YouVersion Logo
Search Icon

ဒေသနာကျမ်း 5

5
ဘုရားသခင်ရှေ့တွင် သတိနှင့်နေခြင်း
1ဘုရားသခင်​၏​အိမ်​တော်​သို့​သွား​သောအခါ သင်​၏​ခြေလှမ်း​ကို​စောင့်ထိန်း​လော့​။ နားထောင်​ရန်​ချဉ်းကပ်​ခြင်း​သည် မိုက်မဲ​သော​သူ​တို့​နှင့်ဆိုင်သော​ယဇ်​ကို​ပူဇော်​ခြင်း​ထက် ပို၍​ကောင်း​၏​။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​မကောင်းမှု​ပြု​နေ​သည်​ကို မ​သိ​ကြ​ချေ​။ 2ဘုရားသခင်​၏​ရှေ့​တော်​၌​နှုတ်မြွက်​ရန် သင်​၏​နှုတ်​ကို​မ​လော​စေ​နှင့်​။ သင်​၏​စိတ်​ကို​လည်း မ​မြန်​စေ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​သည် ကောင်းကင်ဘုံ​၌​ရှိ​တော်မူ​ပြီး သင်​သည် မြေကြီး​ပေါ်၌​ရှိ​၏​။ ထို့ကြောင့် သင်​၏​စကား​ကို နည်း​စေ​လော့​။#ယာ 1:19။ 3အလုပ်​များပြားခြင်း​အားဖြင့် အိပ်မက်မက်​တတ်​သကဲ့သို့ စကား​များပြားခြင်း​အားဖြင့် မိုက်မဲ​သော​သူ​၏​အသံ​ပါ​တတ်​၏​။ 4ဘုရားသခင်​အား ကတိသစ္စာ​ပြု​သောအခါ ၎င်း​ကို​ပြည့်စုံ​စေရန် မ​နှောင့်နှေး​စေ​နှင့်​။ အကြောင်းမူကား ကိုယ်တော်​သည် မိုက်မဲ​သော​သူ​ကို နှစ်သက်​တော်​မ​မူ​။ သင်​ကတိသစ္စာ​ပြု​ထား​သည့်​အတိုင်း ပြည့်စုံ​စေ​လော့​။ 5ကတိသစ္စာ​ပြု​ပြီး မ​ပြည့်စုံ​စေ​ဘဲ​နေ​ခြင်း​ထက် ကတိသစ္စာ​မ​ပြု​ဘဲ​နေ​ခြင်း​က ပို၍​ကောင်း​၏​။ 6သင်​၏​နှုတ်​ကြောင့် သင့်​အပေါ်​၌ အပြစ်​မ​ရောက်​စေ​နှင့်​။ စေတမန်​ရှေ့​၌ “​ထို​ကတိသစ္စာ​ကို မတော်တဆ​ပြု​မိ​ပါ​သည်​”​ဟု ပြော​ရ​သော​အကြောင်း​မ​ရှိ​စေ​နှင့်​။ အဘယ်ကြောင့် သင်​၏​စကား​အားဖြင့် ဘုရားသခင်​ကို အမျက်ထွက်​စေ​၍ သင်​၏​လက်​ဖြင့်​ပြု​သော​အမှု​ကို ဖျက်ဆီး​စေ​မည်နည်း​။ 7အိပ်မက်​များပြားခြင်း​အားဖြင့် အချည်းနှီး​သော​အရာ​နှင့် စကား​တို့​သည်​လည်း များပြား​လာ​တတ်​၏​။ သို့ဖြစ်၍ ဘုရားသခင်​ကို ကြောက်ရွံ့​လော့​။
ဥစ္စာဓန၊ ဂုဏ်သရေသည် အချည်းနှီးသာ
8နယ်မြေဒေသ​တစ်ခုခု​တွင် ဆင်းရဲသား​တို့​ကို​ဖိနှိပ်ချုပ်ချယ်​ခြင်း​ကို​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့် ဖြောင့်မတ်​ခြင်း​တို့​မှ​သွေဖည်​ခြင်း​ကို​လည်းကောင်း သင်​မြင်​ရ​လျှင်လည်း ထို​အမှု​ကို​အံ့ဩ​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား ရာထူးမြင့်​သော​သူ​တစ်ဦး​ကို သူ့​ထက်​ရာထူးမြင့်​သော​သူ​က စောင့်ကြည့်​နေ​၏​။ ထို​သူ​တို့​ထက် ရာထူးမြင့်​သော​သူ​များ​လည်း ရှိ​ကြ​၏​။ 9မြေကြီး​မှ​ရ​သော​အကျိုး​သည် အားလုံး​အတွက်​ဖြစ်​၏​။ ရှင်ဘုရင်​သည်​လည်း လယ်ယာ​၏​ကျေးဇူး​ကို​ခံရ​၏​။ 10ငွေ​ကို​တပ်မက်​သော​သူ​သည် ငွေ​အားဖြင့် အလို​မ​ပြည့်စုံ​နိုင်​။ စည်းစိမ်ဘဏ္ဍာ​ကို​တပ်မက်​သော​သူ​သည်​လည်း မိမိ​ရရှိ​သော​အရာ​အားဖြင့် အလို​မ​ပြည့်စုံ​နိုင်​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။ 11ဥစ္စာ​တိုးပွား​သောအခါ ၎င်း​ကို​စားသုံး​သူ​လည်း များပြား​လာ​တတ်​၏​။ ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​သည်​လည်း မိမိ​၏​မျက်စိ​ဖြင့် ကြည့်​နေ​ခြင်း​မှတစ်ပါး အခြား​မည်သည့်​အကျိုး​ကျေးဇူး​ကို​ရရှိ​သနည်း​။ 12အလုပ်​လုပ်​သော​သူ​သည် အနည်းငယ်​စား​သည်​ဖြစ်စေ​၊ များစွာ​စား​သည်​ဖြစ်စေ နှစ်ခြိုက်​စွာ​အိပ်စက်​တတ်​၏​။ ချမ်းသာ​သော​သူ​၏​ဝပြော​ခြင်း​မူကား ထို​ချမ်းသာ​သော​သူ​ကို​အိပ်ပျော်​ခွင့်​မ​ပေး​တတ်​။ 13နေ​အောက်​တွင် ငါ​တွေ့မြင်​ရ​သည့် ဆိုးရွား​၍​ငြီးငွေ့ဖွယ်​ကောင်း​သော​အမှု​တစ်​ခု​ရှိ​၏​။ ထို​အမှု​မှာ ဓနဥစ္စာ​သည် ၎င်း​ကို​ထိန်းသိမ်း​ထား​သော​ပိုင်ရှင်​အား ဒုက္ခပေး​ခြင်း​ပင်​ဖြစ်​၏​။ 14ထို​ဓနဥစ္စာ​သည် အဖြစ်​ဆိုး​တစ်​ခု​ကြောင့်​ဆုံးရှုံး​သွား​၍ ထို​သူ​သည် သား​ကို​ရ​သော်လည်း ထို​သား​၏​လက်​တွင် မည်သည့်​အရာ​မျှ​မ​ရှိ​ချေ​။ 15သူ​သည် အမိ​ဝမ်း​ထဲမှ အဝတ်မပါ​အချည်းစည်း​ထွက်လာ​သည့်​နည်းတူ ပြန်​သည့်အခါ​၌​လည်း မိမိ​လာ​သည့်​အတိုင်း ပြန်သွား​ရ​မည်​။ မိမိ​၏​လက်​တွင် မိမိ​ကြိုးပမ်းအားထုတ်မှု​ထဲမှ ဘာမျှ​မ​ယူဆောင်​ဘဲ​သွား​ရ​မည်​။ 16ဤ​အရာ​သည်​လည်း ဆိုးရွား​၍​ငြီးငွေ့ဖွယ်​ကောင်း​သော​အမှု​ဖြစ်​၏​။ လူ​သည် မိမိ​လာ​သည့်​အတိုင်း အလျှင်း​မ​ခြားနား​ဘဲ ပြန်သွား​ရ​မည်​။ သူ​သည် လေ​အတွက်​ကြိုးပမ်းအားထုတ်​သည်​ဖြစ်၍ သူ​၌​မည်သည့်​အကျိုး​ရှိ​သနည်း​။ 17သူ​သည် မိမိ​၏​နေ့ရက်​အားလုံး​တို့​၌ များစွာ​စိတ်ပျက်​ခြင်း​၊ ဝေဒနာ​ခံစား​ရ​ခြင်း​နှင့် အမျက်ထွက်​ခြင်း​ဖြင့် အမှောင်​ထဲတွင်​စားသောက်​ရ​မည်​။ 18ကြည့်ရှု​လော့​။ ဘုရားသခင်​ပေး​တော်မူ​သည့် အနည်းငယ်​သော​အသက်တာ​နေ့ရက်​များ​၌ လူ​သည် စား​လျက်​၊ သောက်​လျက်​၊ နေ​အောက်​၌ ကြိုးပမ်းအားထုတ်​သည့် မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အပေါ် ကျေနပ်အားရ​လျက်​နေ​ခြင်း​သည် ကောင်းမြတ်​၍​တင့်တယ်​ကြောင်း ငါ​တွေ့မြင်​၏​။ အကြောင်းမူကား ဤ​အရာ​သည် လူ​၏​ဝေစု​ဖြစ်​၏​။ 19ဘုရားသခင်​သည် ဓနဥစ္စာ​နှင့် စည်းစိမ်​ချမ်းသာ​ကို​ပေး​တော်မူ​သော​သူ​တိုင်း​အား ထို​အရာ​တို့​ကို​ခံစား​သုံးဆောင်​ရ​သော​အခွင့်​ကို​လည်းကောင်း​၊ မိမိ​၏​ဝေစု​ကို​ယူ​၍ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​၌ ဝမ်းမြောက်​ရ​သော​အခွင့်​ကို​လည်းကောင်း ပေး​တော်မူ​၏​။ ဤ​အရာ​သည် ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်​၏​။ 20အကြောင်းမူကား ထို​သူ​သည် မိမိ​အသက်တာ​၏​နေ့ရက်​များ​ကို လွန်ကဲ​စွာ​အောက်မေ့​ခြင်း​မ​ရှိ​။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် သူ​၏​စိတ်နှလုံး​ကို ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်ဝ​စေ​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in