YouVersion Logo
Search Icon

တမန်တော်ဝတ္ထု 26

26
အဂြိပ္ပမင်းကြီးရှေ့တွင်ပေါလုချေပပြောဆိုခြင်း
1ထိုအခါ အဂြိပ္ပ​မင်းကြီး​သည် ပေါလု​အား “သင့်​အကြောင်း​ကို သင်​ကိုယ်တိုင်​ပြောဆို​နိုင်​ပြီ”​ဟု အမိန့်​ရှိ​သဖြင့် ပေါလု​သည် လက်​ကို​ဆန့်​၍ 2“အဂြိပ္ပ​မင်းကြီး၊ ဂျူး​လူမျိုး​တို့​သည် အကျွန်ုပ်​အပေါ်​စွဲဆို​ထား​သည့်​အမှု​အားလုံး​နှင့်​ပတ်သက်၍ အရှင်​မင်းကြီး​၏​ရှေ့​တော်​၌ ယနေ့ ချေပ​ပြောဆို​ရ​တော့မည်​ကို မင်္ဂလာ​တစ်ပါး​ဖြစ်​သည်​ဟု အကျွန်ုပ်​မှတ်ယူ​ပါ​သည်။ 3အထူးသဖြင့် အရှင်​မင်းကြီး​သည် ဂျူး​လူမျိုး​တို့​၏​ဓလေ့​ထုံးစံ​နှင့် ပြဿနာ​အလုံးစုံ​တို့​ကို သိကျွမ်း​သူ​ဖြစ်​သောကြောင့် ဖြစ်​ပါ​သည်။ ထို့ကြောင့် အကျွန်ုပ်​၏​လျှောက်ထား​ချက်​ကို စိတ်ရှည်​စွာ​နားထောင်​ပေး​ပါ​ရန် အကျွန်ုပ်​တောင်းပန်​ပါ​သည်။
4အကျွန်ုပ်​သည် မိမိ​လူမျိုး​ထဲ၌​လည်းကောင်း၊ ဂျေရုဆလင်​မြို့​၌​လည်းကောင်း အစ​ပြု​ခဲ့​သည့် ငယ်ရွယ်​စဉ်​ဘဝ​မှစ၍ အကျွန်ုပ်​မည်ကဲ့သို့​ပြုမူ​နေထိုင်​ခဲ့​သည်​ကို ဂျူး​လူမျိုး​အားလုံး​သိ​ကြ​ပါ​သည်။ 5သူ​တို့​သည် အကျွန်ုပ်​ကို ယခင်ကတည်းက သိ​ထား​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​သည် အကျွန်ုပ်​တို့​ဘာသာ​တွင် စည်းမျဉ်း​အတင်းကျပ်​ဆုံး​သော​ဂိုဏ်း​ဖြစ်​သည့် ဖာရိရှဲ​ဂိုဏ်း​ဝင်​တစ်​ဦး​အဖြစ် အသက်ရှင်​ခဲ့​ကြောင်း သူ​တို့​သက်သေခံ​လို​လျှင် သက်သေခံ​နိုင်​ပါ​သည်။ 6ယခု အကျွန်ုပ်​သည် အကျွန်ုပ်​တို့​ဘိုးဘေး​များ​အား ဘုရားသခင်​ပေး​ထား​သော​ကတိ​တော်​နှင့်ဆိုင်သည့် မျှော်လင့်​ခြင်း​အတွက် ရပ်​လျက် စစ်ဆေး​စီရင်​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​သည်။ 7အကျွန်ုပ်​တို့​၏​မျိုးနွယ်စု တစ်ဆယ့်နှစ်​မျိုး​သည် နေ့​ရော​ည​ပါ စိတ်အားထက်သန်​စွာ​ဖြင့် ဘုရားသခင်​ကို​ဝတ်ပြု​ကိုးကွယ်​လျက် ထို​ကတိ​တော်​အတိုင်း ခံစား​ရ​ရန် မျှော်လင့်​နေ​ကြ​ပါ​သည်။ အရှင်​မင်းကြီး၊ အကျွန်ုပ်​သည် ဤ​မျှော်လင့်​ခြင်း​အတွက် ဂျူး​လူမျိုး​တို့​၏​စွဲဆို​ခြင်း​ကို​ခံ​နေ​ရ​ပါ​သည်။ 8သေလွန်​သော​သူ​တို့​အား ဘုရားသခင်​ထမြောက်​စေ​တော်မူ​သည်​ကို မ​ယုံ​နိုင်​စရာ​ဟု အရှင်​တို့ အဘယ်ကြောင့်​ထင်မှတ်​ကြ​ပါ​သနည်း။
9အမှန်စင်စစ် အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း နာဇရက်​မြို့သား​ယေရှု​၏​နာမ​တော်​အား ဆန့်ကျင်​သည့်​အမှု​များစွာ​တို့​ကို​ပြု​ရ​မည်​ဟု​ထင်မှတ်​၍ 10ဂျေရုဆလင်​မြို့​တွင် ထို​အတိုင်း​ပြု​ခဲ့​ပါ​သည်။ အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို​ရရှိ​လျက် များစွာ​သော​သန့်ရှင်း​သူ​တို့​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​ကာ သူ​တို့​အသတ်​ခံရ​သည့်​အခါ​လည်း ထောက်ခံ​ခဲ့​ပါ​သည်။ 11ဝတ်ပြု​စည်းဝေး​ကျောင်း​တိုင်း​တွင်​လည်း သူ​တို့​ကို မကြာခဏ​ပြစ်ဒဏ်​ပေး​လျက် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​ရန် အတင်းအကျပ်​စေခိုင်း​ခဲ့​ပါ​သည်။ ထိုမျှမက သူ​တို့​အပေါ် အလွန်​ဒေါသ​ထွက်​၍ တိုင်းတစ်ပါး​မြို့​များ​သို့​တိုင်အောင် သူ​တို့​ကို လိုက်လံ​ညှဉ်းဆဲ​ခဲ့​ပါ​သည်။
ပေါလု၏ပြောင်းလဲခြင်းနှင့် ပေးအပ်ခြင်းခံရသောအမှုတော်လုပ်ငန်း
12ဤသို့ဖြင့် အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​၏​ခွင့်ပြု​ချက်​နှင့်​အခွင့်​အာဏာ​တို့​ပါလျက် ဒမတ်စကပ်​မြို့​သို့​သွား​စဉ် 13မွန်းတည့်​ချိန်​တွင် လမ်း​၌ နေ​ရောင်ခြည်​ထက်​မက​တောက်ပ​သော ကောင်းကင်​မှ​အလင်း​သည် အကျွန်ုပ်​မှစ၍ အကျွန်ုပ်​နှင့်အတူ​ခရီး​သွား​သူ​များ​ပတ်လည်​တွင် ထွန်းလင်း​သည်​ကို အကျွန်ုပ်​မြင်​ရ​ပါ​သည်၊ အရှင်​မင်းကြီး။ 14အကျွန်ုပ်​တို့​အားလုံး​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ ဟေဗြဲ​ဘာသာစကား​ဖြင့်‘ရှောလု၊ ရှောလု၊ သင်​သည် အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း။ တုတ်ချွန်​ကို​ကန်​ရန် သင့်​အတွက်​ခက်​၏’​ဟု အကျွန်ုပ်​အား​ပြော​သော​အသံ​ကို အကျွန်ုပ်​ကြား​ရ​ပါ​သည်။ 15ထိုအခါ အကျွန်ုပ်​က ‘သခင်၊ ကိုယ်တော်​သည် မည်သူ​ဖြစ်​ပါ​သနည်း’​ဟု မေးလျှောက်​လျှင် သခင်​ဘုရား​က‘ငါ​သည် သင်​ညှဉ်းဆဲ​သော​ယေရှု​ဖြစ်​၏။ 16သင်​သည်​ထ​၍ သင့်​ခြေ​ဖြင့်​မတ်တတ်ရပ်​လော့။ ငါ​သည် သင့်​ထံ​ထင်ရှား​သည်​မှာ ငါ့​ကို​သင်​မြင်​ရ​သည့်​အကြောင်း​နှင့် သင့်​အား ငါ​ထင်ရှားပြ​မည့်​အရာ​များ​အတွက် သင့်​ကို အမှု​တော်​ဆောင်​အဖြစ်​လည်းကောင်း၊ သက်သေ​အဖြစ်​လည်းကောင်း ခန့်ထား​ရန်​ဖြစ်​၏။ 17ငါ​သည် ဂျူး​လူမျိုး​၏​လက်​မှ​လည်းကောင်း၊ လူမျိုးခြား​တို့​၏​လက်​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​မည်။ ထို​သူ​တို့​ထံသို့​သင့်​ကို ငါ​စေလွှတ်​၏။ 18ဤသည်ကား သူ​တို့​၏​မျက်စိ​ကို​ဖွင့်​ပေး​၍ သူ​တို့​ကို အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်​၏​အခွင့်​အာဏာ​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲ​စေ​သဖြင့် သူ​တို့​သည် ငါ့​ကို​ယုံကြည်​ခြင်း​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​ကာ သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​ထဲတွင် ပါဝင်​ရ​မည့်​အကြောင်း​တည်း’​ဟု မိန့်​တော်မူ​ခဲ့​ပါ​သည်။
19ထို့ကြောင့် အဂြိပ္ပ​မင်းကြီး၊ အကျွန်ုပ်​သည် ကောင်းကင်ဘုံ​မှ​ဗျာဒိတ်​ရူပါရုံ​ကို နားမထောင်​၍​မ​နေ​ဘဲ 20ဦးစွာ ဒမတ်စကပ်​မြို့​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်​မြို့​နှင့် ယုဒ​နယ်​တစ်နယ်လုံး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ လူမျိုးခြား​တို့​ကို​လည်းကောင်း နောင်တရ​၍ ဘုရားသခင်​ထံ​ပြောင်းလဲ​ကာ နောင်တ​နှင့်​ထိုက်တန်​သော​အမှု​များ​ကို ပြု​ကြ​ရန် ဟောပြော​ခဲ့​ပါ​သည်။ 21ဤ​အကြောင်း​များ​ကြောင့် ဂျူး​လူမျိုး​တို့​သည် အကျွန်ုပ်​ကို ဗိမာန်​တော်​၌​ဖမ်းဆီး​၍ သတ်​ရန်​ကြိုးစား​ခဲ့​ကြ​သည်။ 22သို့ရာတွင် အကျွန်ုပ်​သည် ဘုရားသခင်​၏​မစ​ခြင်း​ကျေးဇူး​ကို​ခံစား​ရ​၍ ယနေ့​တိုင်အောင် ရပ်​လျက် လူကြီး​လူငယ်​တို့​အား သက်သေခံ​နေ​ပါ​သည်။ ထိုသို့​သက်သေခံ​ရာ​၌ နောင်တွင် ဖြစ်ပျက်​မည်​ဟု မောရှေ​နှင့်​ပရောဖက်​တို့​ဟောပြော​ခဲ့​သည့်​အရာ​များ​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မ​ပြောဆို​ခဲ့​ပါ။ 23သူ​တို့​ဟောပြော​ခဲ့​သည့်​အရာ​မှာ ခရစ်တော်​သည် ဝေဒနာ​ခံစား​ရ​လျက် သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် အစ္စရေး​လူမျိုး​နှင့် လူမျိုးခြား​တို့​ထံ အလင်း​တရား​ကို​ဟောပြော​တော်မူ​မည်​ဟူသည့်​အကြောင်း ဖြစ်​ပါ​သည်”​ဟု ချေပ​ပြောဆို​လေ​၏။
အဂြိပ္ပမင်းကိုကြိုးစားစည်းရုံးခြင်း
24ပေါလု​သည် ဤသို့​ချေပ​ပြောဆို​နေ​စဉ် ဖေတ္တု​မင်း​က “ပေါလု၊ သင်​သည်​ရူးသွပ်​နေ​ပြီ။ သင်​၏​လွန်ကဲ​သော​ကျမ်းဂန်​လေ့လာ​မှု​သည် သင့်​ကို သူရူး​ဖြစ်​စေ​ပြီ”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ဆို​လေ​၏။
25သို့သော် ပေါလု​က “မြတ်​သော​ဖေတ္တု​မင်း၊ အကျွန်ုပ်​မ​ရူးသွပ်​ပါ။ မှန်ကန်​၍ သင့်မြတ်​သော​စကား​တို့​ကို ပြောဆို​နေ​ခြင်း​သာ ဖြစ်​ပါ​သည်။ 26အဂြိပ္ပ​မင်းကြီး​သည် ဤ​အကြောင်းအရာ​များ​ကို သိ​တော်မူ​သည်​ဖြစ်၍ ရှေ့​တော်​၌ ရဲရင့်​စွာ​ပြောဆို​နေ​ခြင်း​ဖြစ်​ပါ​သည်။ ဤ​အရာ​များ​သည် ဆိတ်ကွယ်​ရာ​အရပ်​၌​ဖြစ်ပျက်​ခဲ့​သည့်​အရာ​မ​ဟုတ်​သောကြောင့် ၎င်း​တို့​ထဲမှ မင်းကြီး​မသိ​သော​အရာ​တစ်စုံတစ်ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု အကျွန်ုပ်​ထင်မြင်​ပါ​သည်။ 27အဂြိပ္ပ​မင်းကြီး၊ အရှင်​သည် ပရောဖက်​ကျမ်း​များ​ကို ယုံကြည်​တော်မူ​ပါ​သလော။ ယုံကြည်​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။ 28ထိုအခါ အဂြိပ္ပ​မင်းကြီး​က “သင်​သည် တိုတောင်း​သော​အချိန်​အတွင်း​၌ ငါ့​ကို​ခရစ်ယာန်​ဖြစ်​အောင် စည်းရုံး​နေ​ပါ​တကား”​ဟု ပေါလု​အား ဆို​လေ​၏။ 29ပေါလု​က​လည်း “တိုတောင်း​သော​အချိန်​အတွင်း​ဖြစ်စေ၊ ကြာရှည်​သော​အချိန်​အတွင်း​ဖြစ်စေ အရှင်​မင်းကြီး​သာမက ယနေ့ အကျွန်ုပ်​၏​စကား​ကို​နားထောင်​သူ​အပေါင်း​တို့​သည်​လည်း ဤ​ချည်နှောင်​ခြင်း​မှတစ်ပါး အကျွန်ုပ်​ကဲ့သို့​ဖြစ်လာ​ကြ​ရန် ဘုရားသခင်​ထံ အကျွန်ုပ်​ဆုတောင်း​ပါ​သည်”​ဟု လျှောက်​လေ​၏။
30ထိုအခါ မင်းကြီး​နှင့်​ဘုရင်ခံ​တို့​သည်​ထ​ပြီး မိဖုရား​ဗေရနိတ်​မှစ၍ သူ​တို့​နှင့်အတူ​ထိုင်​နေ​သော​သူ​တို့​သည်​လည်း ထ​ကြ​၏။ 31သူ​တို့​သည် ထွက်ခွာ​သွား​ပြီးနောက် “ဤ​သူ​သည် သေဒဏ်​၊ သို့မဟုတ် အချုပ်အနှောင်​ခံထိုက်​သော​အရာ တစ်စုံတစ်ခု​မျှ မ​ပြု​ခဲ့​ပါ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ 32အဂြိပ္ပ​မင်းကြီး​က​လည်း ဖေတ္တု​မင်း​အား “ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​ထံ အယူခံ​မ​ဝင်​ခဲ့​လျှင် သူ့​ကို​လွှတ်ပေး​နိုင်​သည်”​ဟု ဆို​လေ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in