YouVersion Logo
Search Icon

တရားဟောရာကျမ်း 21

21
တရားခံမပေါ်သည့်လူသတ်မှုများ
1သင်​၏​ဘုရားသခင်​ထာဝရဘုရား​အပိုင်​ပေး​တော်မူ​သော​ပြည်​တွင် လူ​တစ်​ယောက်​အသတ်ခံရ​သဖြင့် ကွင်းပြင်​၌​လဲ​သေ​နေ​သည်​ကို​တွေ့​၍ ထို​သူ​အား မည်သူ​သတ်​သည်​ကို​မ​သိ​လျှင် 2သက်ကြီးဝါကြီး​နှင့်​တရားသူကြီး​တို့​သည်​လာ​၍ အသတ်ခံရ​သော​သူ​နှင့် ပတ်ပတ်လည်​ရှိ​မြို့​များ​၏​အကွာအဝေး​ကို တိုင်းတာ​ရ​မည်​။ 3အသတ်ခံရ​သော​သူ​နှင့်​အနီးဆုံး​မြို့​မှ သက်ကြီးဝါကြီး​တို့​သည် မ​ခိုင်း​ရ​သေး​သော​၊ ထမ်းပိုး​မ​တင်​ရ​သေး​သော နွားမတမ်း​တစ်​ကောင်​ကို​ယူ​ရ​မည်​။ 4ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​သည် ထွန်ယက်​စိုက်ပျိုး​၍​မ​ရ​သော ရေစီး​နေ​သည့်​ချိုင့်ဝှမ်း​သို့ နွားမတမ်း​ကို​ခေါ်ဆောင်​လာ​၍ ထို​ချိုင့်ဝှမ်း​၌ နွားမတမ်း​၏​လည်ပင်း​ကို​ချိုး​ရ​မည်​။ 5လေဝိ​သားမြေး​ယဇ်ပုရောဟိတ်​တို့​လည်း လာ​ရ​မည်​။ အကြောင်းမူကား သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမှု​တော်​ကို ထမ်းဆောင်​ရန်​၊ ထာဝရဘုရား​၏​နာမ​တော်​၌ ကောင်းချီးပေး​ရန် သူ​တို့​ကို ရွေးကောက်​ထား​တော်မူ​သည်​ဖြစ်၍ သူ​တို့​သည် အမှုအခင်း​ရှိသမျှ​၊ ကိုယ်ထိလက်ရောက်​ကျူးလွန်​မှု​ရှိသမျှ​ကို စီရင်​ရ​၏​။ 6အသတ်ခံရ​သော​သူ​နှင့်​အနီးဆုံး​မြို့​ရှိ​သက်ကြီးဝါကြီး​အပေါင်း​တို့​သည် ချိုင့်ဝှမ်း​၌​လည်ပင်း​ချိုး​ခဲ့​သော​နွားမတမ်း​အပေါ်​၌ မိမိ​တို့​လက်​ကို ဆေးချ​ရ​မည်​။ 7ထို့နောက် သူ​တို့​က ‘​ငါ​တို့​၏​လက်​သည် ဤ​သွေး​ကို​မ​သွန်း​၊ ငါ​တို့​၏​မျက်စိ​သည်​လည်း ဤ​အမှု​ကို​မ​မြင်​။ 8အို ထာဝရဘုရား​၊ ကိုယ်တော်​ရွေးနုတ်​တော်မူ​သော ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​ကို​ဖြေလွှတ်​တော်မူ​ပါ​။ အပြစ်မဲ့​သော​သူ​အား​သတ်​သော​အပြစ်​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​အပေါ် ကျရောက်​စေ​တော်​မ​မူ​ပါ​နှင့်​’​ဟု လျှောက်ဆို​ရ​မည်​။ ထိုအခါ ကိုယ်တော်​သည် လူသတ်​သော​အပြစ်​ကို ဖြေလွှတ်​တော်မူ​မည်​။ 9ထိုသို့ အပြစ်မဲ့​သော​သူ​အား​သတ်​သော​အပြစ်​ကို သင့်​ထဲ​မှ​ဖယ်ရှား​ခြင်း​ဖြင့် ထာဝရဘုရား​၏​ရှေ့မှောက်​၌ ဖြောင့်မှန်​စွာ​ပြုကျင့်​ရ​မည်​။
သုံ့ပန်းအမျိုးသမီးနှင့်စုံဖက်ခွင့်
10သင်​သည် မိမိ​ရန်သူ​တို့​ကို စစ်​သွား​တိုက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို သင့်​လက်​သို့​အပ်​တော်မူ​သဖြင့် သူ​တို့​ကို သုံ့ပန်း​အဖြစ် ဖမ်းဆီးခေါ်ဆောင်​လာ​သောအခါ 11ဖမ်းဆီးခံရသူ​ထဲတွင် ရုပ်ရည်​လှပ​သော​မိန်းမ​ကို​မြင်​၍ သူ့​ကို​နှစ်သက်​လျှင် မယား​အဖြစ် စုံဖက်​ခွင့်​ရှိ​၏​။ 12သူ့​ကို သင့်​အိမ်​သို့​ခေါ်လာ​ရ​မည်​။ သူ​သည် ဆံပင်​ရိတ်​၍ လက်သည်းခြေသည်း​ညှပ်​ရ​မည်​။ 13ကိုယ်​ပေါ်​မှ သုံ့ပန်း​အဝတ်အစား​ကို ချွတ်ပယ်​ရ​မည်​။ သင့်​အိမ်​၌​နေ​၍ သူ​၏​မိဘ​ကို တစ်လ​ငိုကြွေးတမ်းတ​ရ​မည်​။ ထို့နောက်မှ သင်​သည် သူ့​ထံသို့​ဝင်​၍ သူ​၏​ယောက်ျား​ဖြစ်​မည်​။ သူ​သည်​လည်း သင်​၏​မယား​ဖြစ်​မည်​။ 14သင်​သည် သူ့​ကို​မ​နှစ်သက်​တော့​လျှင် သူ့​ဆန္ဒ​အတိုင်း သူ့​ကို​ထွက်သွား​ခွင့်​ပေး​ရ​မည်​။ သို့သော် သင်​သည် သူ့​ကို​အသရေညှိုးနွမ်း​စေ​ပြီ​ဖြစ်၍ သူ့​ကို ငွေ​ဖြင့် လုံးဝ​မ​ရောင်း​ရ​၊ ကျွန်​မ​ပြု​ရ​။
သားဦးအရိုက်အရာ
15တစ်စုံတစ်ယောက်​၌ မယား​နှစ်​ယောက်​ရှိ​ပြီး တစ်​ယောက်​ကို​ချစ်​၍ အခြား​တစ်​ယောက်​ကို​မုန်း​၏​။ အချစ်​ခံရ​သော​မယား​နှင့် အချစ်မခံရ​သော​မယား​တို့​သည် သူ့​အတွက် သား​များ​ကို မွေးဖွား​သောအခါ အမုန်း​ခံရ​သော​မယား​၏​သား​သည် သားဦး​ဖြစ်​လျှင် 16ဖခင်​သည် မိမိ​၌​ရှိ​သော​အရာ​ကို မိမိ​သား​တို့​အား အမွေခွဲ​ပေး​သော​နေ့​တွင် သားဦး​ဖြစ်​သူ​အချစ်မခံရ​သော​မယား​၏​သား​နေရာ​၌ အချစ်​ခံရ​သော​မယား​၏​သား​ကို သားဦးအရိုက်အရာ​ပေး​ခွင့်​မ​ရှိ​။ 17အမုန်းခံရ​သော​မယား​၏​သား​သည် သားဦး​ဖြစ်​သည်​ဟု အသိအမှတ်​ပြု​၍ မိမိ​၌​ရှိ​သော​အရာ​အားလုံး​မှ ထို​သား​အား ဝေစု​နှစ်ဆ​ပေး​ရ​မည်​။ အကြောင်းမူကား သူ​သည် ဖခင်​၏​အဦးဆုံး​အားမာန်​ဖြစ်​၏​။ သားဦးအရိုက်အရာ​ကို သူ​ပိုင်​၏​။
ဖီဆန်သောသား
18တစ်စုံတစ်ယောက်​၌ မိဘ​စကား နား​မ​ထောင်​၊ မိဘ​ဆုံးမ​သည်​ကို​လည်း မ​နာခံ​ဘဲ ခေါင်းမာ​၍​ဖီဆန်​သော​သား​ရှိ​လျှင် 19သူ​၏​မိဘ​သည် သူ့​ကို မြို့​တံခါး​၌​ရှိ​သော သက်ကြီးဝါကြီး​များ​ထံသို့ ဖမ်းချုပ်​ခေါ်ဆောင်​လာ​ရ​မည်​။ 20သူ​တို့​သည် မြို့​၏​သက်ကြီးဝါကြီး​တို့​အား ‘​အကျွန်ုပ်​တို့​၏​သား​သည် ခေါင်းမာ​၍​ဖီဆန်​သော​သူ​ဖြစ်​ပါ​၏​။ သူ​သည် အကျွန်ုပ်​တို့​၏​စကား​ကို နား​မ​ထောင်​၊ အစားကြူး​သော​သူ​၊ သေသောက်ကြူး​သော​သူ​ဖြစ်​ပါ​၏​’​ဟု ပြောပြ​ရ​မည်​။ 21မြို့သား​ယောက်ျား​အပေါင်း​တို့​သည် ထို​သူ​ကို ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။ သို့မှသာ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကြား​၍ ကြောက်ရွံ့​ကြ​လိမ့်မည်​။
သေဒဏ်ခံရသူကို သစ်တိုင်ပေါ်ချိတ်ဆွဲထားခြင်း
22တစ်စုံတစ်ယောက်​၌ သေဒဏ်​စီရင်ခြင်း​ခံထိုက်​သော​အပြစ်​ရှိ​၍ သေဒဏ်​ခံ​ပြီးနောက် သင်​သည် ထို​သူ​ကို သစ်တိုင်​၌ ချိတ်ဆွဲ​ထား​လျှင် 23အလောင်း​ကို သစ်တိုင်​၌ တစ်ညလုံး​မ​ထား​ရ​။ ထို​နေ့​၌ပင် မဖြစ်မနေ​သင်္ဂြိုဟ်​ရ​မည်​။ အကြောင်းမူကား ချိတ်ဆွဲ​ထား​ခြင်း​ခံရ​သော​သူ​သည် ဘုရားသခင်​ကျိန်​တော်မူ​ခြင်း​ကို​ခံရ​သော​သူ​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​ကို မ​ညစ်ညူး​စေ​ရ​။#ဂလ 3:13။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in