YouVersion Logo
Search Icon

တရားဟောရာကျမ်း 22

22
ညီအစ်ကိုပိုင်ပစ္စည်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
1သင့်​ညီအစ်ကို​၏​နွား​ဖြစ်စေ​၊ သိုး​ဖြစ်စေ မျက်စိလည်​လမ်းမှား​နေ​သည်​ကို သင်​တွေ့​လျှင် မသိကျိုးကျွန်​မ​ပြု​ရ​။ သင့်​ညီအစ်ကို​ထံသို့ ဆက်ဆက်​ပြန်ပို့​ပေး​ရ​မည်​။ 2သင့်​ညီအစ်ကို​သည် သင်​နှင့်​အနေဝေး​လျှင်​ဖြစ်စေ​၊ သူ့​ကို သင်​မ​သိ​လျှင်​ဖြစ်စေ သင်​သည် ထို​တိရစ္ဆာန်​ကို သင့်​အိမ်​သို့​ဆောင်သွား​ပြီး သင့်​ညီအစ်ကို​လာရှာ​သည်​အထိ သင့်​ထံ၌ ထား​၍ သူ့​ကို ပြန်ပေး​ရ​မည်​။ 3မြည်း​ဖြစ်စေ​၊ အဝတ်အစား​ဖြစ်စေ သင့်​ညီအစ်ကို​၏​ပစ္စည်း​တစ်ခုခု​ပျောက်ဆုံး​သွား​၍ ထို​ပျောက်ဆုံးပစ္စည်း​ကို သင်​တွေ့​သောအခါ မသိကျိုးကျွန်​မ​ပြု​ဘဲ ထိုနည်းတူ​ပြု​ရ​မည်​။ 4သင့်​ညီအစ်ကို​၏​မြည်း​ဖြစ်စေ​၊ နွား​ဖြစ်စေ လမ်း​၌​လဲ​နေ​သည်​ကို သင်​တွေ့​လျှင် မသိကျိုးကျွန်​မ​ပြု​ရ​။ သူ့​ကို​ဝိုင်းကူ​၍ ဆွဲထူ​ပေး​ရ​မည်​။
မတူသောမျိုးဗီဇကို မရောနှောရန်
5မိန်းမ​သည် ယောက်ျား​အဝတ်​ကို မ​ဝတ်​ရ​။ ယောက်ျား​သည် မိန်းမ​အဝတ်​ကို မ​ဝတ်​ရ​။ ထိုသို့​ပြု​သော​သူ​အားလုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။ 6လမ်း​ဘေး​သစ်ပင်​ပေါ်၌​ဖြစ်စေ​၊ မြေကြီး​ပေါ်၌​ဖြစ်စေ အကောင်ပေါက်​များ​ရှိ​သော​ငှက်​သိုက်​၊ ဥ​များ​ရှိ​သော​ငှက်သိုက်​၊ အကောင်ပေါက်​များ​၊ သို့မဟုတ် ဥ​များ​ကို ငှက်မ​ဝပ်​နေ​သော​ငှက်သိုက်​ကို သင်​တွေ့မိ​လျှင် ငှက်မ​နှင့် ငှက်​သားပေါက်​များ​ကို မ​ယူ​ရ​။ 7သင်​သည် ငှက်​သားပေါက်​များ​ကို ယူ​နိုင်​သော်လည်း ငှက်မ​ကို​မူ မလွဲမသွေ​လွှတ်ပေး​ရ​မည်​။ ထိုသို့​ပြု​လျှင် သင်​သည် ကောင်းစား​၍ အသက်​ရှည်​လိမ့်မည်​။ 8တစ်စုံတစ်ယောက်​သည် သင့်​အိမ်​ပေါ်မှ​ပြုတ်ကျ​၍ သင့်​အိမ်​၌​လူသတ်​သော​အပြစ် မ​ကျရောက်​စေရန် သင်​သည် အိမ်​အသစ်​ဆောက်​သောအခါ သင်​၏​ခေါင်မိုးပြင်​၌ အကာအရံ​လုပ်​ရ​မည်​။ 9သင်​၏​စပျစ်ခြံ​၌ စပျစ်ပင်​ကို အမျိုး​မတူ​သော​အပင်​နှင့်​ရော​၍ မ​စိုက်​ရ​။ စိုက်​လျှင် ထို​အပင်​မှ​ထွက်​သော​ကောက်ပဲသီးနှံ​နှင့် စပျစ်သီး နှစ်မျိုးစလုံး​မစင်မကြယ်​ဖြစ်​လိမ့်မည်​။ 10နွား​နှင့် မြည်း​ကို တွဲ​၍ မ​ထွန်ယက်​ရ​။ 11သိုးမွေး​နှင့် ချည် ရော​၍​ရက်​ထား​သော​အထည်​ကို မ​ဝတ်​ရ​။ 12သင်​ခြုံ​သော​ခြုံထည်​၏​ထောင့်စွန်း​လေး​ထောင့်​တွင် ပန်းဖွား​များ တပ်​ရ​မည်​။
ကာမဆိုင်ရာအသရေဖျက်မှု
13ယောက်ျား​တစ်​ယောက်​သည် မိန်းမ​ယူ​၍ သူ့​ထံ​ဝင်​ပြီးမှ သူ့​ကို​မုန်း​သဖြင့် 14‘​ငါ​သည် ဤ​မိန်းမ​ကို​ယူ​၍ သူ့​ထံသို့ ဝင်​သောအခါ သူ​၌ အပျိုစင်​ဖြစ်​သည့်​သက်သေ​ကို ငါ​မ​တွေ့​’​ဟု ဆို​လျက် ထို​မိန်းမ​ကို အသရေပျက်​အောင်​လုပ်ကြံ​ပြောဆို​ပြီး နာမည်ပျက်​စေ​လျှင် 15မိန်းကလေး​၏​မိဘ​သည် မိန်းကလေး​၏​အပျိုစင်​ဖြစ်​သည့်​သက်သေ​ကို​ယူ​ပြီး မြို့​တံခါး​ရှိ သက်ကြီးဝါကြီး​များ​ထံသို့ သွား​၍ 16မိန်းကလေး​၏​ဖခင်​က သက်ကြီးဝါကြီး​တို့​အား ‘​အကျွန်ုပ်​သည် သမီး​ကို ဤ​လူ​နှင့်​ပေးစား​ခဲ့​ပါ​၏​။ သို့သော် သူ​သည် အကျွန်ုပ်​သမီး​ကို​မုန်း​၍ 17“သင်​၏​သမီး​၌ အပျိုစင်​ဖြစ်​သည့်​သက်သေ​ကို ငါ​မ​တွေ့”​ဟု အသရေပျက်​အောင်​လုပ်ကြံ​ပြောဆို​ပါ​၏​။ ဤ​အဝတ်​သည် အကျွန်ုပ်​သမီး​၏​အပျိုစင်​ဖြစ်​သည့်​သက်သေ​ဖြစ်​ပါ​၏​’​ဟု ဆို​၍ ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​၏​ရှေ့​၌ ထို​အဝတ်​ကို ဖြန့်ပြ​ရ​မည်​။ 18ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​သည် ထို​လူ​ကို​ခေါ်​၍ ရိုက်နှက်ဆုံးမ​ရ​မည်​။ 19သူ​သည် အစ္စရေး​အပျိုကညာ​ကို နာမည်ပျက်​စေ​ပြီ​ဖြစ်​သောကြောင့် သူ့​ကို ငွေ​ရှယ်ကယ်​တစ်ရာ#22:19 “​75 ကျပ်သား သို့မဟုတ် 1.15 ကီလိုဂရမ်​”။​ဒဏ်တပ်​၍ ထို​ငွေ​ကို မိန်းကလေး​၏​ဖခင်​အား ပေး​ရ​မည်​။ ထို​မိန်းကလေး​သည် သူ​၏​မယား​ဖြစ်​ရ​မည်​။ သူ​သည် ထို​မိန်းကလေး​ကို တစ်သက်လုံး မ​ကွာရှင်း​ရ​။ 20သို့သော် သူ​၏​စွပ်စွဲချက်​သည် မှန်ကန်​၍ ထို​မိန်းကလေး​၌ အပျိုစင်​ဖြစ်​သည့်​သက်သေ​ကို​မ​တွေ့​လျှင် 21ထို​မိန်းကလေး​သည် မိမိ​ဖခင်​၏​အိမ်​၌ ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​ထဲ၌ ယုတ်ညံ့​သော​အမှု​ကို ပြု​သောကြောင့် ထို​မိန်းကလေး​ကို သူ့​ဖခင်​၏​အိမ်​တံခါး​သို့ ခေါ်သွား​၍ မြို့သား​ယောက်ျား​တို့​သည် သူ့​ကို ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။ 22ယောက်ျား​တစ်​ယောက်​သည် လင်ယောက်ျား​ရှိ​သော​မိန်းမ​နှင့်​အိပ်​နေ​သည်​ကို တွေ့မိ​လျှင် ယောက်ျား​နှင့်​မိန်းမ နှစ်ဦးစလုံး အသတ်​ခံရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို အစ္စရေး​လူမျိုး​ထဲမှ ဖယ်ရှား​ပစ်​ရ​မည်​။ 23ယောက်ျား​တစ်​ယောက်​သည် စေ့စပ်​ထား​သူ​ရှိ​သည့်​အပျိုကညာ​မိန်းကလေး​တစ်​ယောက်​ကို မြို့​ထဲ၌​တွေ့​၍ ထို​မိန်းကလေး​နှင့်​အိပ်​လျှင် 24သူ​တို့​နှစ်ဦးစလုံး​ကို ထို​မြို့​တံခါး​သို့ ခေါ်သွား​၍ ခဲ​နှင့် အသေ​ပေါက်သတ်​ရ​မည်​။ မြို့​ထဲ၌​ဖြစ်​သည်​ကို​ပင် ထို​မိန်းကလေး​သည် အော်ဟစ်​အကူအညီ​မ​တောင်း​၊ ထို​ယောက်ျား​သည်​လည်း မိမိ​အိမ်နီးချင်း​၏​မယား​ကို ကာမကျူးလွန်​သောကြောင့် အသတ်​ခံရ​ခြင်း​ဖြစ်​၏​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။ 25ယောက်ျား​တစ်​ယောက်​သည် စေ့စပ်​ထား​သည့်​မိန်းကလေး​ကို လူသူကင်းသောအရပ်​၌​တွေ့​၍ ထို​ယောက်ျား​သည် သူ့​ကို​ဖမ်းချုပ်​ပြီး သူ​နှင့်​အိပ်​လျှင် ထို​မိန်းကလေး​နှင့်​အိပ်​သော​ယောက်ျား​ကို​သာ သတ်​ရ​မည်​။ 26မိန်းကလေး​ကို​မူ မည်သို့​မျှ​မ​ပြု​ရ​။ ထို​မိန်းကလေး​၌ သေဒဏ်​ခံထိုက်​သော​အပြစ်​မ​ရှိ​။ အကြောင်းမူကား ဤ​အမှု​သည် တစ်စုံတစ်ယောက်​က မိမိ​အိမ်နီးချင်း​ကို တိုက်ခိုက်​ပြီး လူသတ်မှု​ကျူးလွန်သည့်​အမှု​နှင့်​တူ​၏​။ 27အဘယ်ကြောင့်​ဆိုသော် ထို​ယောက်ျား​သည် စေ့စပ်​ထား​သည့်​မိန်းကလေး​ကို လူသူကင်းသောအရပ်​၌ တွေ့​သောအခါ မိန်းကလေး​သည် အော်ဟစ်​သော်လည်း သူ့​ကို​ကယ်မည့်သူ​မ​ရှိ​သောကြောင့်​ဖြစ်​၏​။ 28ယောက်ျား​တစ်​ယောက်​သည် စေ့စပ်​ထား​သူ​မ​ရှိ​သည့်​အပျိုကညာ​မိန်းကလေး​ကို​တွေ့​၍ သူ့​ကို​ဖမ်းချုပ်​ပြီး သူ​နှင့်​အိပ်​သည်​ကို တစ်စုံတစ်ယောက်​တွေ့​လျှင် 29ထို​မိန်းကလေး​နှင့်​အိပ်​သော​ယောက်ျား​သည် ထို​မိန်းကလေး​ကို ကာမကျူးလွန်​သောကြောင့် မိန်းကလေး​၏​ဖခင်​အား ငွေ​ရှယ်ကယ်​ငါးဆယ်#22:29 “37.5 ကျပ်သား သို့မဟုတ် 575 ဂရမ်​”။​ပေး​ရ​မည်​။ ထို​မိန်းကလေး​သည် သူ​၏​မယား​ဖြစ်​ရ​မည်​။ သူ​သည် ထို​မိန်းကလေး​ကို တစ်သက်လုံး မ​ကွာရှင်း​ရ​။ 30လူ​သည် မိမိ​ဖခင်​၏​မယား​ကို မ​ယူ​ရ​။ မိမိ​ဖခင်​၏​အိပ်ရာ​ကို​မ​ရှုတ်ချ​ရ#22:30 တိုက်ရိုက်ပြန်ဆိုလျှင် “မိမိဖခင်၏ဝတ်လုံကိုမဖွင့်ရ”။​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in