YouVersion Logo
Search Icon

ဓမ္မရာဇဝင်ဒုတိယစောင် 12

12
နာသန်၏ပုံဥပမာနှင့် ဒါဝိဒ်မင်းကြီး၏နောင်တ
1ထို့ကြောင့် ထာဝရဘုရား​သည် နာသန်​ကို ဒါဝိဒ်​မင်းကြီး​ထံ​စေလွှတ်​၏​။ နာသန်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​ရောက်​လျှင် “​မြို့​တစ်​မြို့​တွင် လူ​နှစ်​ဦး​ရှိ​၏​။ တစ်​ဦး​မှာ ချမ်းသာ​၍ တစ်​ဦး​မှာ ဆင်းရဲ​၏​။ 2ချမ်းသာ​သော​သူ​၌ သိုးအုပ်​၊ နွားအုပ် အများအပြား​ရှိ​၏​။ 3ဆင်းရဲ​သော​သူ​၌​မူကား သူ​ဝယ်ယူ​ထား​သော သိုးသငယ်မလေး​တစ်​ကောင်​မှလွဲ၍ မည်သည့်​အရာ​မျှ​မ​ရှိ​။ သူ​သည် ထို​သိုးသငယ်မလေး​ကို ကျွေးမွေးပြုစု​ခဲ့​၏​။ သူ​နှင့်အတူ​နေ​၍ သူ့​သားသမီး​နှင့်အတူ​ကြီးပြင်း​လာ​၏​။ သူ​နှင့်အတူ စား​၏​။ သူ့​ခွက်​တွင်ပင် သောက်​၏​။ သူ့​သမီး​ကဲ့သို့ သူ့​ရင်ခွင်​တွင် အိပ်​၏​။ 4တစ်နေ့တွင် ချမ်းသာ​သော​သူ​ထံသို့ ခရီးသွား​ဧည့်သည်​တစ်​ဦး​ရောက်လာ​၏​။ သူ့​ထံ​ရောက်လာ​သော​ဧည့်သည်​ကို သူ​၏​သိုးအုပ်​၊ နွားအုပ်​ထဲမှ သိုးနွား​ကို​ယူ​၍ ချက်ကျွေး​ရ​မည်​ကို နှမြော​သဖြင့် ဆင်းရဲ​သော​သူ​၏​သိုးသငယ်မလေး​ကို ယူ​ပြီးလျှင် သူ့​ထံ​ရောက်လာ​သော​ဧည့်သည်​ကို ချက်ကျွေး​၏​”​ဟု ပြောပြ​လေ​၏​။
5ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ချမ်းသာ​သော​သူ​ကို အလွန်​အမျက်ထွက်​ပြီး နာသန်​အား “​ထာဝရဘုရား အသက်ရှင်​သည်​နှင့်အညီ ထိုသို့​ပြု​သော​သူ​သည် အမှန်ပင် သေ​ရ​မည်​။ 6ဤသို့​သနားညှာတာစိတ်​ကင်းမဲ့​စွာ​ပြု​သော​သူ​သည် သိုးသငယ်မလေး​အတွက် လေးဆ​ပြန်လျှော်​ရ​မည်​”​ဟု မိန့်ဆို​၏​။
7ထိုအခါ နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထို​သူ​သည် အရှင်မင်းကြီး​ပင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​သည် သင့်​ကို ရှောလု​မင်းကြီး​လက်​မှ ကယ်နုတ်​ပြီး အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ခဲ့​၏​။ 8သင့်​သခင်​၏​နန်းတော်​၊ သင့်​သခင်​၏​မိဖုရား​တို့​ကို သင့်​ရင်ခွင်​၌ ပေးအပ်​ခဲ့​ပြီ​။ အစ္စရေး​အမျိုးအနွယ်​နှင့် ယုဒ​အမျိုးအနွယ်​တို့​ကို​လည်း သင့်​ကို ပေးအပ်​ထား​ပြီ​။ ထိုသို့​ပေးအပ်​သည်​ကို​ပင် နည်း​သေး​သည်​ဟု သင်​ထင်​လျှင် ဤမျှ​၊ ထိုမျှမက သင့်​ကို ထပ်၍​ပေး​နိုင်​သေး​၏​။ 9ယခုမှာ သင်​သည် အဘယ်ကြောင့် ထာဝရဘုရား​၏​စကား​တော်​ကို မထီမဲ့မြင်ပြု​ပြီး မျက်မှောက်​တော်​၌ မကောင်းမှု​ကို ပြု​ရ​သနည်း​။ သင်​သည် ဟိတ္တိ​လူမျိုး ဥရိယ​ကို ဓား​နှင့်​သတ်​ပြီး သူ့​မယား​ကို သင့်​မိဖုရား​အဖြစ် သိမ်းယူ​ပြီ​။ သင်​သည် သူ့​ကို အမ္မုန်​အမျိုးသား​တို့​၏​ဓား​ဖြင့် သတ်​လေ​ပြီ​တကား​။ 10သင်​သည် ငါ့​ကို မထီမဲ့မြင်ပြု​ပြီး ဟိတ္တိ​လူမျိုး ဥရိယ​၏​မယား​ကို သင့်​မိဖုရား​အဖြစ် သိမ်းယူ​သောကြောင့် သင့်​အမျိုးအနွယ်​သည် ဓားဘေး​နှင့် အမြဲတစေ​ကြုံ​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။
11ထာဝရဘုရား​က ‘​ငါ​သည် သင့်​ကို ဘေးအန္တရာယ်​ပေး​မည့်​သူ​အား သင့်​မိသားစု​ထဲက ပေါ်ထွက်​စေ​မည်​။ သင့်​မျက်စိ​ရှေ့​တွင်​ပင် သင့်​မိဖုရား​တို့​ကို ယူ​ပြီး သင့်​အိမ်နီးချင်း​အား ပေး​မည်​။ သူ​သည် နေ့အချိန်​တွင်ပင် သင့်​မိဖုရား​တို့​နှင့်အတူ အိပ်​လိမ့်မည်​။ 12စင်စစ် သင်​သည် ဆိတ်ကွယ်​ရာ​၌ ဤ​အမှု​ကို ပြု​ခဲ့​၏​။ ဤ​အမှု​ကို အစ္စရေး​တစ်မျိုးလုံး​ရှေ့​၊ နေ့အချိန်​တွင်ပင် ငါ​ဖော်ပြ​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။
13ထိုအခါ ဒါဝိဒ်​မင်းကြီး​က နာသန်​အား “​ထာဝရဘုရား​ကို ငါ​ပြစ်မှား​မိ​ပါ​ပြီ​”​ဟု ဆို​လျှင် နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထာဝရဘုရား​သည် မင်းကြီး​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပြီ​ဖြစ်၍ မင်းကြီး မ​သေ​ရ​ပါ​။ 14သို့သော် အရှင်မင်းကြီး​သည် ဤ​အမှု​အားဖြင့် စင်စစ် ထာဝရဘုရား​၏​ရန်သူ​တို့ မထီလေးစားပြုစရာ ဖြစ်​စေ​လေ​ပြီ​။ ထို့ကြောင့် ယခု​မွေးဖွား​မည့် မင်းကြီး​၏​သား​တော်​သည် မုချ​သေ​ရ​လိမ့်မည်​”​ဟု ဆို​ပြီးလျှင် 15နာသန်​သည် မိမိ​အိမ်​သို့ ပြန်သွား​၏​။
ဗာသရှေဘ၏သား သေဆုံးခြင်း
ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​အဖို့ ဥရိယ​မယား​မွေး​သော​သား​ကို ဒဏ်ခတ်​တော်မူ​သဖြင့် ထို​သား​သည် နာမကျန်း​ဖြစ်​လေ​၏​။ 16ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​သည် သူငယ်​အတွက် ဘုရားသခင်​ထံ တောင်းပန်​၏​။ ဒါဝိဒ်​မင်းကြီး​သည် အစာရှောင်​လျက် တစ်ညလုံး​မြေပြင်​ပေါ်တွင် သွား​၍​လှဲ​နေ​၏​။ 17နန်းတွင်း​သက်ကြီးဝါကြီး​တို့​သည် သူ့​အနား​တွင်​လာရပ်​၍ သူ့​ကို မြေပြင်​မှ​ထူမ​ပေး​လို​သော်လည်း ဒါဝိဒ်​မင်းကြီး​ကား အလို​မ​ရှိ​။ သူ​တို့​နှင့်​လည်း အစာ​မ​စား​ဘဲ နေ​၏​။
18ခုနစ်​ရက်​မြောက်​သော​နေ့​တွင် သူငယ်​သေဆုံး​သွား​၏​။ ဒါဝိဒ်​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း “သူငယ်​အသက်ရှင်​စဉ်ကပင် ငါ​တို့​ပြော​သော​စကား​ကို သူ​နား​မ​ထောင်​လို​။ ယခု သူငယ်​သေ​ပါ​ပြီ​ဟု သူ့​အား​မည်သို့​ပြောထွက်​မည်နည်း​။ သူ​သိ​လျှင် ဆိုးဝါး​သော​အမှု​ပြု​မည်​ကို စိုး​ရ​ပါ​သည်​”​ဟု ဆို​လျက် သူငယ်​သေဆုံး​သွား​ကြောင်း​ကို ဒါဝိဒ်​မင်းကြီး​အား ပြောပြ​ရန် စိုးရွံ့​နေ​ကြ​၏​။
19မိမိ​အမှုထမ်း​တို့ တီးတိုးပြောဆို​နေ​ကြ​သည်​ကို ဒါဝိဒ်​မင်းကြီး​မြင်​လျှင် သူငယ်​သေဆုံး​ကြောင်း​ကို ရိပ်မိ​သဖြင့် ဒါဝိဒ်​မင်းကြီး​က အမှုထမ်း​တို့​အား “​သူငယ်​ဆုံး​သွား​ပြီ​လော​”​ဟု မေးလိုက်​ရာ သူ​တို့​က “​သူငယ်​ဆုံး​သွား​ပါ​ပြီ​”​ဟု ပြန်လျှောက်​ကြ​၏​။
20ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် မြေ​မှ​ထ​၍ ရေချိုး​ဆီလိမ်း အဝတ်အစား​လဲ​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ဝတ်ပြုကိုးကွယ်​လေ​၏​။ ထို့နောက် နန်းတော်​သို့​ပြန်လာ​၍ အစားအစာ​ပြင်ဆင်​ခိုင်း​ပြီး စားတော်ခေါ်​လေ​၏​။
21ထိုအခါ သူ​၏​အမှုထမ်း​တို့​က သူ့​အား “​မင်းကြီး​သည် သူငယ်​အသက်ရှင်​သေး​စဉ်က အစာရှောင်​လျက်​၊ ငိုကြွေး​လျက်​နေ​၏​။ သူငယ်​ဆုံး​သွား​သောအခါ​မူကား ထ​၍​စားသောက်​၏​။ မင်းကြီး ဤသို့ ပြု​သည်​မှာ အဘယ်​အကြောင်း​ကြောင့်​နည်း​”​ဟု မေးလျှောက်​ကြ​၏​။
22ဒါဝိဒ်​မင်းကြီး​က “​သူငယ်​အသက်ရှင်​သေး​စဉ်က အစာရှောင်​ငိုကြွေး​သည်​မှာ ‘​ထာဝရဘုရား​သည် ငါ့​ကို သနား​သော​အားဖြင့် သူငယ်​ကို အသက်ရှင်​ခွင့်​ပေး​မည် မ​ပေး​မည်​ကို မည်သူ​သိ​နိုင်​မည်နည်း​’​ဟု ငါ​တွေးမိ​သဖြင့် ဤသို့​ပြု​ခြင်း ဖြစ်​၏​။ 23သို့သော် ယခုမှာ သူငယ် သေ​ပြီ​ဖြစ်၍ ငါ အဘယ်ကြောင့် အစာရှောင်​ရ​တော့​မည်နည်း​။ သူ့​ကို ငါ​ပြန်ခေါ်လာ​နိုင်​သလော​။ သူ​ရှိ​ရာ​သို့ ငါ​သွား​ရ​မည်​။ ငါ့​ဆီ သူ​ပြန်လာ​နိုင်​တော့​မည်​မ​ဟုတ်​”​ဟု မိန့်ဆို​၏​။
ရှောလမုန်မွေးဖွားခြင်း
24ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မိဖုရား​ဗာသရှေဘ​အား နှစ်သိမ့်​ပေး​၍ သူ့​ထံသို့​ဝင်​ပြီး သူ​နှင့်​အိပ်​လေ​၏​။ သူ​သည်​လည်း သား​ကို မွေးဖွား​ပြီး ရှောလမုန် ဟု​အမည်​မှည့်ခေါ်​၏​။ ထာဝရဘုရား​သည် ရှောလမုန်​ကို ချစ်​တော်မူ​၏​။ 25ထို့ကြောင့် ပရောဖက်​နာသန်​ကို စေလွှတ်​တော်မူ​၍ ထာဝရဘုရား​ကို အစွဲပြု​ပြီး သူ့​ကို ယေဒိဒိ ဟု​အမည်​မှည့်ခေါ်​စေ​၏​။
ရဗ္ဗာမြို့ကို သိမ်းပိုက်ခြင်း
26ထို​ကာလ​တွင် ယွာဘ​သည် အမ္မုန်​အမျိုးသား​တို့​၏​ရဗ္ဗာ​မြို့​ကို တိုက်ခိုက်​၍ နန်း​မြို့​တော်​ကို​သိမ်းယူ​ပြီးလျှင် 27ဒါဝိဒ်​မင်းကြီး​ထံသို့ တမန်​ကို စေလွှတ်​၍ “​အကျွန်ုပ်​သည် ရဗ္ဗာ​မြို့​ကို တိုက်ခိုက်​၍ ရေသိုလှောင်​ရာ​မြို့​ကို​လည်း သိမ်းယူ​ထား​ပါ​ပြီ​။ 28ယခု ကျန်ရှိ​သော​စစ်သည်​များ​ကို​စု​၍ မြို့​အနီး​၌​တပ်ချ​ပြီး မြို့​ကို​သိမ်းပိုက်​ပါ​။ ထိုသို့​မ​ပြု​လျှင် အကျွန်ုပ်​သည် မြို့​ကို​သိမ်းပိုက်​ပြီး ထို​မြို့​ကို အကျွန်ုပ်​နာမည်​ဖြင့် ခေါ်ဝေါ်​ကြ​ပါ​လိမ့်မည်​”​ဟု လျှောက်​စေ​၏​။ 29ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​သည် စစ်သည်​အားလုံး​ကို စု​ပြီး ရဗ္ဗာ​မြို့​သို့ ချီတက်​၍ တိုက်ခိုက်​သိမ်းပိုက်​လေ​၏​။ 30ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သူ​တို့​ဘုရင်​၏​ဦးခေါင်း​မှ အဖိုးတန်​ကျောက်​များ​နှင့်တကွ ရွှေ​တစ်တာလန်#12:30 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။​အလေးချိန်​ရှိ​သော​သရဖူ​ကို ယူ​လေ​၏​။ ထို​သရဖူ​ကို ဒါဝိဒ်​မင်းကြီး​၏​ဦးခေါင်း​တွင် ဆောင်းပေး​ကြ​၏​။ ထို​မြို့​မှ​တိုက်ရာပါပစ္စည်း​အမြောက်အမြား​ကို​လည်း သိမ်းယူ​ရရှိ​လေ​၏​။ 31မြို့သား​တို့​ကို​လည်း​ခေါ်ဆောင်​သွား​ပြီး လွှ​တိုက်​၊ သံ​ထွန်​၊ သံ​ပုဆိန်​ပေါက်​အလုပ်​၊ အုတ်ဖုတ်​ရ​သော​အလုပ်​တို့​ကို လုပ်​စေ​၏​။ အမ္မုန်​အမျိုးသား​တို့​၏​မြို့ရွာ​တိုင်း​၌ ထိုသို့​ပြု​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​နှင့်​စစ်သည်​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ဒုတိယစောင် 12