တရားဟောရာကျမ်း 33
33
မောရှေပေးသောကောင်းချီးမင်္ဂလာ
1ဘုရားသခင်၏လူမောရှေ မကွယ်လွန်မီ အစ္စရေးအမျိုးသားတို့အား ပေးခဲ့သော ကောင်းချီးမင်္ဂလာကား ဤသို့ဖြစ်၏။ 2မောရှေက “ထာဝရဘုရားသည် သိနာတောင်မှ ကြွလာတော်မူ၏။ စိရတောင်မှ ထွန်းလင်းတော်မူ၏။ ပါရန်တောင်မှ ရောင်ခြည်လွှတ်တော်မူ၏။ လက်ယာလက်တော်၌ ဥပဒေသမီးပါလျက် သန့်ရှင်းသူအထောင်အသောင်းတို့နှင့် ကြွလာတော်မူ၏။ 3အကယ်စင်စစ် လူမျိုးတော်ကိုချစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့သည် ကိုယ်တော့်လက်တော်၌ရှိပါ၏။ သူတို့သည် ကိုယ်တော်၏ခြေတော်ရင်း၌ ထိုင်လျက် ကိုယ်တော်၏စကားတော်တို့ကို ခံယူကြပါ၏။ 4မောရှေသည် ယာကုပ်အမျိုးတို့ပိုင်ဆိုင်ရာပညတ်တရားကို ငါတို့အား ပေးထား၏။ 5လူမျိုးတော်အကြီးအမှူးတို့သည် အစ္စရေးမျိုးနွယ်တို့နှင့်အတူ စုဝေးကြသောအခါ ကိုယ်တော်သည် ယေရှုရုန်အမျိုး၌ ရှင်ဘုရင်ဖြစ်တော်မူ၏။ 6ရုဗင်အမျိုးသည် အသက်ချမ်းသာရာရပါစေသော။ မသေပါစေနှင့်။ သူ၏လူဦးရေများပါစေ။
7ယုဒအမျိုးကိုကား၊ အို ထာဝရဘုရား၊ ယုဒတောင်းလျှောက်သံကို နားညောင်းတော်မူ၍ သူ့လူမျိုးတို့ထံသို့ သူ့ကို ပို့ဆောင်တော်မူပါ။ သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ရပါ၏။ သူ့ကိုရန်ပြုသောသူတို့လက်မှ ကိုယ်တော်သည် ကူညီမစသောအရှင်ဖြစ်တော်မူပါစေသော။
8လေဝိအမျိုးကိုကား၊ ကိုယ်တော်၏သုမိမ်နှင့်ဥရိမ်သည် မဿာအရပ်၌ ကိုယ်တော်စမ်းသပ်သော၊ မေရိဘစမ်းရေနား၌ ကိုယ်တော်ရန်တွေ့သော ကိုယ်တော်၏သန့်ရှင်းသူတို့နှင့်အတူရှိပါစေသော။ 9သူတို့သည် ကိုယ်တော်၏စကားတော်ကိုလိုက်နာ၍ ကိုယ်တော်၏ပဋိညာဉ်ကိုစောင့်ထိန်းသောကြောင့် ကိုယ့်မိဘကိုပင်လျှင် ‘သူတို့ကို ငါဂရုမစိုက်’ဟု ဆို၏။ မိမိညီအစ်ကိုကိုလည်း အသိအမှတ်မပြု၊ မိမိသားသမီးတို့ကိုလည်း မသိကျိုးကျွန်ပြု၏။ 10သူတို့သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်များကို ယာကုပ်အမျိုးအားလည်းကောင်း၊ ကိုယ်တော်၏တရားတော်ကို အစ္စရေးလူမျိုးအားလည်းကောင်း သွန်သင်ပြသပေးလိမ့်မည်။ သူတို့သည် နံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကောင်လုံးရှို့ရသောယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း ပူဇော်ကြလိမ့်မည်။ 11အို ထာဝရဘုရား၊ သူ၏ဥစ္စာပစ္စည်းကိုကောင်းချီးပေးတော်မူ၍ သူလုပ်ဆောင်သောအမှုကိုလက်ခံတော်မူပါ။ သူ့ကိုဆန့်ကျင်သောသူ၊ သူ့ကိုမုန်းသောသူတို့ ပြန်၍မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
12ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောဗင်္ယာမိန်သည် အထံတော်၌ လုံခြုံစွာနေရပါစေသော။ ကိုယ်တော်သည် သူ့ကိုအစဉ်အမြဲကွယ်ကာတော်မူ၍ သူ၏ပခုံးပေါ်တွင် ကိန်းဝပ်တော်မူပါစေသော။
13ယောသပ်အမျိုးကိုကား၊ သူ၏ပြည်သည် ကောင်းကင်ရတနာဖြစ်သောနှင်းအားဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထုအားဖြင့်လည်းကောင်း၊ 14နေရတနာ၏အကျိုးကျေးဇူးအားဖြင့်လည်းကောင်း၊ လရတနာ၏အသီးအပွင့်အားဖြင့်လည်းကောင်း၊ 15ရှေးကတည်းကတည်ရှိသောတောင်တန်းတို့၏အကောင်းဆုံးအရာအားဖြင့်လည်းကောင်း၊ ထာဝရတည်သောတောင်ကုန်းတို့၏ရတနာအားဖြင့်လည်းကောင်း၊ 16မြေကြီးရတနာ၊ မြေကြီး၏ကြွယ်ဝခြင်းအားဖြင့်လည်းကောင်း၊ မီးတောက်နေသောချုံပုတ်၌ကိန်းဝပ်တော်မူသောအရှင်၏ကျေးဇူးတော်အားဖြင့်လည်းကောင်း ယောသပ်၏ဦးခေါင်း၊ ညီအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောယောသပ်၏ဦးထိပ်ပေါ်၌ ထာဝရဘုရားထံတော်မှကောင်းချီးသက်ရောက်ပါစေသော။ 17သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။
18ဇာဗုလုန်အမျိုးကိုကား၊ အို ဇာဗုလုန်အမျိုး၊ သင်ကုန်သွယ်သွားရာ၌ ဝမ်းမြောက်လော့။ အို ဣသခါအမျိုး၊ တဲ၌နေလျက် ဝမ်းမြောက်လော့။ 19သူတို့သည် ပင်လယ်၏ကြွယ်ဝခြင်းကိုလည်းကောင်း၊ သဲထဲ၌မြုပ်နေသည့်ရတနာကိုလည်းကောင်း စုပ်ယူရရှိသည်ဖြစ်၍ လူမျိုးတကာတို့ကို တောင်ပေါ်သို့ခေါ်သွားပြီး ထိုအရပ်၌ ဖြောင့်မတ်ခြင်းယဇ်ကို ပူဇော်ကြလိမ့်မည်။
20ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုး၏နယ်မြေကိုကျယ်ဝန်းစေတော်မူသောအရှင်သည် မင်္ဂလာရှိပါစေသော။ ဂဒ်အမျိုးသည် ခြင်္သေ့ကဲ့သို့အောင်း၍ လက်မောင်းနှင့် ဦးခေါင်းတို့ကို ကိုက်ဖြဲတတ်၏။ 21သူသည် မိမိအဖို့အကောင်းဆုံးကိုရွေးချယ်၏။ ခေါင်းဆောင်ဝေစုကိုရယူထား၏။ လူမျိုး၏အကြီးအမှူးထံသို့လာ၍ အစ္စရေးလူမျိုးတို့နှင့်အတူ ထာဝရဘုရား၏ဖြောင့်မတ်ခြင်းတရားနှင့်စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာဆောင်ရွက်၏။
22ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ဗာရှန်ပြည်မှခုန်ထွက်လာသည့် ခြင်္သေ့သားပေါက်ဖြစ်၏။
23နဿလိအမျိုးကိုကား၊ အို နဿလိအမျိုး၊ ကျေးဇူးတော်နှင့်ကြွယ်ဝလျက်၊ ထာဝရဘုရား၏ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံလျက် အနောက်ဘက်၊ တောင်ဘက် နယ်မြေတို့ကိုသိမ်းပိုက်လော့။
24အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သားသမီးများစွာထွန်းကားသောကောင်းချီးကိုခံစားရ၏။ သူ၏ညီအစ်ကိုတို့သည် သူ့ကို ချစ်မြတ်နိုးပါစေ။ သူသည် ခြေကိုဆီ၌နှစ်ရပါစေ။ 25သင်၏တံခါးကျင်တို့သည် သံနှင့်ကြေးနီဖြစ်မည်။ သင်အသက်ရှင်သမျှကာလပတ်လုံး လုံခြုံစွာနေရမည်။ 26အို ယေရှုရုန်၊ သင်၏ဘုရားနှင့်တူသောဘုရားမရှိ။ ကိုယ်တော်သည် သင့်ကိုကူညီမစရန် မိုးကောင်းကင်ကိုစီးနင်းတော်မူ၏၊ မိမိအာနုဘော်တော်ဖြင့်မိုးတိမ်ကို စီးနင်းတော်မူ၏။ 27ထာဝရအရှင် ဘုရားသခင်သည် သင်၏ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရလက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူကို သင့်မျက်စိရှေ့မှနှင်ထုတ်တော်မူ၍ ‘ဖျက်ဆီးလော့’ဟု မိန့်တော်မူမည်။ 28အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာဖြင့် တသီးတခြားနေထိုင်ရမည်။ ယာကုပ်အမျိုးအနွယ်သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများရာအရပ်၊ ကောင်းကင်မှ နှင်းတဖွဲဖွဲကျရာအရပ်၌ နေထိုင်ရမည်။ 29အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။
Currently Selected:
တရားဟောရာကျမ်း 33: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative