YouVersion Logo
Search Icon

ဓမ္မရာဇဝင်ဒုတိယစောင် 20

20
ရှေဘ၏ပုန်ကန်ခြင်း
1ဂိလဂါလ​မြို့​တွင် ဗင်္ယာမိန်​အမျိုးသား ဗိခရိ​၏​သား​ဖြစ်​သူ ရှေဘ​အမည်​ရှိ​သော ဆိုးညစ်​သူ တစ်ဦး​ရှိ​၏​။ သူ​သည် တံပိုး​ကို​မှုတ်​၍ “​ဒါဝိဒ်​၌ ငါ​တို့ ဝေစု​မ​ရှိ​။ ယေရှဲ​၏​သား​၌ ငါ​တို့ အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​အိမ်​သို့ ကိုယ်​ပြန်​ကြ​”​ဟု ဆို​၏​။ 2ထို့ကြောင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​နောက်​သို့​လိုက်​ရာ​မှ​လှည့်​၍ ဗိခရိ​၏​သား​ရှေဘ နောက်သို့​လိုက်​ကြ​၏​။ ယုဒ​အမျိုးသား​တို့​မူကား ဂျော်ဒန်​မြစ်​မှ ဂျေရုဆလင်​မြို့​တိုင်အောင် မိမိ​တို့​ရှင်ဘုရင်​နောက်​တော်​သို့ ထက်ကြပ်မကွာ​လိုက်​ကြ​၏​။
3ဒါဝိဒ်​မင်းကြီး​သည် မိမိ​နန်းတော်​ရှိ​ရာ​ဂျေရုဆလင်​မြို့​သို့ ပြန်ရောက်​လျှင် နန်းတော်​ကို စောင့်ရှောက်​ရန်​ထားခဲ့​သော မောင်းမ​ဆယ်​ဦး​ကို​ခေါ်​၍ အကျယ်ချုပ်​ချထား​လိုက်​လေ​၏​။ ရှင်ဘုရင်​သည် သူ​တို့​ကို အစာရေစာ​ထောက်ပံ့​ပေး​သော်လည်း သူ​တို့​ထံ မ​ဝင်​တော့​ချေ​။ သူ​တို့​သည် သေ​သည့်​နေ့​တိုင်အောင် မုဆိုးမ​ဘဝ​နှင့် အကျယ်ချုပ်​ခံရ​ကြ​၏​။
4ထို့နောက် ရှင်ဘုရင်​က အာမသ​အား “​သုံး​ရက်​အတွင်း ယုဒ​အမျိုးသား​တို့​ကို ငါ့​ထံ​လာရောက်​စုဝေး​စေ​ပါ​။ သင်​ကိုယ်တိုင်​လည်း ပါ​ရ​မည်​”​ဟု မိန့်ဆို​၏​။ 5အာမသ​သည် ယုဒ​အမျိုးသား​တို့​ကို ခေါ်ယူ​ရန်​ထွက်သွား​၏​။ သူ​သည် ပေး​ထား​သော​အချိန်​ထက် ကြာ​နေ​သဖြင့် 6ဒါဝိဒ်​မင်းကြီး​က အဘိရှဲ​အား “​ယခု ဗိခရိ​၏​သား​ရှေဘ​သည် ငါ​တို့​ကို အဗရှလုံ​ထက်​ပို၍ အန္တရာယ်ပေး​နိုင်​၏​။ ထို့ကြောင့် သင့်​သခင်​၏​အမှုထမ်း​တို့​ကို​ခေါ်​၍ သူ့​နောက်သို့​လိုက်​လော့​။ သို့မဟုတ်လျှင် သူ​သည် ခံတပ်​မြို့​များ​တွင် ဝင်ခို​ပြီး ငါ​တို့​လက်​မှ လွတ်မြောက်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။
7ထို့ကြောင့် ယွာဘ​၏​နောက်လိုက်​များ​မှစ၍ ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​အပါအဝင် သူရဲကောင်း​အပေါင်း​တို့​သည် အဘိရှဲ​နှင့်အတူ ဂျေရုဆလင်​မြို့​မှ ထွက်သွား​ပြီး ဗိခရိ​၏​သား ရှေဘ​ကို​လိုက်​ကြ​၏​။ 8သူ​တို့​သည် ဂိဗောင်​မြို့​ရှိ ကျောက်တုံး​ကြီး​နား​သို့ ရောက်​သောအခါ အာမသ​သည် သူ​တို့​ကို လာရောက်​တွေ့ဆုံ​၏​။ ယွာဘ​သည် စစ်ဝတ်တန်ဆာ​များ​ကို ဝတ်ဆင်​၍ ခါးပန်း​လည်း စည်းထား​၏​။ ဓား​ကို​လည်း ဓားအိမ်​ထဲ​ထည့်​၍ ခါးပန်းကြိုး​တွင် ချိတ်​ထား​ရာ ရှေ့​သို့​လှမ်းသွား​စဉ်တွင် လျှောကျ​လာ​၏​။ 9ယွာဘ​က အာမသ​အား “​ငါ့​ညီ​၊ အဆင်ပြေ​ပါ​၏​လော​”​ဟု ဆို​၏​။ ထို့နောက် ယွာဘ​သည် အာမသ​၏​မုတ်ဆိတ်​ကို ညာ​လက်​ဖြင့် ဆွဲကိုင်​ပြီး နမ်း​မည်​ပြု​၏​။ 10အာမသ​သည် ယွာဘ​လက်​၌ ဓား​ကိုင်​ထား​သည်​ကို သတိ​မ​ထား​မိ​။ ယွာဘ​က အာမသ​၏​ဗိုက်​ကို ဓား​နှင့်​ထိုး​လိုက်​သဖြင့် အာမသ​သည် အူ​များ​မြေ​ပေါ်သို့ ထွက်ကျ​၍ နောက်​တစ်ချက်​မ​ထိုး​ရ​ဘဲ သေ​လေ​၏​။ ထို့နောက် ယွာဘ​နှင့်​သူ့​ညီ အဘိရှဲ​သည် ဗိခရိ​၏​သား ရှေဘ​ကို ဆက်လိုက်​ကြ​၏​။
11ယွာဘ​၏​နောက်လိုက်​လုလင်​တစ်​ဦး​သည် အာမသ​အနီး​တွင်​ရပ်​လျက် “​ယွာဘ​နှင့် ဒါဝိဒ်​မင်းကြီး​ဘက်​ပါ​သော​သူ မည်သူမဆို ယွာဘ​နောက်​သို့​လိုက်​ကြ​လော့​”​ဟု အော်ပြော​၏​။ 12အာမသ​သည် လမ်း​အလယ် သွေးအိုင်​ထဲတွင် လဲကျ​နေ​၏​။ လမ်းသွားလမ်းလာသူ​တို့ သူ့​နား​ရောက်လာ​လျှင် ရပ်​၍​ကြည့်​နေ​ကြ​၏​။ လုလင်​တစ်​ဦး​က ထိုသို့ ထို​နေရာ​သို့​ရောက်လာ​သော​သူ​တိုင်း ရပ်​ကြည့်​နေ​သည်​ကို မြင်​လျှင် အာမသ​ကို လမ်းမ​ဘေး​ရှိ​လယ်ကွင်း​ထဲသို့ ဆွဲသွား​ပြီး သူ့​ကို အဝတ်​နှင့်​ဖုံး​ထား​လိုက်​၏​။ 13ထိုသို့ အာမသ​ကို လမ်းမ​မှ​ရွှေ့လိုက်​ပြီးမှ လူ​အပေါင်း​တို့​သည် ဗိခရိ​၏​သား ရှေဘ​ကို​ဆက်လိုက်​ရန် ယွာဘ​နောက်​သို့ လိုက်သွား​ကြ​လေ​၏​။
14ရှေဘ​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ရှိ​ရာ​သို့​သွား​၏​။ အာဗေလ​မြို့​၊ ဗက်မာခ​မြို့​နှင့် ဗေရိ​မြို့သား​အပေါင်း​တို့​ထံသို့​လည်း ရောက်​၏​။ ထို​သူ​တို့​သည် စုရုံး​ကြ​ပြီး ရှေဘ​နောက်သို့​လိုက်​ကြ​၏​။ 15ယွာဘ​နှင့်​သူ​၏​အပေါင်းပါ​တို့​သည် လာ​၍ ရှေဘ​တည်းခို​နေ​သော​အာဗေလဗက်မာခါ​မြို့​ကို​ဝိုင်း​ထား​ကြ​၏​။ ထို့နောက် မြို့​တံတိုင်း​အပြင်ဘက်​တွင် မြေကတုတ်​ဖို့​၍ မြို့ရိုး​ကို ဖြိုချ​ဖျက်ဆီး​ကြ​၏​။ 16ထိုအခါ အမြော်အမြင်​ရှိ​သော​မိန်းမ​တစ်​ဦး​က မြို့​ထဲမှ​နေ​၍ “​နားထောင်​ကြ​၊ နားထောင်​ကြ​။ ယွာဘ​အား ‘သင်​နှင့်​စကားပြော​နိုင်​ဖို့ ဤ​နေရာ​သို့ လာ​ပါ’​ဟူ၍ ပြော​လော့​”​ဟု ဟစ်အော်​၏​။
17သူ့​အနီး​သို့ ယွာဘ​ရောက်လာ​သောအခါ ထို​မိန်းမ​က “သင်​ကား ယွာဘ​လော”​ဟု မေး​လျှင် ယွာဘ​က “ဟုတ်​ပါ​၏”​ဟု ဆို​၏​။ ထိုအခါ သူ​က “အရှင့်​ကျွန်မ​၏​စကား​ကို နားထောင်​ပါ”​ဟု​ဆို​လျှင် ယွာဘ​က “နားထောင်​နေ​ပါ​၏”​ဟု ပြန်ပြော​၏​။
18ထို​မိန်းမ​က “​ရှေးယခင်​ကပင် ‘​အမှုကိစ္စ​ပြီး​လို​လျှင် အာဗေလ​မြို့​တွင် သွားမေး​ကြ​’​ဟု ဆို​လေ့​ရှိ​ကြ​ပါ​၏​။ 19အကျွန်ုပ်​သည် ငြိမ်းချမ်း​စွာ​နေ​လို​သော​၊ သစ္စာရှိ​သော​အစ္စရေး​လူမျိုး​တစ်ဦး ဖြစ်​ပါ​၏​။ အရှင်​သည် အစ္စရေး​လူမျိုး​တို့​၏​မိခင်​မြို့​ကို အဘယ်ကြောင့်​ဖျက်ဆီး​ရန်​ကြိုးစား​နေ​သနည်း​။ အဘယ်ကြောင့် ထာဝရဘုရား​၏​အမွေ​တော်​ကို ဝါးမျို​လို​သနည်း”​ဟု ဆို​၏​။
20ယွာဘ​က​လည်း သူ့​အား “​ဝါးမျို​ခြင်း​အမှု​၊ ဖျက်ဆီး​ခြင်း​အမှု​သည် ငါ​နှင့်​ဝေး​ပါစေသော​။ ဝေး​ပါစေသော​။ 21အမှု​ကား ထိုသို့​မ​ဟုတ်​ပါ​။ ဧဖရိမ်​တောင်ပေါ်ဒေသ​မှ ဗိခရိ​၏​သား ရှေဘ​အမည်​ရှိ​သူ​သည် ဒါဝိဒ်​မင်းကြီး​ကို ဆန့်ကျင်​ပုန်ကန်​ပြီ​။ သူ့​ကို​သာ အပ်​ပါ​။ ထိုသို့ပြုလျှင် ဤ​မြို့​မှ ငါ​ထွက်ခွာ​မည်​”​ဟု ပြန်ပြော​သောအခါ ထို​အမျိုးသမီး​က ယွာဘ​အား “​စောင့်ကြည့်​ပါ​။ သူ​၏​ဦးခေါင်း​ကို မြို့ရိုး​မှတစ်ဆင့် သင့်​ထံ ပစ်ချ​ပေး​မည်​”​ဟု ဆို​၏​။ 22ထို့နောက် ထို​မိန်းမ​သည် အမြော်အမြင်​ရှိ​သူ​ပီပီ မြို့သား​တို့​ထံ​သွား​၍​ကြားပြော​ရာ သူ​တို့​သည်​လည်း ဗိခရိ​၏​သား ရှေဘ​၏​ခေါင်း​ကို​ဖြတ်​ပြီး ယွာဘ​ထံ ပစ်ချ​၏​။ ယွာဘ​သည်​လည်း တံပိုး​မှုတ်​လိုက်​လျှင် သူ့​လူ​တို့​သည် မြို့​မှ​ထွက်ခွာ​၍ အသီးသီး​ကိုယ့်​အိမ်​သို့​ပြန်သွား​ကြ​၏​။ ယွာဘ​မူကား ရှင်ဘုရင်​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏​။
23ယွာဘ​ကား အစ္စရေး​စစ်သည်​အားလုံး​ကို အုပ်ချုပ်ရသူ​၊ ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊ 24အဒေါရံ​ကား ချွေးတပ်အုပ်​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​ကား အတွင်းဝန်​၊ 25ရှေဝ​ကား စာရေးတော်ကြီး​၊ ဇာဒုတ်​နှင့်​အဗျာသာ​ကား ယဇ်ပုရောဟိတ်​၊ 26ယာဣရ​လူမျိုး​ဣရ​ကား ဒါဝိဒ်​မင်းကြီး​၏​ယဇ်ပုရောဟိတ် စသည်​ဖြင့် နေရာကျ​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ဒုတိယစောင် 20