YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 3

3
1တစ်ဖန် ထို​သူ​က “​အချင်း​လူသား​၊ သင်​တွေ့​ရ​သော​စာလိပ်​ကို စား​လော့​။ စား​ပြီးလျှင် အစ္စရေး​လူမျိုး​တို့​ထံ သွား​၍​ဟောပြော​လော့​”​ဟု ဆို​လျှင် 2ငါ​လည်း ငါ့​နှုတ်​ကို​ဖွင့်​လိုက်​သောအခါ သူ​သည် ထို​စာလိပ်​ကို ငါ့​အား​ကျွေး​ပြီး 3“​အချင်း​လူသား​၊ ငါ​ပေး​သော​စာလိပ်​ကို​စား​ပြီး သင့်​ဗိုက်​ကို​ဖြည့်​လော့​”​ဟု ဆို​၏​။ ငါ​သည် ထို​စာလိပ်​ကို​စား​သောအခါ နှုတ်​၌ ပျားရည်​ကဲ့သို့​ချိုမြိန်​၏​။
4ထို့နောက် သူ​က “​အချင်း​လူသား​၊ ငါ့​စကား​ကို အစ္စရေး​လူမျိုး​တို့​ထံသို့ သွား​၍​ပြောပြ​လော့​။ 5သင်​မသိ​သော​ဘာသာစကား​၊ သင်​နားမလည်​သော​ဘာသာစကား​ကို ပြောဆို​သော​လူမျိုး​ထံသို့ သင့်​ကို​ငါ​စေလွှတ်​သည်​မ​ဟုတ်​။ အစ္စရေး​လူမျိုး​ထံသို့ စေလွှတ်​ခြင်း​ဖြစ်​၏​။ 6သင်​နား​မ​လည်​နိုင်​သည့် ခက်ခဲ​သော​စကား​၊ ထူးဆန်း​သော​စကား​ကို ပြောဆို​သည့်​လူမျိုး​တို့​ထံသို့ သင့်​ကို​စေလွှတ်​သည်​မ​ဟုတ်​။ အကယ်၍ ထို​လူမျိုး​တို့​ထံသို့ စေလွှတ်​မည်​ဆို​လျှင် သင့်​စကား​ကို သူ​တို့​နားထောင်​ကြ​လိမ့်မည်​။ 7ယခုမူ အစ္စရေး​လူမျိုး​တို့​သည် ငါ့​စကား​ကို နားထောင်​လို​သော​ဆန္ဒ​မ​ရှိ​သောကြောင့် သင့်​စကား​ကို​လည်း နားထောင်​လို​သော​ဆန္ဒ​ရှိ​မည်​မ​ဟုတ်​။ အစ္စရေး​လူမျိုး​တို့​သည် ခေါင်းမာသူ​၊ စိတ်နှလုံး​မာကျော​သူ​များ ဖြစ်​ကြ​၏​။ 8သူ​တို့​မျက်နှာ မာကျော​သကဲ့သို့ သင့်​မျက်နှာ​ကို မာကျော​စေ​မည်​။ သူ​တို့​ခေါင်းမာ​သကဲ့သို့ သင့်​ကို​ခေါင်းမာ​စေ​မည်​။ 9ကျောက်ချွန်​ထက်​မာ​သော​စိန်​ကဲ့သို့ သင့်​ကို ခေါင်းမာ​စေ​မည်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သော်လည်း သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာ​ထား​ကြောင့် မ​ထိတ်လန့်​နှင့်​”​ဟု ငါ့​အား မိန့်ဆို​၏​။
10တစ်ဖန် ထို​သူ​က “​အချင်း​လူသား​၊ ငါ​ပြော​သော​စကား​အလုံးစုံ​ကို နားထောင်​၍ နှလုံးသွင်း​လော့​။ 11ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သင့်​အမျိုးသားချင်း​တို့​ထံသို့​သွား​၍ သူ​တို့​နားထောင်​သည်​ဖြစ်စေ​၊ နား​မ​ထောင်​သည်​ဖြစ်စေ ‘ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​သည်’​ဟူ၍ သူ​တို့​အား ဆင့်ဆို​ရ​မည်​”​ဟု ဆို​၏​။
12ထို့နောက် ဝိညာဉ်​တော်​သည် ငါ့​ကို​ချီမ​လိုက်​စဉ်တွင် “​စံ​တော်မူ​ရာ​အရပ်​မှ ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​စေ​သတည်း​”​ဟူသော အသံ​ကို ငလျင်လှုပ်သံ​ကြီး​ကဲ့သို့ ငါ့​နောက်မှ​ကြား​ရ​၏​။ 13သတ္တဝါ​တို့​၏​အတောင်ပံ​များ တစ်​ခု​နှင့်​တစ်​ခု​ထိခတ်​သော​အသံ​၊ သတ္တဝါ​တို့​အနား​ရှိ ဘီး​များ​လည်​နေ​သော​အသံ​ကို​လည်း ငလျင်လှုပ်သံ​ကြီး​ကဲ့သို့ ငါ​ကြား​ရ​၏​။ 14ထိုသို့ ဝိညာဉ်​တော်​က ငါ့​ကို​ချီဆောင်​သွား​သောအခါ ငါ​သည် ပူပန်စိတ်​လောင်မြိုက်​လျက် လိုက်ပါ​သွား​၏​။ ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​အားကြီး​စွာ​တည်​လျက်​ရှိ​၏​။ 15ငါ​သည် ခေဗာ​မြစ်​နား​၊ တေလဗိဗ​မြို့​ရှိ သုံ့ပန်း​တို့​ထံ​ပြန်​ရောက်လာ​၍ သူ​တို့​နေထိုင်​ရာ​မြို့​တွင် ငါ​ထိုင်​နေ​၏​။ ထို​နေရာ​တွင် ခုနစ်​ရက်​ပတ်လုံး ထိုင်​၍ မိန်းမောတွေဝေ​လျက်​နေ​လေ​၏​။
ယေဇကျေလအား ကင်းစောင့်အဖြစ်ခန့်အပ်ခြင်း
16ခုနစ်​ရက်​လွန်​မှ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 17“​အချင်း​လူသား​၊ ငါ​သည် သင့်​ကို အစ္စရေး​လူမျိုး​တို့​ကို​စောင့်ကြည့်​သော ကင်းစောင့်​အဖြစ် ခန့်ထား​ပြီ​။ ငါ​ပြော​သော​စကား​ကို​ကြား​တိုင်း သူ​တို့​ကို ပြန်ပြော​ရ​မည်​။ 18ဆိုးယုတ်​သော​သူ​အား ‘​သင်​မုချ​သေ​ရ​မည်​’​ဟု ငါ​ဆို​လျက်​နှင့် သူ​၏​ဆိုးယုတ်​ခြင်း​လမ်း​မှ ပြန်လှည့်​၍ အသက်ချမ်းသာ​ရ​ရန် သင်​သည် သူ့​ကို သတိ​မ​ပေး​၊ မ​ပြောပြ​ဘဲ​နေ​လျှင် ထို​ဆိုးယုတ်​သော​သူ​သည် သူ့​အပြစ်​ကြောင့် သေ​ရ​မည်​။ သို့သော် သူ့​အသက်​ကို သင့်​ထံမှ ပြန်တောင်း​မည်​။ 19အကယ်၍ ဆိုးယုတ်​သော​သူ​ကို သင်​သတိပေး​သော်လည်း သူ​သည် ဆိုးယုတ်​သော​အပြစ်​လမ်း​မှ ပြန်​မ​လှည့်​လျှင် သူ့​အပြစ်​အတွက် သူ​သေ​ရ​မည်​။ သင်​မူကား အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။ 20ထိုနည်းတူ ဖြောင့်မတ်​သော​သူ​သည် ဖောက်ပြန်​၍ မကောင်းမှု​ကို​ပြု​လျှင် ငါ​သည် သူ့​ရှေ့​၌ ခလုတ်တံသင်း​ချ​ထား​မည်​။ သူ​သေ​ရ​မည်​။ သူ​ဖြောင့်မတ်​ခဲ့​သည်​များ​ကို ပြန်​မ​အောက်မေ့​။ သူ့​အပြစ်​အတွက် သူ​သေ​ရ​မည်​ဖြစ်​သော်လည်း သင်​သည် သူ့​ကို​သတိ​မ​ပေး​သောကြောင့် သူ့​အသက်​ကို သင့်​ထံမှ ပြန်တောင်း​မည်​။ 21အကယ်၍ ဖြောင့်မတ်​သော​သူ​အား အပြစ်​မ​ပြု​ရန် သင်​သတိပေး​သဖြင့် သူ​သည် အပြစ်​မ​ပြု​ဘဲ​နေ​လျှင် ထိုသို့​သတိပေး​သည်​ကို ခံယူ​သောကြောင့် သူ​သည် မုချ​အသက်ရှင်​မည်​။ သင်​သည်​လည်း အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။
22ထို​အရပ်​တွင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​၌​တည်​၍ “​လွင်ပြင်​သို့ ထ​သွား​လော့​။ ထို​နေရာ​တွင် သင့်​ကို ငါ​စကားပြော​မည်​”​ဟု မိန့်​တော်မူ​၏​။ 23ငါ​သည်​လည်း လွင်ပြင်​သို့ ထ​သွား​သောအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ခေဗာ​မြစ်​နား​၌​မြင်​ခဲ့​ရ​သော ဘုန်းအသရေ​တော်​ကဲ့သို့ တည်​နေ​သည်​ကို တွေ့​ရ​သဖြင့် ငါ​ပျပ်ဝပ်​လေ​၏​။ 24ထိုအခါ ဝိညာဉ်​တော်​သည် ငါ့​အထဲ​သို့​ဝင်ရောက်​၍ ငါ့​ကို မတ်တတ်ရပ်​စေ​ပြီး “​သင့်​အိမ်​သို့​ပြန်သွား​၍ ပုန်း​နေ​လော့​။ 25အချင်း​လူသား​၊ သင်​သည် ကြိုး​နှင့်​တုပ်နှောင်​ခံရ​မည်​ဖြစ်၍ လူ​တို့​တွင် သင်​သွားလာ​နိုင်​တော့​မည်​မ​ဟုတ်​။ 26သင်​၏​လျှာ​ကို အာခေါင်​၌​ကပ်​စေ​မည်​။ သင့်​ကို ဆွံ့အ​စေ​မည်​။ သူ​တို့​အား ဆုံးမ​နိုင်​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​၏​။ 27သင်​နှင့်​ငါ​စကားပြော​သောအခါ သင့်​နှုတ်​ကို​ဖွင့်ပေး​မည်​။ ထိုအခါ ‘​ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​သည်​’​ဟု သူ​တို့​အား ပြော​ရ​မည်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် နားထောင်​လို​သော​သူ နားထောင်​ပါစေ​။ နားမထောင်​လို​သော​သူ​လည်း နားမထောင်​ဘဲ​နေ​ပါစေ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 3