ဓမ္မရာဇဝင်ဒုတိယစောင် 20
20
ရှေဘ၏ပုန်ကန်ခြင်း
1ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။ 2ထို့ကြောင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်မင်းကြီးနောက်သို့လိုက်ရာမှလှည့်၍ ဗိခရိ၏သားရှေဘ နောက်သို့လိုက်ကြ၏။ ယုဒအမျိုးသားတို့မူကား ဂျော်ဒန်မြစ်မှ ဂျေရုဆလင်မြို့တိုင်အောင် မိမိတို့ရှင်ဘုရင်နောက်တော်သို့ ထက်ကြပ်မကွာလိုက်ကြ၏။
3ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်ရှိရာဂျေရုဆလင်မြို့သို့ ပြန်ရောက်လျှင် နန်းတော်ကို စောင့်ရှောက်ရန်ထားခဲ့သော မောင်းမဆယ်ဦးကိုခေါ်၍ အကျယ်ချုပ်ချထားလိုက်လေ၏။ ရှင်ဘုရင်သည် သူတို့ကို အစာရေစာထောက်ပံ့ပေးသော်လည်း သူတို့ထံ မဝင်တော့ချေ။ သူတို့သည် သေသည့်နေ့တိုင်အောင် မုဆိုးမဘဝနှင့် အကျယ်ချုပ်ခံရကြ၏။
4ထို့နောက် ရှင်ဘုရင်က အာမသအား “သုံးရက်အတွင်း ယုဒအမျိုးသားတို့ကို ငါ့ထံလာရောက်စုဝေးစေပါ။ သင်ကိုယ်တိုင်လည်း ပါရမည်”ဟု မိန့်ဆို၏။ 5အာမသသည် ယုဒအမျိုးသားတို့ကို ခေါ်ယူရန်ထွက်သွား၏။ သူသည် ပေးထားသောအချိန်ထက် ကြာနေသဖြင့် 6ဒါဝိဒ်မင်းကြီးက အဘိရှဲအား “ယခု ဗိခရိ၏သားရှေဘသည် ငါတို့ကို အဗရှလုံထက်ပို၍ အန္တရာယ်ပေးနိုင်၏။ ထို့ကြောင့် သင့်သခင်၏အမှုထမ်းတို့ကိုခေါ်၍ သူ့နောက်သို့လိုက်လော့။ သို့မဟုတ်လျှင် သူသည် ခံတပ်မြို့များတွင် ဝင်ခိုပြီး ငါတို့လက်မှ လွတ်မြောက်လိမ့်မည်”ဟု မိန့်ဆို၏။
7ထို့ကြောင့် ယွာဘ၏နောက်လိုက်များမှစ၍ ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့အပါအဝင် သူရဲကောင်းအပေါင်းတို့သည် အဘိရှဲနှင့်အတူ ဂျေရုဆလင်မြို့မှ ထွက်သွားပြီး ဗိခရိ၏သား ရှေဘကိုလိုက်ကြ၏။ 8သူတို့သည် ဂိဗောင်မြို့ရှိ ကျောက်တုံးကြီးနားသို့ ရောက်သောအခါ အာမသသည် သူတို့ကို လာရောက်တွေ့ဆုံ၏။ ယွာဘသည် စစ်ဝတ်တန်ဆာများကို ဝတ်ဆင်၍ ခါးပန်းလည်း စည်းထား၏။ ဓားကိုလည်း ဓားအိမ်ထဲထည့်၍ ခါးပန်းကြိုးတွင် ချိတ်ထားရာ ရှေ့သို့လှမ်းသွားစဉ်တွင် လျှောကျလာ၏။ 9ယွာဘက အာမသအား “ငါ့ညီ၊ အဆင်ပြေပါ၏လော”ဟု ဆို၏။ ထို့နောက် ယွာဘသည် အာမသ၏မုတ်ဆိတ်ကို ညာလက်ဖြင့် ဆွဲကိုင်ပြီး နမ်းမည်ပြု၏။ 10အာမသသည် ယွာဘလက်၌ ဓားကိုင်ထားသည်ကို သတိမထားမိ။ ယွာဘက အာမသ၏ဗိုက်ကို ဓားနှင့်ထိုးလိုက်သဖြင့် အာမသသည် အူများမြေပေါ်သို့ ထွက်ကျ၍ နောက်တစ်ချက်မထိုးရဘဲ သေလေ၏။ ထို့နောက် ယွာဘနှင့်သူ့ညီ အဘိရှဲသည် ဗိခရိ၏သား ရှေဘကို ဆက်လိုက်ကြ၏။
11ယွာဘ၏နောက်လိုက်လုလင်တစ်ဦးသည် အာမသအနီးတွင်ရပ်လျက် “ယွာဘနှင့် ဒါဝိဒ်မင်းကြီးဘက်ပါသောသူ မည်သူမဆို ယွာဘနောက်သို့လိုက်ကြလော့”ဟု အော်ပြော၏။ 12အာမသသည် လမ်းအလယ် သွေးအိုင်ထဲတွင် လဲကျနေ၏။ လမ်းသွားလမ်းလာသူတို့ သူ့နားရောက်လာလျှင် ရပ်၍ကြည့်နေကြ၏။ လုလင်တစ်ဦးက ထိုသို့ ထိုနေရာသို့ရောက်လာသောသူတိုင်း ရပ်ကြည့်နေသည်ကို မြင်လျှင် အာမသကို လမ်းမဘေးရှိလယ်ကွင်းထဲသို့ ဆွဲသွားပြီး သူ့ကို အဝတ်နှင့်ဖုံးထားလိုက်၏။ 13ထိုသို့ အာမသကို လမ်းမမှရွှေ့လိုက်ပြီးမှ လူအပေါင်းတို့သည် ဗိခရိ၏သား ရှေဘကိုဆက်လိုက်ရန် ယွာဘနောက်သို့ လိုက်သွားကြလေ၏။
14ရှေဘသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ရှိရာသို့သွား၏။ အာဗေလမြို့၊ ဗက်မာခမြို့နှင့် ဗေရိမြို့သားအပေါင်းတို့ထံသို့လည်း ရောက်၏။ ထိုသူတို့သည် စုရုံးကြပြီး ရှေဘနောက်သို့လိုက်ကြ၏။ 15ယွာဘနှင့်သူ၏အပေါင်းပါတို့သည် လာ၍ ရှေဘတည်းခိုနေသောအာဗေလဗက်မာခါမြို့ကိုဝိုင်းထားကြ၏။ ထို့နောက် မြို့တံတိုင်းအပြင်ဘက်တွင် မြေကတုတ်ဖို့၍ မြို့ရိုးကို ဖြိုချဖျက်ဆီးကြ၏။ 16ထိုအခါ အမြော်အမြင်ရှိသောမိန်းမတစ်ဦးက မြို့ထဲမှနေ၍ “နားထောင်ကြ၊ နားထောင်ကြ။ ယွာဘအား ‘သင်နှင့်စကားပြောနိုင်ဖို့ ဤနေရာသို့ လာပါ’ဟူ၍ ပြောလော့”ဟု ဟစ်အော်၏။
17သူ့အနီးသို့ ယွာဘရောက်လာသောအခါ ထိုမိန်းမက “သင်ကား ယွာဘလော”ဟု မေးလျှင် ယွာဘက “ဟုတ်ပါ၏”ဟု ဆို၏။ ထိုအခါ သူက “အရှင့်ကျွန်မ၏စကားကို နားထောင်ပါ”ဟုဆိုလျှင် ယွာဘက “နားထောင်နေပါ၏”ဟု ပြန်ပြော၏။
18ထိုမိန်းမက “ရှေးယခင်ကပင် ‘အမှုကိစ္စပြီးလိုလျှင် အာဗေလမြို့တွင် သွားမေးကြ’ဟု ဆိုလေ့ရှိကြပါ၏။ 19အကျွန်ုပ်သည် ငြိမ်းချမ်းစွာနေလိုသော၊ သစ္စာရှိသောအစ္စရေးလူမျိုးတစ်ဦး ဖြစ်ပါ၏။ အရှင်သည် အစ္စရေးလူမျိုးတို့၏မိခင်မြို့ကို အဘယ်ကြောင့်ဖျက်ဆီးရန်ကြိုးစားနေသနည်း။ အဘယ်ကြောင့် ထာဝရဘုရား၏အမွေတော်ကို ဝါးမျိုလိုသနည်း”ဟု ဆို၏။
20ယွာဘကလည်း သူ့အား “ဝါးမျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ဝေးပါစေသော။ 21အမှုကား ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်ပေါ်ဒေသမှ ဗိခရိ၏သား ရှေဘအမည်ရှိသူသည် ဒါဝိဒ်မင်းကြီးကို ဆန့်ကျင်ပုန်ကန်ပြီ။ သူ့ကိုသာ အပ်ပါ။ ထိုသို့ပြုလျှင် ဤမြို့မှ ငါထွက်ခွာမည်”ဟု ပြန်ပြောသောအခါ ထိုအမျိုးသမီးက ယွာဘအား “စောင့်ကြည့်ပါ။ သူ၏ဦးခေါင်းကို မြို့ရိုးမှတစ်ဆင့် သင့်ထံ ပစ်ချပေးမည်”ဟု ဆို၏။ 22ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
23ယွာဘကား အစ္စရေးစစ်သည်အားလုံးကို အုပ်ချုပ်ရသူ၊ ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ 24အဒေါရံကား ချွေးတပ်အုပ်၊ အဟိလုဒ်၏သားယောရှဖတ်ကား အတွင်းဝန်၊ 25ရှေဝကား စာရေးတော်ကြီး၊ ဇာဒုတ်နှင့်အဗျာသာကား ယဇ်ပုရောဟိတ်၊ 26ယာဣရလူမျိုးဣရကား ဒါဝိဒ်မင်းကြီး၏ယဇ်ပုရောဟိတ် စသည်ဖြင့် နေရာကျကြ၏။
Currently Selected:
ဓမ္မရာဇဝင်ဒုတိယစောင် 20: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative