တရားဟောရာကျမ်း 1
1
နိဒါန်း
1ဂျော်ဒန်မြစ်တစ်ဖက်၊ တောကန္တာရရှိပါရန်အရပ်နှင့် တောဖလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟတ်အရပ်တို့အကြား သုဖနှင့်မျက်နှာချင်းဆိုင်အရာဗလွင်ပြင်၌ အစ္စရေးအမျိုးသားအပေါင်းတို့အား မောရှေဆင့်ဆိုသောစကားများကား ဤသို့ဖြစ်၏။ 2(ဟောရပ်တောင်မှ ကာဒေရှဗာနာအရပ်အထိ စိရတောင်လမ်းဖြင့်သွားလျှင် တစ်ဆယ့်တစ်ရက်ကြာ၏။) 3အနှစ်လေးဆယ်မြောက်သောနှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့၌ မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှ ပညတ်တရားတို့ကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။ 4ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးနှင့် ဧဒြိအရပ်၊ အာရှတရုတ်မြို့၌စံမြန်းသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့ကို လုပ်ကြံပြီးနောက် 5မောရှေသည် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ မောဘပြည်တွင် ထိုပညတ်တရားတို့ကို စတင်ရှင်းပြလေ၏။
ဟောရပ်တောင်မှခရီးပြုခြင်း
6မောရှေက “ဟောရပ်တောင်၌ ငါတို့၏ဘုရားသခင်ထာဝရဘုရားက ငါတို့အား ‘သင်တို့သည် ဤတောင်၌ ကြာမြင့်စွာနေထိုင်ကြပြီ။ 7ခရီးစပြုကြလော့။ အာမောရိတောင်ပေါ်ဒေသနှင့် ထိုဒေသအနီးရှိ အရာဗလွင်ပြင်၊ တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ နေဂေ့အရပ်သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေဒေသသို့လည်းကောင်း၊ ခါနာန်ပြည်သို့လည်းကောင်း၊ လက်ဘနွန်တောင်မှ ယူဖရေးတီးမြစ်#1:7 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။ကြီးတိုင်အောင်လည်းကောင်း လှည့်သွားလော့။ 8ထိုပြည်ကို သင်တို့အား ငါပေးပြီ။ ထိုပြည်ကို သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ နောင်လာမည့်သားစဉ်မြေးဆက်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီ ဝင်၍သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
မျိုးနွယ်တို့၏အကြီးအမှူးများ
9ထိုအချိန်က သင်တို့အား ‘ငါတစ်ယောက်တည်း သင်တို့ကို တာဝန်မယူနိုင်။ 10သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို တိုးပွားစေတော်မူသဖြင့် ယနေ့ သင်တို့သည် ကောင်းကင်ကြယ်နှင့်အမျှ များပြားကြပြီ။ 11သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အဆတစ်ထောင်တိုးပွားစေတော်မူပါစေသော။ ကတိထားတော်မူသည့်အတိုင်း သင်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ 12သင်တို့၏ပြဿနာ၊ သင်တို့၏ဝန်ထုပ်ဝန်ပိုးနှင့် ခိုက်ရန်ဖြစ်ပွားမှုကို ငါတစ်ယောက်တည်း မည်သို့တာဝန်ယူနိုင်မည်နည်း။ 13ပညာရှိသောသူ၊ အသိဉာဏ်ရှိသောသူ၊ အသရေရှိသောသူတို့ကို သင်တို့၏မျိုးနွယ်ထဲမှ ရွေးချယ်လော့။ ထိုသူတို့ကို သင်တို့၏အကြီးအမှူးအဖြစ် ငါခန့်ထားမည်’ဟု ငါပြောခဲ့၏။
14ထိုအခါ သင်တို့က ‘သခင်ပြောသောအရာသည် ကောင်းပါ၏’ဟု ငါ့အား ပြန်ဖြေကြ၏။
15ထို့ကြောင့် ပညာရှိပြီး အတွေ့အကြုံလည်းရှိသော သင်တို့၏မျိုးနွယ်အကြီးအမှူးတို့ကို ငါခေါ်ယူပြီးလျှင် သူတို့အား သင်တို့မျိုးနွယ်ကိုကြီးကြပ်အုပ်ချုပ်သောသူများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်ထား၏။ 16ထိုအချိန်က သင်တို့၏တရားသူကြီးများကိုလည်း ‘သင်တို့၏အမျိုးသားချင်းတို့ထဲ၌ရှိသောအမှုများကိုနားထောင်၍ အမျိုးသားအချင်းချင်းကြား၌ဖြစ်စေ၊ အမျိုးသားချင်းနှင့် သူ့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကြား၌ဖြစ်စေ ဖြောင့်မတ်စွာတရားစီရင်ရမည်။ 17သင်တို့သည် တရားစီရင်သောအခါ မျက်နှာကြီး၊ မျက်နှာငယ် ဟူ၍မျက်နှာမလိုက်ဘဲ ကြားနာစစ်ဆေးရမည်။ တရားစီရင်ခြင်းကို ဘုရားသခင်ပိုင်တော်မူသောကြောင့် မည်သူ့ကိုမျှ မကြောက်နှင့်။ ခက်ခဲသောအမှုကို ငါ့ထံ တင်ပြလော့။ ငါ ကြားနာစစ်ဆေးပေးမည်’ဟု ငါပြောခဲ့၏။ 18ထိုအချိန်က သင်တို့ပြုရမည့်အမှုအလုံးစုံတို့ကိုလည်း ငါပြောခဲ့၏။
ကာဒေရှဗာနာအရပ်တွင် အစ္စရေးအမျိုးသားတို့ အမိန့်တော်ကိုဖီဆန်ကြခြင်း
19ထိုမှ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဟောရပ်တောင်မှ ခရီးပြု၍ အာမောရိတောင်ပေါ်ဒေသလမ်းတစ်လျှောက်ရှိ သင်တို့မြင်ရသည့် ကြောက်မက်ဖွယ်တောကန္တာရကြီးကိုဖြတ်ကာ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။ 20ထိုအခါ ငါက သင်တို့အား ‘ငါတို့ဘုရားသခင်ထာဝရဘုရားပေးတော်မူသော အာမောရိတောင်ပေါ်ဒေသသို့ သင်တို့ရောက်ကြပြီ။ 21သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုပြည်ကို သင်တို့ထံ အပ်တော်မူပြီ။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သွား၍သိမ်းပိုက်လော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု ဆို၏။
22ထိုအခါ သင်တို့အားလုံး ငါ့ထံသို့ချဉ်းကပ်၍ ‘အကျွန်ုပ်တို့အလျင် လူကိုစေလွှတ်၍ ထိုပြည်ကို စူးစမ်းစေပါ။ သို့မှသာ ထိုသူတို့သည် အကျွန်ုပ်တို့သွားရမည့်လမ်း၊ ရောက်ရမည့်မြို့အကြောင်းကို အကျွန်ုပ်တို့အား ပြန်ပြောပြနိုင်ပါမည်’ဟု သင်တို့ ဆိုကြ၏။ 23ငါသည် ထိုစကားကိုနှစ်သက်သဘောကျသဖြင့် သင်တို့ထဲမှ မျိုးနွယ်တစ်နွယ်လျှင် တစ်ယောက်ကျ လူတစ်ဆယ့်နှစ်ယောက်ကို ရွေးယူ၏။ 24ထိုသူတို့သည် တောင်ပေါ်ဒေသသို့ တက်သွားပြီး ဧရှကောလချိုင့်ဝှမ်းသို့ရောက်၍ ထိုပြည်ကို စူးစမ်းကြ၏။ 25သူတို့သည် ထိုပြည်မှယူလာသောအသီးအချို့ကို ငါတို့ထံသို့ ယူဆောင်လာပြီးလျှင် ‘အကျွန်ုပ်တို့အား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သည် သာယာဝပြောသောပြည်ဖြစ်ပါ၏’ဟု အစီရင်ခံကြ၏။
26သို့သော် သင်တို့သည် မသွားလိုသဖြင့် သင်တို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို ဖီဆန်ကြ၏။ 27သင်တို့သည် မိမိတို့၏တဲများ၌ ညည်းတွားကြလျက် ‘ထာဝရဘုရားသည် ငါတို့ကိုမုန်းတီးသောကြောင့် အာမောရိလူမျိုးတို့၏လက်သို့အပ်ခြင်းဖြင့် ငါတို့ကို ဖျက်ဆီးဖို့ အီဂျစ်ပြည်မှထုတ်ဆောင်တော်မူပါသည်တကား။ 28ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။
29ငါသည် သင်တို့အား ‘မထိတ်လန့်ကြနှင့်။ ထိုသူတို့ကို မကြောက်ကြနှင့်။ 30သင်တို့ရှေ့မှကြွတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် သင်တို့အဖို့ပြုပေးသကဲ့သို့၊ 31ဤအရပ်သို့ သင်တို့ရောက်သည့်တိုင်အောင် သင်တို့သွားသည့်လမ်းခရီးတစ်လျှောက်တွင် ဖခင်သည် သားကိုချီပိုးသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို မည်ကဲ့သို့ချီပိုးတော်မူခဲ့ကြောင်းကို တောကန္တာရ၌သင်တို့တွေ့မြင်ခဲ့ရသကဲ့သို့ ထာဝရဘုရားသည် သင်တို့အဖို့ စစ်တိုက်တော်မူလိမ့်မည်’ဟု ဆို၏။ 32ထိုသို့ဆိုသော်လည်း သင်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့မယုံကြည်ကြ။ 33ဘုရားသခင်သည် လမ်းခရီး၌ သင်တို့ရှေ့မှကြွလျက် သင်တို့စခန်းချဖို့နေရာကို စူးစမ်းတော်မူ၍ သင်တို့သွားရမည့်လမ်းကို ညအချိန်၌ မီးအားဖြင့်၊ နေ့အချိန်၌ မိုးတိမ်အားဖြင့် ပြပေးတော်မူခဲ့၏။
34သင်တို့၏စကားသံကို ထာဝရဘုရားကြားသောအခါ အမျက်ထွက်တော်မူ၍ 35‘ထိုပြည်ကို သင်တို့ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုသာယာဝပြောသောပြည်ကို ဆိုးညစ်သောမျိုးဆက်ဖြစ်သည့် ဤလူတို့တစ်ယောက်မျှမြင်ရလိမ့်မည်မဟုတ်။ 36သို့သော် ယေဖုန္နာ၏သား ကာလက်သည် ထာဝရဘုရားနောက်သို့လုံးလုံးလိုက်သောကြောင့် ထိုပြည်ကို သူမြင်ရမည်။ သူခြေချသောမြေကို သူနှင့်သူ၏သားမြေးတို့အား ငါပေးမည်’ဟု ကျိန်ဆိုတော်မူ၏။
37သင်တို့ကြောင့် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်ထွက်တော်မူ၍ ‘သင်သည်လည်း ထိုပြည်သို့ ဝင်ရမည်မဟုတ်။ 38သင့်ရှေ့၌ရပ်နေသော နုန်၏သား ယောရှုမူကား ထိုပြည်သို့ဝင်ရလိမ့်မည်။ သူ့အားဖြင့် အစ္စရေးလူမျိုးတို့ ထိုပြည်ကို အမွေဆက်ခံရမည်ဖြစ်၍ သူ့ကို အားပေးလော့။ 39လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်ဟု သင်တို့ဆိုခဲ့သော သင်တို့၏ကလေးများ၊ ယခုအချိန်တွင် အကောင်းအဆိုးကိုမသိသေးသော သင်တို့၏သားသမီးများသည် ထိုပြည်သို့ ဝင်ရလိမ့်မည်။ ငါသည် ထိုပြည်ကို သူတို့အားပေး၍ သူတို့သည် ထိုပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။ 40သင်တို့မူကား ပြန်လှည့်ပြီး ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကြလော့’ဟု မိန့်တော်မူ၏။
41ထိုအခါ သင်တို့က ငါ့အား ‘အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တက်သွား၍ စစ်တိုက်ပါမည်’ဟု ဆိုပြီးလျှင် သင်တို့အသီးသီး လက်နက်များကိုစွဲကိုင်၍ တောင်ပေါ်ဒေသသို့တက်သွားရန် အသင့်နေကြ၏။
42သို့သော် ထာဝရဘုရားက ‘ထိုသူတို့အား ဤသို့ဆင့်ဆိုလော့။ သင်တို့တက်မသွားကြနှင့်။ မတိုက်ကြနှင့်။ အကြောင်းမူကား ငါသည် သင်တို့နှင့်အတူရှိတော်မမူ။ သင်တို့သည် ရန်သူတို့ရှေ့၌ ရှုံးနိမ့်ကြရလိမ့်မည်’ဟု ငါ့အားမိန့်တော်မူ၏။ 43ငါသည် သင်တို့အား ထိုသို့ဆင့်ဆိုသော်လည်း သင်တို့သည် နားမထောင်ဘဲ ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် တောင်ပေါ်ဒေသသို့ တဇွတ်ထိုးတက်သွားကြ၏။ 44ထိုတောင်ပေါ်ဒေသ၌နေထိုင်ကြသောအာမောရိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ရန် ထွက်လာကြပြီး ပျားများလိုက်သကဲ့သို့ သင်တို့ကိုလိုက်၍ စိရအရပ်မှ ဟောမာအရပ်တိုင်အောင် သင်တို့ကို လိုက်လံချေမှုန်းကြ၏။ 45သင်တို့သည် ပြန်လာ၍ ထာဝရဘုရားရှေ့မှောက်၌ ငိုကြွေးကြသော်လည်း ထာဝရဘုရားသည် သင်တို့၏အသံကိုနားညောင်းတော်မမူ။ သင်တို့ကို ဂရုစိုက်တော်မမူ။ 46သို့ဖြစ်၍ သင်တို့သည် ကာဒေရှအရပ်၌ ရက်ပေါင်းများစွာနေထိုင်ခဲ့ရ၏။
Currently Selected:
တရားဟောရာကျမ်း 1: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative