ယေဇကျေလအနာဂတ္တိကျမ်း 3
3
1တစ်ဖန် ထိုသူက “အချင်းလူသား၊ သင်တွေ့ရသောစာလိပ်ကို စားလော့။ စားပြီးလျှင် အစ္စရေးလူမျိုးတို့ထံ သွား၍ဟောပြောလော့”ဟု ဆိုလျှင် 2ငါလည်း ငါ့နှုတ်ကိုဖွင့်လိုက်သောအခါ သူသည် ထိုစာလိပ်ကို ငါ့အားကျွေးပြီး 3“အချင်းလူသား၊ ငါပေးသောစာလိပ်ကိုစားပြီး သင့်ဗိုက်ကိုဖြည့်လော့”ဟု ဆို၏။ ငါသည် ထိုစာလိပ်ကိုစားသောအခါ နှုတ်၌ ပျားရည်ကဲ့သို့ချိုမြိန်၏။
4ထို့နောက် သူက “အချင်းလူသား၊ ငါ့စကားကို အစ္စရေးလူမျိုးတို့ထံသို့ သွား၍ပြောပြလော့။ 5သင်မသိသောဘာသာစကား၊ သင်နားမလည်သောဘာသာစကားကို ပြောဆိုသောလူမျိုးထံသို့ သင့်ကိုငါစေလွှတ်သည်မဟုတ်။ အစ္စရေးလူမျိုးထံသို့ စေလွှတ်ခြင်းဖြစ်၏။ 6သင်နားမလည်နိုင်သည့် ခက်ခဲသောစကား၊ ထူးဆန်းသောစကားကို ပြောဆိုသည့်လူမျိုးတို့ထံသို့ သင့်ကိုစေလွှတ်သည်မဟုတ်။ အကယ်၍ ထိုလူမျိုးတို့ထံသို့ စေလွှတ်မည်ဆိုလျှင် သင့်စကားကို သူတို့နားထောင်ကြလိမ့်မည်။ 7ယခုမူ အစ္စရေးလူမျိုးတို့သည် ငါ့စကားကို နားထောင်လိုသောဆန္ဒမရှိသောကြောင့် သင့်စကားကိုလည်း နားထောင်လိုသောဆန္ဒရှိမည်မဟုတ်။ အစ္စရေးလူမျိုးတို့သည် ခေါင်းမာသူ၊ စိတ်နှလုံးမာကျောသူများ ဖြစ်ကြ၏။ 8သူတို့မျက်နှာ မာကျောသကဲ့သို့ သင့်မျက်နှာကို မာကျောစေမည်။ သူတို့ခေါင်းမာသကဲ့သို့ သင့်ကိုခေါင်းမာစေမည်။ 9ကျောက်ချွန်ထက်မာသောစိန်ကဲ့သို့ သင့်ကို ခေါင်းမာစေမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်”ဟု ငါ့အား မိန့်ဆို၏။
10တစ်ဖန် ထိုသူက “အချင်းလူသား၊ ငါပြောသောစကားအလုံးစုံကို နားထောင်၍ နှလုံးသွင်းလော့။ 11ဖမ်းခေါ်သွားခြင်းခံရသော သင့်အမျိုးသားချင်းတို့ထံသို့သွား၍ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟူ၍ သူတို့အား ဆင့်ဆိုရမည်”ဟု ဆို၏။
12ထို့နောက် ဝိညာဉ်တော်သည် ငါ့ကိုချီမလိုက်စဉ်တွင် “စံတော်မူရာအရပ်မှ ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြစေသတည်း”ဟူသော အသံကို ငလျင်လှုပ်သံကြီးကဲ့သို့ ငါ့နောက်မှကြားရ၏။ 13သတ္တဝါတို့၏အတောင်ပံများ တစ်ခုနှင့်တစ်ခုထိခတ်သောအသံ၊ သတ္တဝါတို့အနားရှိ ဘီးများလည်နေသောအသံကိုလည်း ငလျင်လှုပ်သံကြီးကဲ့သို့ ငါကြားရ၏။ 14ထိုသို့ ဝိညာဉ်တော်က ငါ့ကိုချီဆောင်သွားသောအခါ ငါသည် ပူပန်စိတ်လောင်မြိုက်လျက် လိုက်ပါသွား၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်အားကြီးစွာတည်လျက်ရှိ၏။ 15ငါသည် ခေဗာမြစ်နား၊ တေလဗိဗမြို့ရှိ သုံ့ပန်းတို့ထံပြန်ရောက်လာ၍ သူတို့နေထိုင်ရာမြို့တွင် ငါထိုင်နေ၏။ ထိုနေရာတွင် ခုနစ်ရက်ပတ်လုံး ထိုင်၍ မိန်းမောတွေဝေလျက်နေလေ၏။
ယေဇကျေလအား ကင်းစောင့်အဖြစ်ခန့်အပ်ခြင်း
16ခုနစ်ရက်လွန်မှ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 17“အချင်းလူသား၊ ငါသည် သင့်ကို အစ္စရေးလူမျိုးတို့ကိုစောင့်ကြည့်သော ကင်းစောင့်အဖြစ် ခန့်ထားပြီ။ ငါပြောသောစကားကိုကြားတိုင်း သူတို့ကို ပြန်ပြောရမည်။ 18ဆိုးယုတ်သောသူအား ‘သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့် သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရရန် သင်သည် သူ့ကို သတိမပေး၊ မပြောပြဘဲနေလျှင် ထိုဆိုးယုတ်သောသူသည် သူ့အပြစ်ကြောင့် သေရမည်။ သို့သော် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။ 19အကယ်၍ ဆိုးယုတ်သောသူကို သင်သတိပေးသော်လည်း သူသည် ဆိုးယုတ်သောအပြစ်လမ်းမှ ပြန်မလှည့်လျှင် သူ့အပြစ်အတွက် သူသေရမည်။ သင်မူကား အသက်ချမ်းသာရာရလိမ့်မည်။ 20ထိုနည်းတူ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ မကောင်းမှုကိုပြုလျှင် ငါသည် သူ့ရှေ့၌ ခလုတ်တံသင်းချထားမည်။ သူသေရမည်။ သူဖြောင့်မတ်ခဲ့သည်များကို ပြန်မအောက်မေ့။ သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သင်သည် သူ့ကိုသတိမပေးသောကြောင့် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။ 21အကယ်၍ ဖြောင့်မတ်သောသူအား အပြစ်မပြုရန် သင်သတိပေးသဖြင့် သူသည် အပြစ်မပြုဘဲနေလျှင် ထိုသို့သတိပေးသည်ကို ခံယူသောကြောင့် သူသည် မုချအသက်ရှင်မည်။ သင်သည်လည်း အသက်ချမ်းသာရာရလိမ့်မည်”ဟု မိန့်ဆို၏။
22ထိုအရပ်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်၌တည်၍ “လွင်ပြင်သို့ ထသွားလော့။ ထိုနေရာတွင် သင့်ကို ငါစကားပြောမည်”ဟု မိန့်တော်မူ၏။ 23ငါသည်လည်း လွင်ပြင်သို့ ထသွားသောအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် ခေဗာမြစ်နား၌မြင်ခဲ့ရသော ဘုန်းအသရေတော်ကဲ့သို့ တည်နေသည်ကို တွေ့ရသဖြင့် ငါပျပ်ဝပ်လေ၏။ 24ထိုအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်ရောက်၍ ငါ့ကို မတ်တတ်ရပ်စေပြီး “သင့်အိမ်သို့ပြန်သွား၍ ပုန်းနေလော့။ 25အချင်းလူသား၊ သင်သည် ကြိုးနှင့်တုပ်နှောင်ခံရမည်ဖြစ်၍ လူတို့တွင် သင်သွားလာနိုင်တော့မည်မဟုတ်။ 26သင်၏လျှာကို အာခေါင်၌ကပ်စေမည်။ သင့်ကို ဆွံ့အစေမည်။ သူတို့အား ဆုံးမနိုင်တော့မည်မဟုတ်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်၏။ 27သင်နှင့်ငါစကားပြောသောအခါ သင့်နှုတ်ကိုဖွင့်ပေးမည်။ ထိုအခါ ‘ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်’ဟု သူတို့အား ပြောရမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် နားထောင်လိုသောသူ နားထောင်ပါစေ။ နားမထောင်လိုသောသူလည်း နားမထောင်ဘဲနေပါစေ။
Currently Selected:
ယေဇကျေလအနာဂတ္တိကျမ်း 3: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative