YouVersion Logo
Search Icon

တမန်တော်ဝတ္ထု 27

27
ရောမမြို့သို့ သင်္ဘောဖြင့်သွားခြင်း
1ငါ​တို့​သည် အီတလီ​ပြည်​သို့​ရွက်လွှင့်​ရ​မည်​ဟု သူ​တို့​ဆုံးဖြတ်​ကြ​သောအခါ သူ​တို့​သည် ပေါလု​နှင့်​အခြား​အကျဉ်းသား​အချို့​တို့​ကို ဧကရာဇ်​မင်း​၏​တပ်ဖွဲ့​မှ ယုလိ​အမည်​ရှိ​သော​တပ်မှူး​ထံ အပ်​ကြ​၏။ 2ငါ​တို့​သည် အာရှ​ပြည် ကမ်းခြေ​တစ်လျှောက်​ရှိ ဆိပ်ကမ်း​များ​သို့​ရွက်လွှင့်​သွား​မည့် အဒြာမုတ္တိ​သင်္ဘော​ကို​စီး​လျက် ရွက်လွှင့်​ကြ​၏။ မာကေဒေါနိ​ပြည်၊ သက်သာလောနိတ်​မြို့သား အာရိတ္တာခု​သည်​လည်း ငါ​တို့​နှင့်အတူ​ပါ​လာ​၏။
3နောက်တစ်နေ့​တွင် ငါ​တို့​သည် ဆီဒုန်​မြို့​သို့​ဆိုက်ကပ်​ကြ​၏။ ယုလိ​သည် ပေါလု​ကို​ကြင်နာ​စွာ​ဆက်ဆံ​လျက် မိတ်ဆွေ​များ​ထံ​သွား​၍ လုပ်ကျွေး​ပြုစု​ခြင်း​ခံယူ​ခွင့်​ကို ပေး​လေ​၏။ 4ထို​မြို့​မှ​ရွက်လွှင့်​ကြ​သောအခါ လေ​ဆန်​ဖြစ်​နေ​သဖြင့် ဆိုက်ပရပ်​ကျွန်း​၏​လေကွယ်​ရာ​ဘက်​မှ ရွက်လွှင့်​သွား​ကြ​၏။ 5ထို့နောက် ဆီလီဆီးယား​ပြည်​နှင့်​ပံဖုလိ​ပြည်​၏​ပင်လယ်ပြင်​ကို ရွက်လွှင့်​ပြီး လုကိ​ပြည်၊ မုရ​မြို့​သို့​ရောက်​ကြ​၏။ 6ထို​မြို့​တွင် တပ်မှူး​သည် အီတလီ​ပြည်​သို့​ရွက်လွှင့်​မည့် အလက်ဇန္ဒြိယ​သင်္ဘော​ကို​တွေ့​၍ ငါ​တို့​အား ထို​သင်္ဘော​ပေါ်သို့​တက်​စေ​၏။ 7ရက်​ပေါင်း​များစွာ​တစ်ရွေ့ရွေ့​ရွက်လွှင့်​ကြ​ပြီးနောက် ကနိဒ်​မြို့​နား​သို့ ခက်ခဲ​စွာ​ဖြင့်​ရောက်ရှိ​ကြ​၏။ ငါ​တို့​သည် လေ​ကြောင့် ဆက်​မ​သွား​နိုင်​တော့​သဖြင့် သာလမုန်​အငူ​နား​မှ​ဖြတ်​၍ ကရေတေ​ကျွန်း​၏​လေကွယ်​ရာ​ဘက်​မှ ရွက်လွှင့်​သွား​ကြ​၏။ 8ကမ်းရိုးတန်း​တစ်လျှောက် ခက်ခဲ​စွာ​ရွက်လွှင့်​သွား​ပြီးနောက် လာသဲ​မြို့​အနီး​ရှိ ဆိပ်ကမ်း​သာ​ဟု​ခေါ်​သော​အရပ်​သို့​ရောက်​ကြ​၏။
ပေါလု၏အကြံပြုချက်ကို ဥပေက္ခာပြုကြခြင်း
9အချိန်​များစွာ​ကြာ​လာ​၍ အစာရှောင်​ရာ​နေ့​သည်​လည်း လွန်​ခဲ့​ပြီ​ဖြစ်​သောကြောင့် ပင်လယ်​ခရီး​သည် ဘေးအန္တရာယ်​ရှိ​လာ​သဖြင့် ပေါလု​သည် သူ​တို့​အား သတိပေး​ကာ 10“မိတ်ဆွေ​တို့၊ ဤ​ပင်လယ်​ခရီး​တွင် သင်္ဘော​နှင့်​ကုန်ပစ္စည်း​သာမက အကျွန်ုပ်​တို့​၏​အသက်​အပေါ်၌​ပင် ဘေးအန္တရာယ်​နှင့်​များစွာ​သော​ဆုံးရှုံး​မှု ကျရောက်​လာ​လိမ့်မည်​ဟု အကျွန်ုပ်​တွေ့မြင်​ရ​သည်”​ဟူ၍ ဆို​လေ​၏။ 11သို့သော် တပ်မှူး​သည် ပေါလု​ပြောဆို​သော​စကား​ထက် ရေယာဉ်မှူး​နှင့်​သင်္ဘော​ပိုင်ရှင်​တို့​ကို ပို၍​ယုံ​၏။ 12ထို​ဆိပ်ကမ်း​သည်​လည်း ဆောင်း​ခို​ရန်​မ​သင့်လျော်​သော​ဆိပ်ကမ်း​ဖြစ်​သောကြောင့် အများစု​က ထို​ဆိပ်ကမ်း​မှ​ရွက်လွှင့်​ပြီး ဖြစ်နိုင်​လျှင် အနောက်​တောင်​နှင့် အနောက်​မြောက်​သို့​မျက်နှာမူ​သည့် ကရေတေ​ကျွန်း​၏​ဖိနိတ်​ဆိပ်ကမ်း​သို့ တစ်နည်းနည်း​ဖြင့်​သွား​၍ ဆောင်းခို​မည်​ဟု ဆုံးဖြတ်​ကြ​၏။
မုန်တိုင်းနှင့်ကြုံတွေ့ရခြင်း
13တောင်​လေ​ဖြည်းညင်း​စွာ​တိုက်ခတ်​လာ​သောအခါ သူ​တို့​သည် အကြံအစည်​အောင်မြင်​ပြီ​ဟု​ထင်မှတ်​လျက် ကျောက်ဆူး​ကို​နုတ်​ပြီးလျှင် ကရေတေ​ကျွန်း​၏​ကမ်းခြေ​ကို​ကပ်​၍ ရွက်လွှင့်​ကြ​၏။ 14သို့သော် မကြာမီ​အတွင်း ဥရုကလုဒုန်​ဟု​ခေါ်​သည့် လေ​မုန်တိုင်း​သည် ကုန်းတွင်းပိုင်း​မှ တိုက်ခတ်​လာ​လေ​၏။ 15သင်္ဘော​သည် လေ​မုန်တိုင်း​မိ​သဖြင့် လေ​ကို​ဆန်​၍​မ​သွား​နိုင်​သောကြောင့် ငါ​တို့​သည် လက်လျှော့​၍ လေ​တိုက်​ရာ​သို့ မျော​ပါ​သွား​ကြ​၏။ 16ကလောဒေ​ဟု​ခေါ်​သော ကျွန်း​ငယ်​တစ်​ကျွန်း​၏​လေကွယ်​ရာ​သို့ ရောက်​ကြ​သောအခါ အသက်ကယ်လှေ​ကို ခက်ခဲ​စွာ​ဖြင့် ပြန်လည်​ထိန်းသိမ်း​နိုင်​ခဲ့​ကြ​၏။ 17သူ​တို့​သည် ထို​လှေ​ကို သင်္ဘော​ပေါ်​တင်​ပြီးလျှင် သင်္ဘော​ကို​ခိုင်ခံ့​စေရန် ကြိုး​ဖြင့်​ပတ်စည်း​ကြ​၏။ ဆိတစ်​သဲသောင်​ပေါ်၌ သောင်တင်​မည်​ကို စိုးရိမ်​သောကြောင့် ရွက်​ကို​လျှောချ​လျက် လေတိုက်​ရာ​သို့ မျော​ပါ​သွား​ကြ​၏။ 18ငါ​တို့​သည် လေ​မုန်တိုင်း​ဒဏ်​ကို ပြင်း​စွာ​ခံရ​သဖြင့် နောက်တစ်နေ့​တွင် လူ​တို့​သည် ကုန်ပစ္စည်း​များ​ကို သင်္ဘော​ပေါ်မှ ပစ်ချ​ကြ​၏။ 19သုံး​ရက်​မြောက်​သော​နေ့​တွင် သင်္ဘော​၏​ကုန်​တင်​ကုန်​ချ​ပစ္စည်း​များ​ကို​ပင် မိမိ​တို့​လက်​ဖြင့်​ယူ​၍ ပစ်ချ​ကြ​၏။ 20ရက်​ပေါင်း​များစွာ နေ​နှင့်​ကြယ်​များ​ကို​မ​တွေ့​ရ​ချေ။ မုန်တိုင်း​သည်​လည်း အရှိန်​မ​လျော့​ဘဲ တိုက်ခတ်​လျက်​ရှိ​သဖြင့် နောက်ဆုံး​တွင် ငါ​တို့​လွတ်မြောက်​မည်​ဟူသော​မျှော်လင့်​ချက်​ရှိသမျှ​သည် ပျောက်ကွယ်​သွား​ခဲ့​လေ​၏။
21လူ​တို့​သည် ကြာမြင့်​စွာ​အစာ​မ​စား​ဘဲ​နေ​ကြ​သောအခါ ပေါလု​သည် သူ​တို့​အလယ်​၌​ရပ်​လျက် “အို မိတ်ဆွေ​တို့၊ သင်​တို့​သည် အကျွန်ုပ်​၏​စကား​ကို​နားထောင်​၍ ကရေတေ​ကျွန်း​မှ​မ​ထွက်ခွာ​ဘဲ နေ​သင့်​ပေ​သည်။ သို့ပြုလျှင် ဤ​ဘေးအန္တရာယ်​နှင့်​ဆုံးရှုံး​မှု​တို့​မှ ကင်းလွတ်​ခဲ့​ရ​ကြ​ပေ​လိမ့်မည်။ 22သို့သော် အားမငယ်​ကြ​ရန် သင်​တို့​အား အကျွန်ုပ်​တိုက်တွန်း​ပါ​သည်။ အကြောင်းမူကား သင်​တို့​ထဲမှ တစ်စုံတစ်ဦး​မျှ အသက်​ဆုံးရှုံး​ရ​မည်​မ​ဟုတ်။ သင်္ဘော​ကို​သာ ဆုံးရှုံး​ရ​လိမ့်မည်။ 23အဘယ်ကြောင့်​ဆိုသော် အကျွန်ုပ်​ကို​ပိုင်သ​တော်မူ​သည့် အကျွန်ုပ်​ဝတ်ပြု​သော​ဘုရားသခင်​၏​ကောင်းကင်​တမန်​သည် လွန်​ခဲ့​သော​ည​က အကျွန်ုပ်​အနီး၌​ရပ်​လျက် 24‘ပေါလု၊ မ​စိုးရိမ်​နှင့်။ သင်​သည် ဆီဇာ​ဧကရာဇ်​ရှေ့သို့​ရောက်​ရ​မည်။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရွက်လွှင့်​နေ​သူ​အပေါင်း​တို့​ကို​လည်း သင့်​အား ပေးအပ်​တော်မူ​ပြီ’​ဟု မြွက်ဆို​ခဲ့​ပါ​သည်။ 25သို့ဖြစ်၍ မိတ်ဆွေ​တို့၊ အားမငယ်​ကြ​နှင့်။ အကြောင်းမူကား အကျွန်ုပ်​အား​မိန့်​တော်မူ​သည့်​အတိုင်း​ပင် ဖြစ်​လိမ့်မည်​ဟု ဘုရားသခင်​ကို​အမှီပြု၍ အကျွန်ုပ်​ယုံကြည်​ပါ​သည်။ 26အကျွန်ုပ်​တို့​သည် ကျွန်း​တစ်​ခု​တွင် သောင်တင်​ရ​လိမ့်မည်”​ဟု ဆို​လေ​၏။
27တစ်ဆယ့်လေး​ရက်​မြောက်​ည​ရောက်​သောအခါ ငါ​တို့​သည် အာဒြိ​ပင်လယ်​ထဲတွင်​မျောပါ​နေ​ကြ​စဉ် ည​သန်းခေါင်​အချိန်​ခန့်​တွင် သင်္ဘောသား​တို့​သည် ကမ်း​တစ်ခုခု​နှင့်​နီး​လာ​သည်​ဟု​ထင်မှတ်​၍ 28ရေ​ကို​တိုင်း​ကြည့်​ရာ အလံ​နှစ်ဆယ်​နက်​ကြောင်း​တွေ့​ကြ​၏။ ထို့နောက် အနည်းငယ်​ဆက်သွား​၍ ပြန်​တိုင်း​ကြည့်​ရာ တစ်ဆယ့်ငါး​လံ​နက်​သည်​ကို​တွေ့​ကြ​၏။ 29သူ​တို့​သည် ကျောက်ဆောင်​နှင့်​တိုက်​မိ​မည်​ကို​စိုးရိမ်​သဖြင့် သင်္ဘော​ပဲ့​ပိုင်း​မှ ကျောက်ဆူး​လေး​ခု​ကို​ချ​ပြီး မိုးလင်း​ပါစေ​ဟု​ဆုတောင်း​ကြ​၏။ 30သင်္ဘောသား​များ​သည် သင်္ဘော​မှ​ထွက်ပြေး​ရန်​ကြိုးစား​၍ သင်္ဘော​ဦးပိုင်း​တွင် ကျောက်ဆူး​ချ​မည့်​ဟန်ပြု​လျက် အသက်ကယ်လှေ​ကို ရေ​ထဲသို့​လျှောချ​နေ​ကြ​၏။ 31ပေါလု​က တပ်မှူး​နှင့်​စစ်သား​တို့​အား “သင်္ဘော​ပေါ်တွင် ဤ​သူ​တို့​သာ​မ​ရှိ​လျှင် သင်​တို့​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်”​ဟု ပြော​လေ​၏။ 32ထိုအခါ စစ်သား​တို့​သည် အသက်ကယ်လှေ​၏​ကြိုး​များ​ကို​ခုတ်ဖြတ်​၍ ၎င်း​တို့​ကို အောက်​သို့​ချ​လိုက်​ကြ​၏။
33မိုးလင်း​လုနီး​သောအခါ ပေါလု​သည် အားလုံး​တို့​အား အစာ​စား​ကြ​ရန် တိုက်တွန်း​လျက် “သင်​တို့​သည် အစာ​မ​စား​ဘဲ ဆက်တိုက်​အခြေအနေ​ကို​စောင့်ကြည့်​ကာ မည်သည့်​အရာ​ကို​မျှ​မ​စား​ခဲ့​သည်​မှာ ယနေ့ တစ်ဆယ့်လေး​ရက်​ရှိ​ပါ​ပြီ။ 34ထို့ကြောင့် အစာ​စား​ကြ​ရန် သင်​တို့​အား အကျွန်ုပ်​တိုက်တွန်း​ပါ​သည်။ ဤသည်ကား သင်​တို့​၏​လွတ်မြောက်​ခြင်း​အတွက် ဖြစ်​၏။ သင်​တို့​၏​ဦးခေါင်း​မှ ဆံပင်​တစ်​ပင်​မျှ ပျက်စီး​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။ 35ဤသို့​ဆို​ပြီးနောက် ပေါလု​သည် မုန့်​ကို​ယူ​၍ အားလုံး​၏​ရှေ့​တွင် ဘုရားသခင်​အား​ကျေးဇူးတင်​လျက် မုန့်​ကို​ဖဲ့​၍​စား​လေ​၏။ 36ထိုအခါ သူ​တို့​အားလုံး​သည်​လည်း အားတက်​လာ​၍ အစာ​စား​ကြ​၏။ 37သင်္ဘော​ပေါ်တွင် လူ​ပေါင်း​နှစ်ရာ​ခုနစ်ဆယ့်​ခြောက်​ယောက်​ရှိ​၏။ 38အစာ​ကို​ဝလင်​စွာ​စား​ကြ​ပြီးနောက် သင်္ဘော​ပေါ့​သွား​စေရန် ဂျုံဆန်​ကို ပင်လယ်​ထဲသို့​ပစ်ချ​ကြ​၏။
သင်္ဘောပျက်ခြင်း
39မိုးလင်း​သောအခါ မည်သည့်​အရပ်​ဒေသ​ဖြစ်​သည်​ကို မ​သိ​သော်လည်း ကမ်းခြေ​ရှိ​သော ပင်လယ်ကွေ့​တစ်​ခု​ကို​မြင်​ရ​၍ ဖြစ်နိုင်​လျှင် ထို​ကမ်းခြေ​ပေါ်သို့ သင်္ဘော​ကို​ထိုးတင်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။ 40ထို့နောက် ကျောက်ဆူး​များ​ကို ပင်လယ်​ထဲသို့​ဖြုတ်​ချ​ခဲ့​၍ တစ်ချိန်တည်း​၌​ပင် တက်မ​ကြိုး​များ​ကို​ဖြေ​လျက် ရွက်​ကို​တင်​ပြီး ကမ်းခြေ​ဘက်​သို့​လွှင့်​သွား​ကြ​၏။ 41သို့သော် သင်္ဘော​သည် ဒီရေ​နှစ်​ကြောင်း​စုဆုံ​ရာ​သို့​ရောက်သွား​၍ သောင်တင်​သဖြင့် သင်္ဘောဦး​သည် သောင်​၌​စိုက်​ပြီး လှုပ်ရှား​၍​မ​ရ​တော့​ချေ။ ပဲ့​ပိုင်း​မှာ​မူ လှိုင်းလုံး​များ​ရိုက်ခတ်​သဖြင့် ကျိုးပျက်​လေ​၏။
42စစ်သား​တို့​သည် အကျဉ်းသား​တစ်စုံတစ်ဦး​မျှ ရေကူး​၍​မ​ထွက်ပြေး​စေရန် သူ​တို့​ကို​သတ်​မည်​ဟု​ကြံစည်​ကြ​၏။ 43သို့သော် တပ်မှူး​သည် ပေါလု​ကို​ကယ်​လို​သဖြင့် သူ​တို့​၏​အကြံအစည်​ကို​တားမြစ်​ကာ ရေကူး​တတ်​သူ​များ​သည် ဦးစွာ​ခုန်ချ​၍ ကမ်း​ပေါ်သို့​ကူးသွား​ကြ​ရန်​နှင့် 44ကျန်​သော​သူ​တို့​သည် ပျဉ်ပြား​ကို​ဖြစ်စေ၊ သင်္ဘော​ထဲမှ​အရာ​တစ်စုံတစ်ခု​ကို​ဖြစ်စေ တွယ်စီး​၍ ကူး​သွား​ကြ​ရန် အမိန့်​ပေး​လေ​၏။ ဤသို့ဖြင့် အားလုံး​သည် ဘေးကင်း​စွာ​ဖြင့် ကုန်း​ပေါ်သို့​ရောက်​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in