YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 13

13
အစ္စရေးမိစ္ဆာပရောဖက်တို့ကို ပြစ်တင်ရှုတ်ချခြင်း
1ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ ပရောဖက်ပြု​နေ​သော အစ္စရေး​ပရောဖက်​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။ ကိုယ့်​စိတ်ထင်​နှင့် ပရောဖက်ပြု​နေ​သော​ပရောဖက်​တို့​အား ‘ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့’​ဟု ပြောကြား​လော့​။ 3ဘုရားရှင်​ထာဝရဘုရား​က ‘ဗျာဒိတ်နိမိတ်​ကို​မ​မြင်​ရ​ဘဲ ကိုယ့်​စိတ်သဘော​အတိုင်း​ဟောပြော​တတ်​သည့် မိုက်မဲ​သော​ပရောဖက်​တို့​၌ အမင်္ဂလာ​ရှိ​၏​။ 4အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​၏​ပရောဖက်​များ​သည် အပြိုအပျက်​များ​ကြား​မှ တောခွေး​များ​နှင့်​တူ​၏​။ 5သူ​တို့​သည် ပြိုပျက်​နေ​သော​မြို့ရိုး​ကို မ​ပြုပြင်​ကြ​။ ထို့ကြောင့် ထာဝရဘုရား​၏​နေ့ရက်​တွင် အစ္စရေး​အမျိုးအနွယ်​တို့​သည် တိုက်ပွဲ​ကို ခုခံ​နိုင်​မည်​မ​ဟုတ်​။ 6သူ​တို့​သည် မဟုတ်မမှန်​သော​နိမိတ်​ကို မြင်​ကြ​၏​။ ဂမ္ဘီရအတတ်​ဖြင့် လိမ်ညာ​ပြောဆို​တတ်​ကြ​၏​။ ထာဝရဘုရား​မ​စေလွှတ်​ဘဲ ထာဝရဘုရား မိန့်မှာ​တော်မူ​သည်​ဟု ဆို​လျက် ဆို​သည့်​အတိုင်း​လည်း ပြည့်စုံ​မည်​ဟူ၍ မျှော်လင့်​တတ်​ကြ​၏​။ 7ငါ​မ​မိန့်မှာ​သော်လည်း ထာဝရဘုရား မိန့်​တော်မူ​သည်​ဟု သင်​တို့​ဆို​လျက် မဟုတ်မမှန်​သော​စိတ်အာရုံ​ကို​မြင်​၍ လိမ်လည်​ပြောဆို​ကြ​ပြီ​မ​ဟုတ်​လော’​ဟု မိန့်​တော်မူ​၏​။
8ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် အချည်းနှီး​သော​စကား​ကို ပြောဆို​၍ မဟုတ်မမှန်​သော​နိမိတ်​ကို မြင်​သောကြောင့် သင်​တို့​ကို ငါ​ဆန့်ကျင်​မည်’​ဟု မိန့်​တော်မူ​၏​။ 9တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မဟုတ်မမှန်​သော​နိမိတ်​ကို​မြင်​၍ ဂမ္ဘီရအတတ်​ဖြင့် လိမ်ညာ​ပြောဆို​သော ပရောဖက်​တို့​ကို ငါ​ဆန့်ကျင်​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​အစုအဝေး​ထဲတွင် မ​နေ​ရ​။ အစ္စရေး​အမျိုးအနွယ်​စာရင်း​တွင် သူ​တို့​မ​ပါဝင်​ရ​။ အစ္စရေး​ပြည်​သို့ ပြန်လာ​ရ​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။
10ငြိမ်းချမ်းမှု​မ​ရှိ​သော်လည်း ငြိမ်းချမ်း​သည်​ဟု ဆို​လျက် ငါ့​လူမျိုး​တော်​ကို လှည့်စား​ကြ​၏​။ တစ်ယောက်​က မြို့ရိုး​ကို​တည်ဆောက်​၍ သူ​တို့​က ထုံးဖြူ​သုတ်​၏​။ 11ထုံးဖြူ​သုတ်​သော​သူ​တို့​အား ထို​မြို့ရိုး​ပြိုလဲ​သွား​မည်​ဟု ပြောကြား​လော့​။ မိုးရွာ​မည်​။ ရေလွှမ်းမိုး​မည်​။ ငါ​သည် မိုးသီးလုံးကြီး​ကို ကျ​စေ​မည်​၊ လေပြင်းမုန်တိုင်း​တိုက်​မည်​။ 12ထို​မြို့ရိုး​ပြိုလဲ​သွား​သောအခါ သင်​တို့​သုတ်​ခဲ့​သော​ထုံးဖြူ​ကား ယခု​အဘယ်မှာ​နည်း​ဟု သင်​တို့​အား​မေး​ကြ​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။
13ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် ဒေါသ​ဖြင့် လေပြင်းမုန်တိုင်း​တိုက်​စေ​မည်​၊ အမျက်ထွက်​လျက် မိုးရွာ​စေ​မည်​၊ ရေလွှမ်းမိုး​စေ​မည်​။ ဒေါသ​ဖြင့် မိုးသီး​ကျ​စေ​၍ မြို့ရိုး​ကို ဖျက်ဆီး​ပစ်​မည်​။ 14သင်​တို့​ထုံးဖြူ​သုတ်​ခဲ့​သော​မြို့ရိုး​ကို မြေ​တိုင်အောင် ဖြိုချ​မည်​။ အုတ်မြစ်​ကို လှန်ပစ်​မည်​။ ထို​ပြိုကျ​သွား​သော​မြို့ရိုး​နှင့်အတူ သင်​တို့​ပါ ပျက်စီး​သွား​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။ 15ထိုသို့ မြို့ရိုး​နှင့် မြို့ရိုး​ကို​ထုံးဖြူ​သုတ်​သော​သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​မည်​။ ထို့နောက် မြို့ရိုး​မ​ရှိ​၊ ထုံးဖြူ​သုတ်​သော​သူ​တို့​လည်း မ​ရှိ​၊ 16ငြိမ်းချမ်းမှု​မ​ရှိ​သော်လည်း ငြိမ်းချမ်း​သည်​ဟု ဗျာဒိတ်နိမိတ်​မြင်​၍ ဂျေရုဆလင်​မြို့သား​တို့​အား​ဟောပြော​သော အစ္စရေး​ပရောဖက်​များ​လည်း မ​ရှိ​တော့​ပြီ​ဟူ၍ သင်​တို့​အား ငါ​ဆို​မည်’​ဟု မိန့်​တော်မူ​၏​။
17တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘အချင်း​လူသား​၊ စိတ်ထင်ရာ​ကို ပရောဖက်ပြု​ဟောပြော​တတ်​သော သင့်​လူမျိုး​သမီးပျို​တို့​ကို ဆန့်ကျင်​လော့​။ သူ​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။ 18သူ​တို့​အား ဘုရားရှင်​ထာဝရဘုရား​က စိတ်ဝိညာဉ်​ကို ထောင်ဖမ်း​ရန် အဆောင်​လက်ပတ်ကြိုး ချုပ်လုပ်​သော​မိန်းမ​၊ ခေါင်းခြုံပဝါ​အရွယ်အစား​မျိုးစုံ ချုပ်လုပ်​သော​မိန်းမ​တို့​သည် အမင်္ဂလာ​ရှိ​၏​။ ငါ့​လူမျိုး​တော်​၏​စိတ်ဝိညာဉ်​ကို ထောင်ဖမ်း​ပြီးမှ သင်​တို့​စိတ်ဝိညာဉ် ချမ်းသာ​ရာ​ရ​မည်​ထင်​သလော​။ 19သင်​တို့​သည် မုယောဆန်​လက်တစ်ဆုပ်စာ​၊ မုန့်​တစ်လုတ်စာ​ရရှိ​ရန် ငါ့​လူမျိုး​တော်​အလယ်​တွင် ငါ့​ကို​ရှုတ်ချ​ကြ​ပြီ​။ အလိမ်အညာ​စကား​ကို​ယုံလွယ်​သော ငါ့​လူမျိုး​တော်​တို့​ကို လိမ်ညာ​ပြီး မသေသင့်​သူ​ကို သေ​အောင်​၊ သေသင့်​သူ​ကို မသေ​အောင် လုပ်​ကြ​ပြီ​တကား​ဟု မိန့်​တော်မူ​၏​။ 20ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ လူ​တို့​ကို ငှက်​ကဲ့သို့​ထောင်ဖမ်း​ရန် သင်​တို့​အသုံးပြု​သည့်​အဆောင်လက်ပတ်​ကို သင်​တို့​လက်မောင်း​မှ ငါ​ဆွဲဆုတ်​ပစ်​မည်​။ ငှက်​ကဲ့သို့ သင်​တို့​ထောင်ဖမ်း​နေ​သော လူ​တို့​၏​စိတ်ဝိညာဉ်​ကို ငါ​လွှတ်ပေး​မည်​။ 21သင်​တို့​၏​ခေါင်းခြုံပဝါ​ကို ငါ​ဆုတ်ဖြဲ​ပစ်​မည်​။ ငါ့​လူမျိုး​တော်​ကို သင်​တို့​လက်​မှ​ကယ်​မည်​။ သားကောင်​အဖြစ် နောက်တစ်ဖန် သင်​တို့​လက်​သို့ မ​ရောက်​ရ​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။ 22သင်​တို့​သည် ငါ​မ​နာကျင်​စေ​လို​သော ဖြောင့်မတ်​သူ​တို့​ကို လိမ်ညာ​နာကျင်​စေ​ခဲ့​ပြီ​။ ဆိုးယုတ်​သော​သူ​တို့ အသက်ချမ်းသာ​ရာ​ရ​ရန် မကောင်း​သော​လမ်း​မှ ပြန်​မ​လှည့်​စေ​ဘဲ သူ​တို့​ဆိုးယုတ်​သည်​ကို သင်​တို့​အားပေးအားမြှောက်​ပြု​လေ​ပြီ​။ 23ထို့ကြောင့် မဟုတ်မမှန်​သော​နိမိတ်​ကို​ပင် သင်​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​။ ဂမ္ဘီရအတတ်​ဖြင့် ဟောပြော​နိုင်​တော့​မည်​မ​ဟုတ်​။ ငါ့​လူမျိုး​တော်​ကို သင်​တို့​လက်​မှ​ကယ်နုတ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 13