ယေဇကျေလအနာဂတ္တိကျမ်း 13
13
အစ္စရေးမိစ္ဆာပရောဖက်တို့ကို ပြစ်တင်ရှုတ်ချခြင်း
1ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 2“အချင်းလူသား၊ ပရောဖက်ပြုနေသော အစ္စရေးပရောဖက်တို့ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။ ကိုယ့်စိတ်ထင်နှင့် ပရောဖက်ပြုနေသောပရောဖက်တို့အား ‘ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့’ဟု ပြောကြားလော့။ 3ဘုရားရှင်ထာဝရဘုရားက ‘ဗျာဒိတ်နိမိတ်ကိုမမြင်ရဘဲ ကိုယ့်စိတ်သဘောအတိုင်းဟောပြောတတ်သည့် မိုက်မဲသောပရောဖက်တို့၌ အမင်္ဂလာရှိ၏။ 4အို အစ္စရေးလူမျိုးတို့၊ သင်တို့၏ပရောဖက်များသည် အပြိုအပျက်များကြားမှ တောခွေးများနှင့်တူ၏။ 5သူတို့သည် ပြိုပျက်နေသောမြို့ရိုးကို မပြုပြင်ကြ။ ထို့ကြောင့် ထာဝရဘုရား၏နေ့ရက်တွင် အစ္စရေးအမျိုးအနွယ်တို့သည် တိုက်ပွဲကို ခုခံနိုင်မည်မဟုတ်။ 6သူတို့သည် မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုတတ်ကြ၏။ ထာဝရဘုရားမစေလွှတ်ဘဲ ထာဝရဘုရား မိန့်မှာတော်မူသည်ဟု ဆိုလျက် ဆိုသည့်အတိုင်းလည်း ပြည့်စုံမည်ဟူ၍ မျှော်လင့်တတ်ကြ၏။ 7ငါမမိန့်မှာသော်လည်း ထာဝရဘုရား မိန့်တော်မူသည်ဟု သင်တို့ဆိုလျက် မဟုတ်မမှန်သောစိတ်အာရုံကိုမြင်၍ လိမ်လည်ပြောဆိုကြပြီမဟုတ်လော’ဟု မိန့်တော်မူ၏။
8ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် အချည်းနှီးသောစကားကို ပြောဆို၍ မဟုတ်မမှန်သောနိမိတ်ကို မြင်သောကြောင့် သင်တို့ကို ငါဆန့်ကျင်မည်’ဟု မိန့်တော်မူ၏။ 9တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
10ငြိမ်းချမ်းမှုမရှိသော်လည်း ငြိမ်းချမ်းသည်ဟု ဆိုလျက် ငါ့လူမျိုးတော်ကို လှည့်စားကြ၏။ တစ်ယောက်က မြို့ရိုးကိုတည်ဆောက်၍ သူတို့က ထုံးဖြူသုတ်၏။ 11ထုံးဖြူသုတ်သောသူတို့အား ထိုမြို့ရိုးပြိုလဲသွားမည်ဟု ပြောကြားလော့။ မိုးရွာမည်။ ရေလွှမ်းမိုးမည်။ ငါသည် မိုးသီးလုံးကြီးကို ကျစေမည်၊ လေပြင်းမုန်တိုင်းတိုက်မည်။ 12ထိုမြို့ရိုးပြိုလဲသွားသောအခါ သင်တို့သုတ်ခဲ့သောထုံးဖြူကား ယခုအဘယ်မှာနည်းဟု သင်တို့အားမေးကြလိမ့်မည်’ဟု မိန့်တော်မူ၏။
13ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် ဒေါသဖြင့် လေပြင်းမုန်တိုင်းတိုက်စေမည်၊ အမျက်ထွက်လျက် မိုးရွာစေမည်၊ ရေလွှမ်းမိုးစေမည်။ ဒေါသဖြင့် မိုးသီးကျစေ၍ မြို့ရိုးကို ဖျက်ဆီးပစ်မည်။ 14သင်တို့ထုံးဖြူသုတ်ခဲ့သောမြို့ရိုးကို မြေတိုင်အောင် ဖြိုချမည်။ အုတ်မြစ်ကို လှန်ပစ်မည်။ ထိုပြိုကျသွားသောမြို့ရိုးနှင့်အတူ သင်တို့ပါ ပျက်စီးသွားမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။ 15ထိုသို့ မြို့ရိုးနှင့် မြို့ရိုးကိုထုံးဖြူသုတ်သောသူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားမည်။ ထို့နောက် မြို့ရိုးမရှိ၊ ထုံးဖြူသုတ်သောသူတို့လည်း မရှိ၊ 16ငြိမ်းချမ်းမှုမရှိသော်လည်း ငြိမ်းချမ်းသည်ဟု ဗျာဒိတ်နိမိတ်မြင်၍ ဂျေရုဆလင်မြို့သားတို့အားဟောပြောသော အစ္စရေးပရောဖက်များလည်း မရှိတော့ပြီဟူ၍ သင်တို့အား ငါဆိုမည်’ဟု မိန့်တော်မူ၏။
17တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘အချင်းလူသား၊ စိတ်ထင်ရာကို ပရောဖက်ပြုဟောပြောတတ်သော သင့်လူမျိုးသမီးပျိုတို့ကို ဆန့်ကျင်လော့။ သူတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ 18သူတို့အား ဘုရားရှင်ထာဝရဘုရားက စိတ်ဝိညာဉ်ကို ထောင်ဖမ်းရန် အဆောင်လက်ပတ်ကြိုး ချုပ်လုပ်သောမိန်းမ၊ ခေါင်းခြုံပဝါအရွယ်အစားမျိုးစုံ ချုပ်လုပ်သောမိန်းမတို့သည် အမင်္ဂလာရှိ၏။ ငါ့လူမျိုးတော်၏စိတ်ဝိညာဉ်ကို ထောင်ဖမ်းပြီးမှ သင်တို့စိတ်ဝိညာဉ် ချမ်းသာရာရမည်ထင်သလော။ 19သင်တို့သည် မုယောဆန်လက်တစ်ဆုပ်စာ၊ မုန့်တစ်လုတ်စာရရှိရန် ငါ့လူမျိုးတော်အလယ်တွင် ငါ့ကိုရှုတ်ချကြပြီ။ အလိမ်အညာစကားကိုယုံလွယ်သော ငါ့လူမျိုးတော်တို့ကို လိမ်ညာပြီး မသေသင့်သူကို သေအောင်၊ သေသင့်သူကို မသေအောင် လုပ်ကြပြီတကားဟု မိန့်တော်မူ၏။ 20ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ လူတို့ကို ငှက်ကဲ့သို့ထောင်ဖမ်းရန် သင်တို့အသုံးပြုသည့်အဆောင်လက်ပတ်ကို သင်တို့လက်မောင်းမှ ငါဆွဲဆုတ်ပစ်မည်။ ငှက်ကဲ့သို့ သင်တို့ထောင်ဖမ်းနေသော လူတို့၏စိတ်ဝိညာဉ်ကို ငါလွှတ်ပေးမည်။ 21သင်တို့၏ခေါင်းခြုံပဝါကို ငါဆုတ်ဖြဲပစ်မည်။ ငါ့လူမျိုးတော်ကို သင်တို့လက်မှကယ်မည်။ သားကောင်အဖြစ် နောက်တစ်ဖန် သင်တို့လက်သို့ မရောက်ရ။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။ 22သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။ 23ထို့ကြောင့် မဟုတ်မမှန်သောနိမိတ်ကိုပင် သင်တို့မြင်ရတော့မည်မဟုတ်။ ဂမ္ဘီရအတတ်ဖြင့် ဟောပြောနိုင်တော့မည်မဟုတ်။ ငါ့လူမျိုးတော်ကို သင်တို့လက်မှကယ်နုတ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
Currently Selected:
ယေဇကျေလအနာဂတ္တိကျမ်း 13: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative