YouVersion Logo
Search Icon

ဧသတာဝတ္ထု 3

3
ဂျူးလူမျိုးတို့ကိုဖျက်ဆီးရန် ဟာမန်ကြံစည်ခြင်း
1ထို့နောက်တွင် အာရွှေရု​မင်းကြီး​သည် အာဂတ်​အမျိုး​ဟမ္မေဒါသ​၏​သား​ဟာမန်​ကို ချီးမြှင့်မြှောက်စား​လေ​၏​။ သူ​၌​ရှိ​သော​မှူးမတ်​အပေါင်း​တို့​ထက် ရာထူး​တိုးမြှင့်​ပေး​၏​။ 2ဘုရင့်​နန်းတော်​တံခါး​ရှိ မင်းမှုထမ်း​အပေါင်း​တို့​သည် ဘုရင့်​အမိန့်​တော်​အတိုင်း ဟာမန်​ကို​ညွတ်တွား​ခယ​ကြ​၏​။ သို့သော် မော်ဒကဲ​သည် ဟာမန်​ကို​မ​ညွတ်တွား မ​ခယ​ပေ​။ 3ထို့ကြောင့် ဘုရင့်​နန်းတော်​တံခါး​ရှိ မင်းမှုထမ်း​တို့​က မော်ဒကဲ​အား “​သင်​သည် ရှင်ဘုရင်​၏​အမိန့်​ကို အဘယ်ကြောင့် မနာခံ​သနည်း​”​ဟု မေး​ကြ​၏​။ 4မော်ဒကဲ​က မိမိ​သည် ဂျူး​လူမျိုး​ဖြစ်ကြောင်း​ကို ပြောပြ​ထား​ပြီး​ဖြစ်၍ ထို​သူ​တို့ နေ့စဉ်နေ့တိုင်း ပြောဆို​နေ​သော်လည်း မ​ကြား​ချင်​ယောင်ဆောင်​နေ​၏​။ ထိုအခါ မော်ဒကဲ​၏​လုပ်ရပ်​ကို​သည်းခံ​မည်​၊ မ​သည်းခံ​မည်​ကို သိ​လို​၍ ထို​သူ​တို့​သည် ဟာမန်​အား​ပြောပြ​ကြ​၏​။
5ဟာမန်​သည် မိမိ​အား မော်ဒကဲ မ​ညွတ်တွား မ​ခယ​ကြောင်း​ကို သိရှိ​သောအခါ အမျက်ဒေါသ​ပြင်း​စွာ​ထွက်​လေ​၏​။ 6မော်ဒကဲ​၏​လူမျိုး​အကြောင်း​ကို ဟာမန်​အား ပြောပြ​ထား​ကြ​ပြီး​ဖြစ်​၏​။ ဟာမန်​သည် မော်ဒကဲ​တစ်ဦးတည်း​ကို​သာ​သုတ်သင်​ပစ်​လျှင် မတန်​ဟု မြင်​သဖြင့် အာရွှေရု​မင်းကြီး​၏​နိုင်ငံ​တစ်ဝန်းလုံး​ရှိ မော်ဒကဲ​၏​လူမျိုး​ဖြစ်​သည့် ဂျူး​လူမျိုး​အားလုံး​ကို​ပါ ဖျက်ဆီး​ပစ်​ရန် ကြံစည်​လေ​၏​။
7ထို့ကြောင့် အာရွှေရု​မင်းကြီး​နန်းစံ​တစ်ဆယ့်​နှစ်​နှစ်​၊ နိသန်​ဟု​ခေါ်​သော​ပထမ​လ​တွင် ဟာမန်​ရှေ့​၌ တစ်ရက်​ပြီး​တစ်ရက်​၊ တစ်လ​ပြီး​တစ်လ ပုရ​မဲ​ကို​ချ​ရာ အာဒါ​ဟု​ခေါ်​သော​တစ်ဆယ့်​နှစ်​လ​တွင် မဲကျ​၏​။ 8ထို့နောက် ဟာမန်​က အာရွှေရု​မင်းကြီး​အား “​အရှင်မင်းကြီး​ပိုင်​နိုင်ငံ​တော်​တစ်ဝန်းလုံး​ရှိ နယ်မြေဒေသ​အသီးသီး​မှ​ပြည်သူပြည်သား​များ​ကြားတွင် ကွဲလွင့်​ပျံ့နှံ့​နေ​သော​လူမျိုး​တစ်​မျိုး​ရှိ​ပါ​၏​။ သူ​တို့​၏​စည်းမျဉ်း​ဥပဒေ​များ​သည် အခြား​လူမျိုး​အပေါင်း​တို့​နှင့်​မတူ​။ သူ​တို့​သည် အရှင်မင်းကြီး​၏​စည်းမျဉ်း​ဥပဒေ​များ​ကို မ​လိုက်နာ​သောကြောင့် သူ​တို့​ကို ဤ​အတိုင်း​လွှတ်​ထား​လျှင် အရှင်မင်းကြီး​အတွက် အကျိုး​မ​ရှိ​နိုင်​ပါ​။ 9အရှင်မင်းကြီး​အလို​တော်​ရှိ​လျှင် သူ​တို့​ကို​ဖျက်ဆီး​ပစ်​ရန် အမိန့်စာ​ထုတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည်​လည်း အရှင်မင်းကြီး​၏​ဘဏ္ဍာတိုက်​ထဲသို့​သွင်း​ရန် ငွေ​တာလန်​တစ်သောင်း#3:9 “220000 ပိဿာ သို့မဟုတ် 340000 ကီလိုဂရမ်”။​ကို ဤ​အမှု​ဆောင်ရွက်​သူ​တို့​၏​လက်​သို့ အပ်​ပါ​မည်​”​ဟု လျှောက်​လေ​၏​။
10ထိုအခါ ရှင်ဘုရင်​သည် မိမိ​လက်​မှ​တံဆိပ်တုံးလက်စွပ်​တော်​ကို​ချွတ်​၍ ဂျူး​လူမျိုး​တို့​၏​ရန်သူ​ဖြစ်​သော အာဂတ်​အမျိုး​ဟမ္မေဒါသ​၏​သား​ဟာမန်​အား ပေး​လေ​၏​။ 11ရှင်ဘုရင်​က ဟာမန်​အား “​ဤ​ငွေ​ကို သင့်​အား​ပေး​ပြီ​။ ဤ​လူမျိုး​ကို​လည်း သင်​အလိုရှိ​သည့်​အတိုင်း​ပြု​နိုင်​၏​”​ဟု မိန့်ဆို​လေ​၏​။ 12ထိုအခါ ပထမ​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့​တွင် ဘုရင့်​စာရေးတော်ကြီး​များ​ကို ဆင့်ခေါ်​၍ ဟာမန်​ပြောကြား​သည့်​အတိုင်း အမိန့်စာ​ကို​ရေးသား​စေ​ပြီး အုပ်ချုပ်ရေး​အရာရှိ​မင်း​များ​၊ နယ်မြေဒေသ​အသီးသီး​ကို​အုပ်ချုပ်​သော​ဘုရင်ခံ​များ​နှင့် လူမျိုး​အသီးသီး​တို့​၏​အကြီးအကဲ​များ​ထံသို့ နယ်မြေဒေသ​အလိုက် သူ့​စာပေ​၊ သူ့​လူမျိုး​၏​ဘာသာစကား​ဖြင့် ပေးပို့​၏​။ ထို​စာ​ကို အာရွှေရု​မင်းကြီး​၏​နာမည်​တပ်​၍ ရှင်ဘုရင်​၏​တံဆိပ်တုံးလက်စွပ်​တော်​ဖြင့် ခတ်နှိပ်​လေ​၏​။ 13ထို​စာ​ကို ခြေမြန်​တော်​များ​ဖြင့် ရှင်ဘုရင်​ပိုင်​နယ်မြေဒေသ​အသီးသီး​သို့ ပေးပို့​လိုက်​၏​။ ထို​စာ​တွင် အာဒါ​ဟု​ခေါ်​သော တစ်ဆယ့်​နှစ်​လ​၊ တစ်ဆယ့်​သုံး​ရက် တစ်နေ့ချင်း​တွင် ဂျူး​လူမျိုး​လူကြီး​လူငယ်​၊ မိန်းမ​နှင့်​ကလေး​ပါ​မ​ကျန် အားလုံး​သုတ်သင်​သတ်ဖြတ်​ပြီး သူ​တို့​၏​စည်းစိမ်ဥစ္စာ​တို့​ကို​သိမ်းယူ​ရ​မည်​ဟု ပါရှိ​၏​။
14ထို​နေ့ရက်​တွင် အဆင်သင့်​ဖြစ်စေ​ရန် ထို​စာ​၏​မိတ္တူ​ကို အမိန့်​တော်​စာ​အဖြစ် နယ်မြေဒေသ​အသီးသီး​ရှိ လူမျိုး​အားလုံး​တို့​ထံသို့ ထုတ်ပြန်​ကြေညာ​စေ​၏​။ 15ဘုရင့်​အမိန့်​တော်​အတိုင်း ခြေမြန်​တော်​တို့​သည် အလျင်အမြန်​ထွက်သွား​ကြ​၏​။ ထို​အမိန့်စာ​ကို ရှုရှန်​နန်းတော်​တွင် ထုတ်ပြန်​ကြေညာ​၏​။ ထိုစဉ် ရှင်ဘုရင်​နှင့်​ဟာမန်​တို့​သည် ထိုင်​၍​စားသောက်​လျက်​နေ​၏​။ ရှုရှန်​မြို့​ထဲတွင်​မူကား ရုတ်ရုတ်သဲသဲ​ဖြစ်​နေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in