တောလည်ရာကျမ်း 36
36
ဇလောဖဒ်သမီးတို့၏အမွေ
1ယောသပ်သားမြေးတို့၏မျိုးနွယ်စုဖြစ်သော မနာရှေ၏သားမာခိရ၊ မာခိရ၏သားဂိလဒ်နှင့် ဂိလဒ်သားတို့၏မျိုးနွယ်စုထဲမှ အိမ်ထောင်စုအကြီးအမှူးတို့သည် မောရှေနှင့် အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးခေါင်းဆောင်တို့ထံသို့ လာ၍ 2“ဤပြည်ကို မဲချ၍ အစ္စရေးအမျိုးသားတို့အား အမွေအဖြစ်ပေးရန် ထာဝရဘုရားသည် အကျွန်ုပ်တို့၏သခင်အား မိန့်မှာတော်မူခဲ့ပါ၏။ အကျွန်ုပ်တို့၏ညီဇလောဖဒ်၏အမွေကိုလည်း သူ၏သမီးတို့အားပေးရန် ထာဝရဘုရားသည် အကျွန်ုပ်တို့၏သခင်အား မိန့်မှာတော်မူခဲ့ပါ၏။ 3သူတို့သည် အခြားအစ္စရေးမျိုးနွယ်၏သားမြေး တစ်စုံတစ်ယောက်နှင့်စုံဖက်လျှင် သူတို့၏အမွေကို အကျွန်ုပ်တို့ဘိုးဘေးတို့၏အမွေထဲမှနုတ်ယူ၍ သူတို့နှင့်စုံဖက်သောအမျိုးအနွယ်၏အမွေထဲသို့ ထည့်ပေါင်းကြလိမ့်မည်။ ဤသို့ဖြင့် အကျွန်ုပ်တို့၏အမွေဝေစုသည် နုတ်ယူခြင်းခံရပါလိမ့်မည်။ 4အစ္စရေးအမျိုးသားတို့၏ရွှေရတုနှစ်ရောက်သောအခါ သူတို့၏အမွေသည် သူတို့နှင့်စုံဖက်သောအမျိုးအနွယ်၏အမွေထဲသို့ ထည့်ပေါင်းခြင်းဖြင့် သူတို့၏အမွေကို အကျွန်ုပ်တို့ဘိုးဘေးတို့အမျိုးအနွယ်၏အမွေထဲမှ နုတ်ယူကြပါလိမ့်မည်”ဟု လျှောက်ကြ၏။
5ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း အစ္စရေးအမျိုးသားတို့အား “ယောသပ်သားမြေးအမျိုးအနွယ်လျှောက်ဆိုသောအရာသည် မှန်ပေ၏။ 6ဇလောဖဒ်သမီးတို့အတွက် ထာဝရဘုရားမိန့်မှာတော်မူချက်ကား ဤသို့ဖြစ်၏။ သူတို့သည် မိမိနှစ်သက်သောသူနှင့်စုံဖက်ခွင့်ရှိ၏။ သို့သော် သူတို့စုံဖက်သောသူသည် သူတို့ဘိုးဘေးအမျိုးအနွယ်၏မျိုးနွယ်စုထဲမှသာ ဖြစ်ရမည်။ 7အစ္စရေးအမျိုးသားတို့တွင် အမွေကို အမျိုးအနွယ်တစ်နွယ်မှ တစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားအသီးသီးတို့သည် မိမိဘိုးဘေးတို့အမျိုးအနွယ်၏အမွေကိုထိန်းသိမ်းရမည်။ 8အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်ထဲတွင် အမွေပိုင်ဆိုင်သောအမျိုးသမီးတိုင်းသည် မိမိဘိုးဘေးအမျိုးအနွယ်၏မျိုးနွယ်စုထဲမှ တစ်ယောက်ယောက်နှင့်သာစုံဖက်ရမည်။ သို့မှသာ အစ္စရေးအမျိုးသားတို့သည် မိမိဘိုးဘေးတို့၏အမွေကို အသီးသီး ပိုင်ဆိုင်ရလိမ့်မည်။ 9အမွေကို အမျိုးအနွယ်တစ်နွယ်မှ အခြားတစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်တို့သည် မိမိ၏အမွေကို အသီးသီး ထိန်းသိမ်းရမည်”ဟု မိန့်မှာလေ၏။
10ဇလောဖဒ်သမီးတို့သည်လည်း မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုကြ၏။ 11ဇလောဖဒ်၏သမီး မာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလခါ၊ နောအာသည် မိမိတို့ဘကြီးဘထွေးတို့၏သားနှင့် စုံဖက်ကြ၏။ 12သူတို့သည် ယောသပ်၏သားဖြစ်သော မနာရှေ၏သားမြေးတို့မျိုးနွယ်စုနှင့်သာ စုံဖက်ကြ၏။ ထို့ကြောင့် သူတို့၏အမွေသည် သူတို့ဘိုးဘေးမျိုးနွယ်စု၏အမျိုးအနွယ်၌ တည်လေ၏။
13ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေမှတစ်ဆင့် အစ္စရေးအမျိုးသားတို့အား ထာဝရဘုရားမိန့်မှာသည့် ပညတ်ချက်နှင့်စီရင်ထုံးဖွဲ့ချက်များဖြစ်၏။
Currently Selected:
တောလည်ရာကျမ်း 36: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative