YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 12

12
ပသခါပွဲတော်ဆိုင်ရာညွှန်ကြားချက်များ
1အီဂျစ်​ပြည်​၌ ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား 2“​ဤ​လ​သည် သင်​တို့​အတွက် ပထမ​လ​၊ နှစ်​၏​ပထမ​လ​ဖြစ်​ရ​မည်​။ 3အစ္စရေး​လူထု​အပေါင်း​တို့​အား ‘​ဤ​လ​ဆယ်​ရက်​နေ့​၌ လူတိုင်း မိမိ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အိမ်ထောင်စု​တစ်စု​လျှင် သိုးသငယ်​တစ်ကောင်စီ ယူ​ရ​မည်​။ 4အကယ်၍ မိသားစု​နည်း​သဖြင့် သိုးသငယ်​တစ်​ကောင်​ကို စားမကုန်​လျှင် သူ​သည် အနီးဆုံး​အိမ်နီးချင်း​နှင့်​ပေါင်း​၍ လူ​ဦးရေ​အလိုက် မိမိ​တို့​အသီးသီး​စား​နိုင်​သည့်​ပမာဏ​နှင့်အညီ သိုးသငယ်​တစ်​ကောင်​ကို ချိန်ဆ​ပြီး​ယူ​ရ​မည်​။ 5သင်​တို့​ယူ​သော​အကောင်​သည် အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ်​အထီး​ဖြစ်​ရ​မည်​။ သိုး​၊ သို့မဟုတ် ဆိတ်​တို့​ထဲမှ ယူ​နိုင်​၏​။ 6ထို​သိုးသငယ်​ကို ဤ​လ​တစ်ဆယ့်​လေး​ရက်​တိုင်အောင် သင်​တို့​ထံ၌ ထိန်းသိမ်းစောင့်ရှောက်​ထား​ပြီး အစ္စရေး​လူထု​အစုအဝေး​အပေါင်း​တို့​သည် နေဝင်ချိန်​၌​သတ်​၍ 7သွေး​ကို​ယူ​ပြီးလျှင် သိုးသငယ်​ကို​စား​သော​သူ​တို့​နေ​သော​အိမ်​များ​၏​တံခါးတိုင်​နှစ်​ဖက်​နှင့် တံခါးထုပ်​တို့​၌ သုတ်လိမ်း​ရ​မည်​။ 8ဤ​ည​၌ပင် အသား​ကို​မီး​ကင်​၍ တဆေးမဲ့မုန့်​နှင့်​ခါး​သော​ဟင်းရွက်​တို့​ဖြင့် စား​ရ​မည်​။ 9အစိမ်းလိုက်​ဖြစ်စေ​၊ ရေ​ဖြင့်​ပြုတ်​၍​ဖြစ်စေ မ​စား​ရ​။ ဦးခေါင်း​နှင့်တကွ ခြေထောက်​နှင့် အူ​တို့​ကို မီး​ကင်​ပြီးမှ​စား​ရ​မည်​။ 10နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ နံနက်​တိုင်အောင်​ကြွင်းကျန်​လျှင် မီး​ရှို့​ပစ်​ရ​မည်​။ 11သင်​တို့ အဘယ်သို့​စား​ရ​မည်နည်း​ဟူမူကား သင်​တို့​၏​ခါး​ကို​စည်း​လျက်​၊ ခြေ​၌​ဖိနပ်​ကို​စီး​လျက်​၊ လက်​ထဲ၌​တောင်ဝှေး​ကို​ကိုင်​လျက် အလျင်အမြန်​စား​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​၏​ပသခါပွဲတော်​ဖြစ်​၏​။
12ဤ​ည​တွင် ငါ​သည် အီဂျစ်​ပြည်​ကို​ဖြတ်သွား​၍ အီဂျစ်​ပြည်​၌​ရှိ​သော လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် သားဦး​အပေါင်း​တို့​ကို​ဒဏ်ခတ်​မည်​။ ငါ​သည် အီဂျစ်​ဘုရား​ရှိသမျှ​တို့​ကို​လည်း အပြစ်ဒဏ်​ပေး​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ 13သွေး​သည် သင်​တို့​နေ​သော​အိမ်​များ​၌ သင်​တို့​အတွက် အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​။ ငါ​သည် ထို​သွေး​ကို​မြင်​သောအခါ သင်​တို့​ကို​ကျော်သွား​မည်​။ အီဂျစ်​ပြည်​ကို ငါ​ဒဏ်ခတ်​သောအခါ ဖျက်ဆီး​ခြင်း​ဘေးဒဏ်​သည် သင်​တို့​အပေါ်​သို့ သက်ရောက်​မည်​မ​ဟုတ်​။
14ဤ​နေ့​သည် သင်​တို့​အတွက် အောက်မေ့ဖွယ်​နေ့​ဖြစ်​၏​။ ဤ​နေ့​တွင် ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။ ထို​ပွဲတော်​ကို အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​အဖြစ် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် ကျင်းပ​ရ​မည်​။ 15ခုနစ်​ရက်​ပတ်လုံး​တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ပထမ​နေ့​၌​ပင် တဆေး​ကို သင်​တို့​၏​အိမ်​များ​မှ ဖယ်ရှား​ရ​မည်​။ အကြောင်းမူကား ပထမ​နေ့​မှစ၍ သတ္တမ​နေ့​တိုင်အောင် တဆေးပါသောမုန့်​ကို​စား​သော​သူ​တိုင်း အစ္စရေး​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ 16သင်​တို့​သည် ပထမ​နေ့​နှင့်​သတ္တမ​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြုလုပ်​ရ​မည်​။ ထို​နေ့​တို့​၌ လူ​တိုင်း စားစရာ​များ​ကို​ချက်ပြုတ်​ခြင်း​မှတစ်ပါး အခြား​မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။ 17ဤ​နေ့​၌ သင်​တို့​လူစု​ကို အီဂျစ်​ပြည်​ထဲမှ ငါ​ထုတ်ဆောင်​လာ​ခဲ့​သည်​ဖြစ်၍ ဤ​နေ့​၌ တဆေးမဲ့မုန့်ပွဲတော်​ကို သင်​တို့​ကျင်းပ​ရ​မည်​။ ဤ​နေ့​ကို အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​အဖြစ် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် စောင့်ထိန်း​ရ​မည်​။ 18ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​မှစ၍ နှစ်ဆယ့်​တစ်​ရက်​နေ့ နေဝင်ချိန်​တိုင်အောင် တဆေးမဲ့မုန့်​ကို သင်​တို့​စား​ရ​မည်​။ 19ခုနစ်​ရက်​ပတ်လုံး သင်​တို့​၏​အိမ်​များ​၌ တဆေး​မ​ရှိ​စေ​ရ​။ တိုင်းတစ်ပါးသား​ဖြစ်စေ​၊ အမျိုးသားချင်း​ဖြစ်စေ တဆေးပါသောမုန့်​ကို​စား​သော​မည်သူမဆို အစ္စရေး​လူထု​ထဲမှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ 20သင်​တို့​သည် တဆေးပါသောအရာ​တစ်စုံတစ်ခု​ကို​မျှ မ​စား​ရ​။ မည်သည့်​အရပ်​၌​နေထိုင်​သည်​ဖြစ်စေ တဆေးမဲ့မုန့်​ကို စား​ရ​မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။
21ထိုအခါ မောရှေ​သည် အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​ကို​ခေါ်​၍ “​သင်​တို့​မျိုးနွယ်စု​အလိုက် သင်​တို့​အတွက် သိုး​များ​ကို ရွေး​ယူ​ပြီးလျှင် ပသခါသိုးသငယ်​ကို​သတ်​ကြ​လော့​။ 22ဟုဿုပ်ညွန့်​တစ်စည်း​ကို​ယူ​၍ အင်တုံ​ထဲ၌​ရှိ​သော​သွေး​တွင်​နှစ်​ပြီးလျှင် တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​ကို အင်တုံ​ထဲမှ​သွေး​ဖြင့် သုတ်​ရ​မည်​။ နံနက်​တိုင်အောင် မည်သူမျှ မိမိ​အိမ်​တံခါး​အပြင်​သို့ မ​ထွက်​ရ​။ 23အကြောင်းမူကား ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ဒဏ်ခတ်​ရန် ဖြတ်သွား​သောအခါ တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​၌ သွေး​ကို​မြင်​လျှင် ထာဝရဘုရား​သည် ထို​တံခါး​ကို​ကျော်သွား​မည်​။ ဖျက်ဆီး​သော​သူ​ကို​လည်း သင်​တို့​၏​အိမ်​ထဲသို့​ဝင်​၍ သင်​တို့​ကို​ဒဏ်ခတ်​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။
24သို့ဖြစ်၍ ဤ​အစဉ်အလာ​ကို ပြဋ္ဌာန်းချက်​အဖြစ် သင်​နှင့်​သင့်​သားမြေး​များ​သည် အစဉ်အမြဲ​စောင့်ထိန်း​ရ​မည်​။ 25သင်​တို့​အား​ပေး​မည်​ဟု ထာဝရဘုရား​ကတိထား​သော​ပြည်​သို့ သင်​တို့​ဝင်ရောက်​ကြ​သောအခါ သင်​တို့​သည် ဤ​အစဉ်အလာ​ကို စောင့်ထိန်း​ရ​မည်​။ 26သင်​တို့​၏​သားမြေး​များ​က ‘​ဤ​အစဉ်အလာ​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ 27သင်​တို့​က​လည်း ‘​ဤ​အစဉ်အလာ​ကား အီဂျစ်​လူမျိုး​တို့​ကို​ဒဏ်ခတ်​သောအခါ အီဂျစ်​ပြည်​၌​ရှိ​သော အစ္စရေး​အမျိုးသား​တို့​၏​အိမ်​များ​ကို​ကျော်သွား​၍ ငါ​တို့​၏​အိမ်သူအိမ်သား​များ​ကို​ကယ်နုတ်​တော်မူ​သော​ထာဝရဘုရား​အား ယဇ်ပူဇော်​သည့်​ပသခါပွဲ​ဖြစ်​၏​’​ဟူ၍ ပြန်ပြော​ရ​မည်​”​ဟု ဆင့်ဆို​သောအခါ လူ​တို့​သည် ဦးညွှတ်​ပျပ်ဝပ်​ကြ​လေ​၏​။ 28ထို့နောက် မောရှေ​နှင့်​အာရုန်​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည်​သွား​၍ တစ်သဝေမတိမ်း​ပြု​ကြ​၏​။
အီဂျစ်ပြည်မှထွက်ခွာခြင်း
29ညသန်းခေါင်​အချိန်​တွင် ထာဝရဘုရား​သည် ရာဇပလ္လင်​ပေါ်၌​စိုးစံ​သော ဖာရော​မင်းကြီး​၏​သားဦး​မှစ၍ မြေအောက်​အကျဉ်းခန်း​၌​ရှိ​သော အကျဉ်းသား​၏​သားဦး​တိုင်အောင် အီဂျစ်​ပြည်​ရှိ​သားဦး​အားလုံး​တို့​နှင့် တိရစ္ဆာန်​၏​သားဦး​အားလုံး​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။ 30အီဂျစ်​ပြည်​၌ လူ​မ​သေ​သော​အိမ်​ဟူ၍​မ​ရှိ​သောကြောင့် ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​အပေါင်း​တို့​နှင့် အီဂျစ်​လူမျိုး​အပေါင်း​တို့​သည် ညအချိန်​၌ ထ​၍ ပြင်းစွာ​အော်ဟစ်ငိုကြွေး​ကြ​၏​။ 31ထို့ကြောင့် ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​ကို ညတွင်းချင်း​ဆင့်ခေါ်​၍ “​သင်​တို့​မှစ၍ အစ္စရေး​အမျိုးသား​တို့​ပါ ထ​၍ ငါ​၏​လူမျိုး​ထဲ​မှ ထွက်သွား​ကြ​လော့​။ သင်​တို့​လျှောက်ထား​သည့်​အတိုင်း ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​လော့​။ 32သင်​တို့​လျှောက်ထား​သည့်​အတိုင်း သင်​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​ကို ယူ​၍​သွား​ကြ​လော့​။ ငါ့​ကို​လည်း ကောင်းချီးပေး​ကြ​လော့​”​ဟု ဆို​လေ​၏​။
33အီဂျစ်​လူမျိုး​တို့​က “​ငါ​တို့​အားလုံး​သေ​ကုန်​လိမ့်မည်​”​ဟု ဆို​လျက် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​ထဲမှ အလျင်အမြန်​ထွက်သွား​ကြ​စေရန် နှိုးဆော်​ကြ​၏​။ 34ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် တဆေး​မ​ဖောက်​ရ​သေး​သော​မုန့်နှစ်​ကို​ယူ​၍ မုန့်နယ်ခွက်​နှင့်အတူ အဝတ်​ဖြင့်​ထုပ်​၍ မိမိ​တို့​၏​ပခုံး​ပေါ်​ထမ်းသွား​ကြ​၏​။
35အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​၏​စကား​အတိုင်း​ပြု​ကြ​၏​။ အီဂျစ်​လူမျိုး​တို့​ထံမှ ရွှေ​ထည်​ငွေ​ထည်​များ​နှင့် အဝတ်အစား​များ​ကို တောင်း​ကြ​၏​။ 36ထာဝရဘုရား​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​ရှေ့မှောက်​၌ မျက်နှာရ​စေ​တော်မူ​သဖြင့် သူ​တို့​တောင်း​သော​အရာ​များ​ကို​ပေး​ကြ​၏​။ ဤသို့ဖြင့် သူ​တို့​သည် အီဂျစ်​လူမျိုး​တို့​ထံမှ သိမ်းယူ​ကြ​လေ​၏​။
37ကလေး​များ​အပြင် အစ္စရေး​အမျိုးသား ယောက်ျား​ခြောက်သိန်း​ခန့်​တို့​သည် ရာမသက်​အရပ်​မှ သုကုတ်​အရပ်​တိုင်အောင် ခြေကျင်​ခရီးပြု​ကြ​၏​။ 38အခြား​လူမျိုး​များစွာ​တို့​နှင့် သိုးဆိတ်​များ​၊ နွား​များ စသည့် အလွန်​များ​သော​တိရစ္ဆာန်​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ထွက်သွား​ကြ​၏​။ 39အီဂျစ်​ပြည်​မှ​နှင်ထုတ်​ခံရ​စဉ်က သူ​တို့​သည်​အချိန်​မ​ရ​သဖြင့် မိမိ​တို့​အတွက်​စားနပ်ရိက္ခာ​ကို​ပင် မ​ပြင်ဆင်​နိုင်​ကြ​။ ထို့ကြောင့် အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​သည့် တဆေး​မ​ဖောက်​ထား​သော မုန့်နှစ်​ဖြင့် တဆေးမဲ့​မုန့်ပြား​ကို​သာ ဖုတ်စား​ကြ​ရ​၏​။
40အီဂျစ်​ပြည်​၌ အစ္စရေး​အမျိုးသား​တို့ နေထိုင်​ခဲ့​ကြ​သော​အချိန်​ကာလ​မှာ နှစ်ပေါင်း လေး​ရာ့​သုံးဆယ်​ဖြစ်​၏​။ 41နှစ်ပေါင်း​လေး​ရာ့​သုံးဆယ်​ပြည့်​သော​နေ့​၌​ပင် ထာဝရဘုရား​၏​လူစု​အပေါင်း​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​ကြ​၏​။ 42ထို​ည​သည် အီဂျစ်​ပြည်​မှ သူ​တို့​ကို​ထုတ်ဆောင်​ရန် ထာဝရဘုရား​စောင့်စား​ခဲ့​သော​ည​ဖြစ်​၏​။ ထို​ည​သည် အစ္စရေး​အမျိုးသား​အပေါင်း​တို့ မျိုးဆက်​အစဉ်အဆက်​ထာဝရဘုရား​အဖို့ စောင့်ထိန်း​ရ​သော​ည​ဖြစ်​၏​။
ပသခါပွဲဆိုင်ရာညွှန်ကြားချက်
43တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​ပသခါပွဲ​ဆိုင်ရာ​ပြဋ္ဌာန်းချက်​ဟူမူကား မည်သည့်​တိုင်းတစ်ပါးသား​မျှ ပသခါသိုး​ကို​မ​စား​ရ​။ 44သို့သော် ငွေ​ဖြင့်​ဝယ်​ထား​သော​မည်သည့်​ကျွန်​ယောက်ျား​မ​ဆို အရေဖျားလှီး​ခြင်း​ကို​ခံ​ပြီးလျှင် စား​နိုင်​၏​။ 45မည်သည့်​ဧည့်သည်​၊ မည်သည့်​သူရင်းငှား​မျှ မ​စား​ရ​။ 46ပသခါသိုး​ကို အိမ်​တစ်​အိမ်​ထဲ၌ စား​ရ​မည်​။ အသား​ကို အိမ်​ထဲမှ အပြင်​သို့ ယူ​မ​သွား​ရ​။ အရိုး​ကို​လည်း မ​ချိုး​ရ​။#ယော 19:36။ 47အစ္စရေး​လူထု​အပေါင်း​တို့​သည် ထို​ပွဲ​ကို ကျင်းပ​ရ​မည်​။ 48သင်​တို့​ထံ၌​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​သည် ထာဝရဘုရား​အဖို့ ပသခါပွဲ​ကို​ကျင်းပ​လို​လျှင် သူ​နှင့်အတူ​ရှိ​သော​ယောက်ျား​အပေါင်း​တို့​သည် အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ သို့ပြီးမှ သူ​သည် ပသခါပွဲ​ကို​ပါဝင်​ကျင်းပ​နိုင်​မည်​။ အမျိုးသားချင်း​ကဲ့သို့​လည်း​ဖြစ်​မည်​။ သို့သော် အရေဖျားလှီး​ခြင်း​မ​ခံ​သော​သူ​မည်သူမျှ ပသခါသိုး​ကို​မ​စား​ရ​။ 49အမျိုးသားချင်း​အတွက်​ဖြစ်စေ​၊ သင်​တို့​ထဲ​တွင်​တည်းခိုနေထိုင်​သော တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ ပညတ်တရား​တစ်ပါးတည်း​ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
50မောရှေ​နှင့်​အာရုန်​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် တစ်သဝေမတိမ်း​ပြု​ကြ​၏​။ 51ဤ​နေ့​၌​ပင် ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​ထဲမှ အဖွဲ့​လိုက် ထုတ်ဆောင်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in