YouVersion Logo
Search Icon

ဧသတာဝတ္ထု 2

2
မိဖုရားအသစ်ရှာဖွေခြင်း
1ထို့နောက်တွင် အာရွှေရု​မင်းကြီး​သည် အမျက်ပြေ​၍ ဝါရှတိ​ကို​သတိရ​လေ​၏​။ ဝါရှတိ​ပြုမူ​ခဲ့​ပုံ​နှင့် သူ့​အပေါ် အပြစ်ဒဏ်​ချ​ခဲ့​ပုံ​တို့​ကို​လည်း သတိရ​လေ​၏​။ 2ထိုအခါ မင်း​ခစား​အမှုထမ်း​တို့​က “​အရှင်မင်းကြီး​အဖို့ ရုပ်ရည်​လှပ​သော​အပျိုကညာ​များ​ကို ရှာ​ပါရစေ​။ 3ရုပ်ဆင်းသွင်ပြင်​ချောမော​သော အပျိုကညာ​အားလုံး​ကို ရှုရှန်​နန်းတော်​ရှိ အပျိုတော်​နန်းဆောင်​သို့ ပို့​စေရန် အရှင်မင်းကြီး​၏​တိုင်းနိုင်ငံ​ရှိ နယ်မြေဒေသ​အသီးသီး​တွင် ကြီးကြပ်သူ​များ​ကို​ခန့်ထား​တော်မူ​ပါ​။ ဘုရင့်​နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ​လက်​သို့​အပ်​၍ အလှပြင်​စေ​ပါ​။ 4ထို့နောက် အရှင်မင်းကြီး အနှစ်သက်ဆုံး အပျိုကညာ​တစ်ဦး​ကို ဝါရှတိ​အစား မိဖုရား​မြှောက်​ပါ​”​ဟု လျှောက်​ကြ​၏​။ ရှင်ဘုရင်​သည် ထို​စကား​ကို​နှစ်သက်​သဖြင့် ထို​အတိုင်း​ပြု​လေ​၏​။
5ရှုရှန်​နန်းတော်​တွင် မော်ဒကဲ​ဟု​ခေါ်​သော ဂျူး​လူမျိုး​တစ်ဦး​ရှိ​၏​။ သူ​သည် ဗင်္ယာမိန်​အမျိုး ကိရှ​၏​မြစ်​၊ ရှိမိ​၏​မြေး​၊ ယာဣရ​၏​သား​ဖြစ်​၏​။ 6ကိရှ​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​ကို ဂျေရုဆလင်​မြို့​မှ ဖမ်းခေါ်​သွား​စဉ်တွင် သုံ့ပန်း​အဖြစ် ပါသွား​ခဲ့​သူ​ဖြစ်​၏​။ 7မော်ဒကဲ​သည် မိမိ​ဘထွေး​၏​သမီး ဟဒဿ ခေါ် ဧသတာ​ကို ထိန်းကျောင်း​ပေး​ခဲ့​ရ​၏​။ အကြောင်းမှာ ထို​မိန်းကလေး​သည် မိဘ​မ​ရှိ​၊ ရုပ်ရည်​မှာ ချစ်စရာကောင်း​၍ လှပ​သော​အဆင်း​ရှိ​၏​။ သူ​၏​မိဘ​များ သေဆုံး​သွား​သဖြင့် မော်ဒကဲ​သည် သူ့​ကို​သမီး​သဖွယ် စောင့်ရှောက်​ပေး​ခဲ့​ခြင်း​ဖြစ်​၏​။
8ရှင်ဘုရင်​ထုတ်ပြန်​သည့်​အမိန့်​ကို ကြေညာ​သဖြင့် မိန်းမပျို​အမြောက်အမြား​တို့​ကို ရှုရှန်​နန်းတော်​ရှိ ဟေဂဲ​၏​လက်​ထဲသို့​လာအပ်​ကြ​ရာ ဧသတာ​ကို​လည်း ဘုရင့်​နန်းတော်​သို့ ခေါ်ဆောင်​လာ​၍ အပျိုတော်အုပ်​ဟေဂဲ​၏​လက်​သို့​အပ်​လေ​၏​။ 9ဟေဂဲ​သည် ဧသတာ​ကို သဘောကျ​နှစ်သက်​သဖြင့် မျက်နှာသာ​ပေး​၏​။ သူ့​ကို​အလှပြင်​ပေး​ရန်​နှင့် အစားအစာ​ကျွေးမွေး​ရန် ချက်ချင်း​ပြင်ဆင်​၏​။ ရှင်ဘုရင်​၏​နန်းတော်​မှ လက်ရွေးစင် အပျိုတော်​ခုနစ်​ဦး​ကို ပေး​ထား​၏​။ ထို​အပျိုတော်​များ​နှင့်တကွ သူ့​ကို အမျိုးသမီး​နန်းဆောင်​တွင် အကောင်းဆုံး​နေရာ​၌ ထား​၏​။
10ကိုယ့်​လူမျိုး​၊ ကိုယ့်​ဇာတိ​အကြောင်း ထုတ်ဖော်​မ​ပြ​ရန် မော်ဒကဲ​သည် ဧသတာ​အား မှာထား​သဖြင့် ဧသတာ​လည်း ထုတ်ဖော်​မ​ပြ​ဘဲ​နေ​၏​။ 11ထို့ပြင် မော်ဒကဲ​သည် ဧသတာ​၏​အခြေအနေ​အကျိုးအကြောင်း​ကို​သိရှိ​ရန် အပျိုတော်​နန်းဆောင်​ဝင်း​ရှေ့​သို့ နေ့တိုင်း သွား​လေ့​ရှိ​၏​။
12အပျိုတော်​တို့​အတွက် အလှပြင်​သော​အချိန်​မှာ မုရန်​ဆီ​ဖြင့်​ခြောက်​လ​၊ အမွှေးနံ့သာ​နှင့် အလှပြင်​ပစ္စည်း​တို့​ဖြင့် ခြောက်​လ​ဖြစ်​၏​။ သတ်မှတ်​ထား​သော​အလှပြင်​ချိန် တစ်ဆယ့်​နှစ်​လ​ပြည့်​ပြီးမှ​သာ အပျိုတော်​တို့​သည် အာရွှေရု​မင်းကြီး​ထံသို့ အလှည့်ကျ​ဝင်​ကြ​ရ​၏​။ 13ရှင်ဘုရင်​ထံသို့​ဝင်​ရ​သောအခါ အပျိုတော်​သည် အလိုရှိ​သမျှ​ကို​တောင်းယူ​၍ အပျိုတော်​နန်းဆောင်​မှ ဘုရင့်​နန်းဆောင်​သို့ ယူသွား​ခွင့်​ရှိ​၏​။ 14နေဝင်ချိန်​တွင် ရှင်ဘုရင်​ထံ​ဝင်​၍ နံနက်​ရောက်​လျှင် ပြန်​ထွက်လာ​ပြီး ရံရွှေတော်​ထိန်း ဘုရင့်​နန်းတွင်း​မိန်းမစိုး​ရှာရှဂါဇ​အုပ်ထိန်း​သော နောက်​မောင်းမဆောင်​တစ်​ခု​တွင် နေ​ရ​၏​။ ရှင်ဘုရင်​နှစ်သက်​၍ နာမည်​နှင့်​မ​ခေါ်​မ​ချင်း ရှင်ဘုရင်​ထံ ထပ်၍​မ​ဝင်​ရ​။
ဧသတာကို မိဖုရားမြှောက်ခြင်း
15မော်ဒကဲ​က မိမိ​သမီး​သဖွယ်​စောင့်ရှောက်​ထား​သော မော်ဒကဲ​၏​ဘထွေး​အဘိဟဲလ​၏​သမီး​ဧသတာ​သည် ရှင်ဘုရင်​ထံ​ဝင်​ရ​မည့်​အလှည့်​ရောက်လာ​၏​။ သူ​သည် မည်သည့်​အရာ​ကို​မျှ မ​တောင်းဆို​ဘဲ နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ အကြံပေး​သည့်​အတိုင်း​သာ သွား​၏​။ ဧသတာ​ကို တွေ့မြင်​သမျှ​သော​သူ​တို့​သည် သူ့​ကို သဘောကျ​နှစ်သက်​ကြ​၏​။
16ဤသို့ဖြင့် အာရွှေရု​မင်းကြီး​နန်းစံ သတ္တမ​နှစ်​၊ တေဗက်​လ​ဟု​ခေါ်​သော ဒသမ​လ​တွင် ဧသတာ​ကို ဘုရင့်​နန်းဆောင်​သို့ ခေါ်သွင်း​လေ​၏​။ 17ရှင်ဘုရင်​သည် အခြား​အပျိုတော်​တို့​ထက် ဧသတာ​ကို ချစ်​၏​။ ထို့ကြောင့် ဧသတာ​သည် အခြား​အပျိုတော်​တို့​ထက် မျက်နှာသာရ​၍ မေတ္တာကရုဏာ​ကို ခံရ​၏​။ ထို့ပြင် ရှင်ဘုရင်​သည် သူ့​ခေါင်း​ပေါ်၌ တော်ဝင်​သရဖူ​ကို​ဆောင်းပေး​၍ ဝါရှတိ​အစား သူ့​ကို မိဖုရား​မြှောက်​လေ​၏​။ 18ထို့နောက် ရှင်ဘုရင်​သည် မှူးမတ်​နှင့်​မင်းမှုထမ်း အပေါင်း​တို့​ပါ​သော စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၏​။ ဤ​ပွဲ​သည် ဧသတာ​အတွက်​ကျင်းပ​သော​ပွဲ​ဖြစ်​၏​။ မိမိ​ပိုင်နက်​တစ်ဝန်းလုံး​တွင် ထို​နေ့​ကို အားလပ်ရက်​အဖြစ်​သတ်မှတ်​၍ တော်ဝင်​လက်ဆောင်​များ​ကို​လည်း ရက်ရက်ရောရော​ပေးကမ်း​လေ​၏​။
19အပျိုကညာ​များ​ကို ဒုတိယအသုတ်​ခေါ်ဆောင်​လာ​ချိန်​တွင် မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​တွင် ထိုင်​လျက်​နေ​၏​။ 20ဧသတာ​သည် မော်ဒကဲ​မှာထား​သည့်​အတိုင်း မိမိ​လူမျိုး​၊ မိမိ​ဇာတိ​ကို ထုတ်ဖော်​မ​ပြ​ဘဲ​နေ​၏​။ မိမိ​ကို မော်ဒကဲ​ကျွေးမွေး​စောင့်ရှောက်​ခဲ့​စဉ်​အချိန်​က​ကဲ့သို့ပင် ယခု​လည်း မော်ဒကဲ​၏​စကား​ကို နားထောင်​လျက်​ရှိ​၏​။
ရှင်ဘုရင်ကို မော်ဒကဲကယ်တင်ခဲ့ခြင်း
21မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​တွင် ထိုင်​လျက်​နေ​သော​ကာလ​တွင် ဘုရင့်​အမှုထမ်း​နှစ်​ဦး​ဖြစ်​သော တံခါးစောင့်​ဗိဂသန်​နှင့်​တေရက်​တို့​သည် အာရွှေရု​မင်းကြီး​ကို အမျက်ထွက်​၍ လုပ်ကြံ​ရန် အခွင့်ကောင်း​ရှာ​နေ​ကြ​၏​။ 22ထို​အကြောင်း​ကို မော်ဒကဲ​သိ​၍ မိဖုရား​ဧသတာ​အား ပြောပြ​၏​။ ဧသတာ​သည်​လည်း မော်ဒကဲ​ကိုယ်စား ရှင်ဘုရင်​ထံ လျှောက်တင်​လေ​၏​။ 23ထို​အကြောင်း​ကို​စုံစမ်း​တွေ့ရှိ​သောအခါ ထို​သူ​နှစ်​ဦး​ကို သစ်တိုင်​၌​ချိတ်ဆွဲ​ထား​၏​။ ထို​အကြောင်း​ကို ရှင်ဘုရင်​ရှေ့မှောက်​၌ ရာဇဝင်ချုပ်​မှတ်တမ်း​စာလိပ်​ထဲတွင် မှတ်တမ်းတင်​ထား​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in