YouVersion Logo
Search Icon

တရားဟောရာကျမ်း 10

10
ပဋိညာဉ်ပြန်ပြုခြင်း
1ထို​အချိန်​၌ ထာဝရဘုရား​က ငါ့​အား ‘​ယခင်​ကျောက်ပြား​နှင့်​တူ​သော​ကျောက်ပြား​နှစ်​ချပ်​ကို ထုဆစ်​ပြီးလျှင် ငါ​ရှိ​ရာ တောင်​ပေါ်သို့ တက်လာ​လော့​။ သစ်သား​သေတ္တာ​ကို​လည်း လုပ်​လော့​။ 2သင်​ချိုးဖဲ့​လိုက်​သော​ယခင်​ကျောက်ပြား​၌ ပါရှိ​သော​ပညတ်တော်​များ​ကို ထို​ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ငါ​ရေး​မည်​။ သင်​သည် ထို​ကျောက်ပြား​တို့​ကို သေတ္တာ​ထဲတွင် ထည့်​ရ​မည်​’​ဟု မိန့်​တော်မူ​၏​။ 3သို့ဖြစ်၍ ငါ​သည် အကေရှား#10:3 “ထနောင်းမျိုး”။​သစ်သား​ဖြင့်​သေတ္တာ​ကို​ပြုလုပ်​၍ ယခင်​ကျောက်ပြား​နှင့်​တူ​သော​ကျောက်ပြား​နှစ်​ချပ်​ကို​ထုဆစ်​ပြီးလျှင် ထို​ကျောက်ပြား​နှစ်​ချပ်​ကို​ကိုင်​လျက် တောင်​ပေါ်သို့​တက်သွား​၏​။ 4သင်​တို့​စုဝေး​ခဲ့​သော​နေ့​၌ သင်​တို့​အား တောင်​ပေါ်တွင် မီး​ထဲ​မှ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့် ပညတ်တော်#10:4 တိုက်ရိုက်ပြန်ဆိုလျှင် “စကားတော်”။​ဆယ်​ပါး​ကို ယခင်​ကျောက်ပြား​၌​အက္ခရာတင်​ထား​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် ထို​ကျောက်ပြား​တို့​ပေါ်၌ အက္ခရာတင်​တော်မူ​ပြီးလျှင် ငါ့​အား​ပေး​တော်မူ​၏​။ 5ထို့နောက် ငါ​သည် တောင်​ပေါ်မှ​လှည့်​၍​ဆင်းလာ​ပြီး ထို​ကျောက်ပြား​တို့​ကို ငါ​ပြုလုပ်​ထား​သော​သေတ္တာ​ထဲတွင် ထည့်​ထား​၏​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ထို​ကျောက်ပြား​တို့​သည် သေတ္တာ​ထဲတွင် ရှိ​နေ​၏​။ 6(​အစ္စရေး​အမျိုးသား​တို့​သည် ဗေရုတ်ဗင်္ယာကန်​အရပ်​မှ မောသရုတ်​အရပ်​သို့ ခရီးပြု​ကြ​၏​။ အာရုန်​သည် ထို​အရပ်​၌​သေဆုံး​သဖြင့် ထို​အရပ်​၌​ပင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ့​သား​ဧလာဇာ​သည် သူ့​နေရာ​၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​၏​။ 7သူ​တို့​သည် ထို​အရပ်​မှ ဂုဒ်ဂေါဒ​အရပ်​၊ ဂုဒ်ဂေါဒ​အရပ်​မှ စမ်းချောင်း​ပေါများ​ရာ ယုပ္ဘာသ​အရပ်​သို့ ခရီးပြု​ကြ​၏​။ 8ထို​အချိန်​၌ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​ရန်​၊ ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​လျက် အမှု​တော်​ဆောင်ရွက်​ရန်​၊ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် ကောင်းချီးပေး​ရန် ထာဝရဘုရား​သည် လေဝိ​အမျိုး​တို့​ကို သီးခြားခွဲထား​သည်​မှာ ယနေ့​ထိတိုင် ဖြစ်​၏​။ 9လေဝိ​အမျိုး​သည် မိမိ​ညီအစ်ကို​တို့​နှင့်အတူ အမွေ​ဝေစု မ​ရ​ကြ​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ထာဝရဘုရား​သည် သူ​တို့​၏​အမွေ​ဖြစ်​တော်မူ​၏​။​) 10ငါ​သည် ယခင်​ကဲ့သို့ အရက်​လေးဆယ်​ပတ်လုံး တောင်​ပေါ်၌ နေ​ခဲ့​၏​။ ထို​အချိန်​၌​လည်း ထာဝရဘုရား​သည် ငါ့​စကား​ကို နားညောင်း​တော်မူ​၍ သင်​တို့​ကို မ​ဖျက်ဆီး​လို​တော့​ပေ​။ 11တစ်ဖန် ထာဝရဘုရား​က ငါ့​အား ‘​ထ​လော့​။ သူ​တို့​အား​ပေး​မည်​ဟု သူ​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​ပြည်​ကို သူ​တို့​ဝင်ရောက်​သိမ်းပိုက်​ဖို့ သင်​သည် သူ​တို့​ရှေ့​မှ ခရီးပြု​လော့​’​ဟု မိန့်​တော်မူ​၏​။
ဘုရားသခင်တောင်းသည့်အရာ
12အို အစ္စရေး​လူမျိုး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ထံမှ မည်သည့်​အရာ​ကို​တောင်း​သနည်း​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​၊ လမ်း​တော်​ရှိသမျှ​ကို လိုက်လျှောက်​ရ​မည်​၊ ကိုယ်တော်​ကို​ချစ်​ရ​မည်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ဝတ်ပြု​ရ​မည်​၊ 13သင်​ကောင်းစား​မည့်​အကြောင်း သင့်​အား ယနေ့ ငါ​ဆင့်ဆို​သော ထာဝရဘုရား​၏​ပညတ်ချက်​၊ ပြဋ္ဌာန်းချက် တို့​ကို စောင့်ထိန်း​ရ​မည် စသည်​တို့​ကို​သာ တောင်းဆို​သည်​မ​ဟုတ်​လော​။ 14သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိုးကောင်းကင်​နှင့် အမြင့်ဆုံးမိုးကောင်းကင်​ကို​လည်းကောင်း​၊ မြေကြီး​နှင့် မြေကြီး​၌​ရှိ​သော​အရာ​အားလုံး​ကို​လည်းကောင်း ပိုင်ဆိုင်​သော​အရှင်​ဖြစ်​သော်လည်း 15ထာဝရဘုရား​သည် သင်​၏​ဘိုးဘေး​တို့​ကို ချစ်​တော်မူ​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း နောင်လာမည့် သူ​တို့​၏​သားစဉ်မြေးဆက်​ဖြစ်​သော​သင်​တို့​ကို လူမျိုး​ရှိသမျှ​တို့​ထဲမှ ရွေးချယ်​တော်မူ​၏​။ 16သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​အရေဖျား​ကို​လှီး​ကြ​လော့​။ ခေါင်း​မ​မာ#10:16 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းမခိုင်မာ”။​ကြ​တော့​နှင့်​။ 17သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဘုရား​တကာ​တို့​၏​ဘုရား​၊ သခင်​တကာ​တို့​၏​သခင်​၊ ကြီးမြတ်​၍​တန်ခိုး​နှင့်​ပြည့်စုံ​သော​ဘုရား​၊ အံ့ဩဖွယ်​ကောင်း​သော​ဘုရား ဖြစ်​တော်မူ​၏​။#ဗျာ 19:16။ မျက်နှာ​မ​လိုက်​၊ တံစိုးလက်ဆောင်​ကို​လက်​မ​ခံ​၊ 18ဖတဆိုး​နှင့်​မုဆိုးမ​တို့​အတွက် တရားသဖြင့်​စီရင်​သော​အရှင်​၊ တိုင်းတစ်ပါးသား​ကို​ချစ်​၍ အစားအစာ​နှင့် အဝတ်အစား​တို့​ကို ပေးသနား​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။ 19သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သောကြောင့် တိုင်းတစ်ပါးသား​တို့​ကို ချစ်​ရ​မည်​။ 20သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ကြောက်ရွံ့​ရ​မည်​။ ဝတ်ပြု​ရ​မည်​။ ဆည်းကပ်​ရ​မည်​။ နာမ​တော်​ကို​တိုင်တည်​၍​ကျိန်ဆို​ရ​မည်​။ 21သင်​မျက်မြင်ကိုယ်တွေ့​ကြုံ​ခဲ့​ရ​သည့် ကြောက်မက်ဖွယ်​ကောင်း​သော​အမှု​ကြီး​များ​ကို သင့်​အတွက်​ပြု​တော်မူ​သော​အရှင်​သည် သင်​ချီးမွမ်း​ရာ သင်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ 22သင်​၏​ဘိုးဘေး​တို့​သည် အီဂျစ်​ပြည်​သို့​ဆင်းသွား​သောအခါ အယောက်​ခုနစ်ဆယ်​သာ​ရှိ​၏​။ ယခုမှာ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​တော်မူ​ပြီ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in