခင်​၏​မယား​ဖြစ်​သောကြောင့် အကျွန်ုပ်​၏​သခင်​သည် သခင်မ​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​အကျွန်ုပ်​အား မ​ဟန့်တား​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ဤမျှလောက်​ကြီးမား​သော​မကောင်းမှု​ကို​ပြု​၍ ဘုရားသခင်​ကို ပြစ်မှား​ရ​ပါ​မည်လော​”​ဟု ဆို​လေ​၏​။
10ထို​သခင်မ​သည် ယောသပ်​အား သူ​နှင့်အတူ​အိပ်​ရန်​၊ သူ​နှင့်အတူ​နေ​ရန် နေ့စဉ်နေ့တိုင်း ပြောဆို​နေ​သော်လည်း ယောသပ်​သည် သူ့​ကို​နား​မ​ထောင်​ပေ​။ 11တစ်နေ့တွင် ယောသပ်​သည် အလုပ်​လုပ်​ရန်​အိမ်​ထဲသို့​ဝင်သွား​ရာ အိမ်​ထဲ၌ အိမ်သား​ယောက်ျား​တစ်ယောက်မျှ​မ​ရှိ​ချေ​။ 12ထိုအခါ သခင်မ​သည် ယောသပ်​၏​အဝတ်​ကို​ဖမ်းဆွဲ​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လေ​၏​။ သို့သော် ယောသပ်​သည် မိမိ​အဝတ်​ကို သခင်မ​လက်​ထဲ၌​စွန့်ထား​ခဲ့​၍ အပြင်ဘက်​သို့​ပြေး​ထွက်သွား​လေ​၏​။ 13ထိုသို့ ယောသပ်​သည် သူ့​အဝတ်​ကို သခင်မ​လက်​ထဲ၌​စွန့်ထား​ခဲ့​၍ အပြင်ဘက်​သို့​ထွက်ပြေး​သွား​သည်​ကို သခင်မ​ကြည့်​ပြီး 14မိမိ​၏​အိမ်သား​ယောက်ျား​တို့​ကို​ခေါ်​၍ သူ​တို့​အား “​ကြည့်​ကြ​ပါ​။ သခင်​ခေါ်လာ​သော ဟေဗြဲ​အမျိုးသား​သည် ငါ​တို့​ကို စော်ကား​ပါ​ပြီ​တကား​။ ငါ​နှင့်​အိပ်​ဖို့ ငါ့​ထံသို့​ဝင်လာ​သဖြင့် ငါ​သည် အသံကုန်​အော်ဟစ်​ရ​ပါ​၏​။ 15ထိုသို့ ငါ​အသံကုန်​အော်ဟစ်​သည်​ကို သူ​ကြား​သောအခါ သူ့​အဝတ်​ကို ငါ့​လက်​၌​စွန့်ထား​ခဲ့​၍ အပြင်​သို့​ပြေး​ထွက်သွား​လေ​၏​”​ဟု ဆို​ပြီးလျှင်
16သခင်​အိမ်​သို့​ပြန်ရောက်​သည့်​တိုင်အောင် ယောသပ်​၏​အဝတ်​ကို မိမိ​အနား​တွင် သိမ်းထား​လေ​၏​။ 17ထို​စကား​အတိုင်း​ပင် သခင်​အား “​အကျွန်ုပ်​တို့​ထံသို့ သခင်​ခေါ်လာ​ခဲ့​သော ဤ​ဟေဗြဲ​ကျွန်​သည် ကျွန်မ​ထံသို့​ဝင်လာ​၍ ကျွန်မ​ကို စော်ကား​ပါ​ပြီ​။ 18ကျွန်မ​သည် အသံကုန်​အော်ဟစ်​သောကြောင့် သူ​သည် ကျွန်မ​အနား​တွင် သူ့​အဝတ်​ကို​စွန့်ထား​ခဲ့​၍ အပြင်​သို့​ထွက်ပြေး​သွား​၏​”​ဟု ပြောပြ​လေ​၏​။
19“​သခင်​၏​ကျွန်​သည် ကျွန်မ​၌ ဤသို့သော​အမှု​ကို​ပြု​ခဲ့​ပါ​၏​”​ဟု မိမိ​မယား​ပြော​သော​စကား​ကို သခင်​ကြား​သောအခါ အမျက်ထွက်​လေ​၏​။ 20ထိုအခါ ယောသပ်​၏​သခင်​သည် ယောသပ်​ကို​ခေါ်ဆောင်​သွား​၍ ရှင်ဘုရင်​အကျဉ်းချ​ထား​သော​သူ​များ​ကို ချုပ်နှောင်​ထား​သည့်​နေရာ​ဖြစ်​သော အကျဉ်းထောင်​ထဲ၌ ထည့်​ထား​လေ​၏​။ သို့ဖြစ်၍ ယောသပ်​သည် အကျဉ်းထောင်​ထဲ၌​နေ​ရ​၏​။
ယောသပ်ထောင်ထဲသို့ ရောက်သွားခြင်း
21သို့သော်လည်း ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​၍ သူ့​ကို မေတ္တာကရုဏာ​ပြ​လျက် ထောင်မှူး​ရှေ့​၌ မျက်နှာရ​စေ​တော်မူ​၏​။ 22ထောင်မှူး​သည် အကျဉ်းထောင်​ထဲ၌​ရှိ​သော​အကျဉ်းသား​အားလုံး​ကို ယောသပ်​လက်​သို့​အပ်​၍ ထောင်​ထဲ၌​ဆောင်ရွက်စရာ​ရှိသမျှ​တို့​ကို ယောသပ်​ဆောင်ရွက်​ရ​၏​။ 23ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ယောသပ်​ဆောင်ရွက်​သမျှ​သော​အမှု​တို့​ကို ထောင်မှူး​သည် ကြည့်ရှုစရာ​မ​လို​ပေ​။ ထာဝရဘုရား​သည် ယောသပ်​ပြု​လေရာရာ​၌ အောင်မြင်​စေ​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in