YouVersion Logo
Search Icon

ဓမ္မရာဇဝင်ဒုတိယစောင် 11

11
ဒါဝိဒ်မင်းကြီးက ဗာသရှေဘနှင့်အိမ်ထောင်ရေးဖောက်ပြန်ခြင်း
1ထို​နှစ် နွေဦးရာသီ​၊ ရှင်ဘုရင်​တို့ စစ်ထွက်တိုက်​ချိန်​ရောက်​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​နှင့်​တပ်မှူး​များ​အပါအဝင် အစ္စရေး​စစ်သည်​အပေါင်း​တို့​ကို စစ်ထွက်တိုက်​စေ​၏​။ သူ​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ဖျက်ဆီး​ပြီး ရဗ္ဗာ​မြို့​ကို​လည်း ဝိုင်းထား​လိုက်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​မူကား ဂျေရုဆလင်​မြို့​၌ နေရစ်​ခဲ့​၏​။
2တစ်ညနေ​တွင် ဒါဝိဒ်​မင်းကြီး​သည် အိပ်ရာ​မှ​ထလာ​ပြီး ဘုရင့်​နန်းတော်​ခေါင်မိုးပြင်​သို့​တက်​၍ စင်္ကြံလျှောက်​နေစဉ် အလွန်​အဆင်းလှ​သော​မိန်းမ​တစ်ဦး ရေချိုး​နေ​သည်​ကို ထို​ခေါင်မိုးပြင်​မှ လှမ်းမြင်​ရ​၏​။ 3ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် လူ​လွှတ်​၍ ထို​မိန်းမ​အကြောင်း​ကို မေးမြန်း​စေ​ရာ “​သူ​သည် ဧလျံ​၏​သမီး​၊ ဟိတ္တိ​လူမျိုး ဥရိယ​၏​မယား ဗာသရှေဘ ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။
4ဒါဝိဒ်​မင်းကြီး​သည် တမန်​တို့​ကို​စေလွှတ်​၍ ခေါ်​စေ​သဖြင့် ထို​မိန်းမ​ရောက်လာ​လျှင် ဒါဝိဒ်​မင်းကြီး​သည် သူ​နှင့်​အိပ်​လေ​၏​။ (ဗာသရှေဘ​သည် မစင်ကြယ်​ခြင်း​မှ သန့်စင်​ပြီး​ချိန်​ဖြစ်​၏​။) ထို့နောက် သူ​သည် အိမ်​သို့ ပြန်သွား​၏​။ 5ထို​မိန်းမ​သည် ကိုယ်ဝန်ရ​လာ​သဖြင့် ဒါဝိဒ်​မင်းကြီး​ထံသို့ လူ​လွှတ်​၍ “​အကျွန်ုပ်​၌ ကိုယ်ဝန်ရှိ​နေ​ပြီ​”​ဟု လျှောက်​စေ​၏​။
6ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​ထံသို့ လူ​လွှတ်​၍ “​ဟိတ္တိ​လူမျိုး ဥရိယ​ကို ငါ့​ထံ လွှတ်လိုက်​ပါ​”​ဟု ဆို​သဖြင့် ယွာဘ​သည် ဥရိယ​ကို ဒါဝိဒ်​မင်းကြီး​ထံ လွှတ်လိုက်​လေ​၏​။ 7ဥရိယ​ရောက်လာ​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​နှင့် စစ်သည်​တို့​၏​အခြေအနေ​၊ စစ်ပွဲ​အခြေအနေ တို့​ကို မေးမြန်း​၏​။ 8ထို့နောက် ဒါဝိဒ်​မင်းကြီး​က ဥရိယ​အား “​သင့်​အိမ်​သို့​ပြန်သွား​ပြီး ခြေ​ဆေး​ပါ​”​ဟု မိန့်ဆို​သဖြင့် ဥရိယ​လည်း ဘုရင့်​နန်းတော်​မှ​ထွက်သွား​၏​။ ရှင်ဘုရင်​က သူ့​အဖို့ စားကောင်းသောက်ဖွယ်​များ​လည်း ပေးလိုက်​သေး​၏​။ 9သို့သော် ဥရိယ​သည် အိမ်​မ​ပြန်​ဘဲ မိမိ​သခင်​၏​အမှုထမ်း​အပေါင်း​တို့​နှင့်အတူ ဘုရင့်​နန်းတော်​တံခါးဝ​တွင် အိပ်​လေ​၏​။
10“​ဥရိယ​သည် သူ့​အိမ်​သို့​မ​ပြန်​ပါ​”​ဟူသော​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ကြားသိ​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဥရိယ​အား “​သင်​သည် ခရီးဝေး​က​ပြန်လာ​ရ​သည်​မ​ဟုတ်​လော​။ အဘယ်ကြောင့် သင့်​အိမ်​သို့​မ​ပြန်​သနည်း​”​ဟု မေး​၏​။
11ထိုအခါ ဥရိယ​က ဒါဝိဒ်​မင်းကြီး​အား “​သေတ္တာ​တော်​နှင့်တကွ အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​သည် တဲ​များ​၌​သာ နေ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​သခင် ယွာဘ​နှင့် အကျွန်ုပ်​သခင်​၏​စစ်သည်​တို့​သည်​လည်း ကွင်းပြင်​၌​သာ စခန်းချ​ကြ​ပါ​၏​။ အကျွန်ုပ်​မူကား အိမ်​သို့​ပြန်​ပြီး စား​သောက်​လျက်​၊ မယား​နှင့်​အိပ်​လျက် နေ​သင့်​ပါ​သလော​။ မင်းကြီး​အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ် ထိုသို့​မ​ပြု​သင့်​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။
12ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဥရိယ​အား “​ယနေ့ သည်မှာ​နေ​ပါ​။ မနက်ဖြန်​မှ သင့်​ကို ပြန်လွှတ်​မည်​”​ဟု ဆို​သဖြင့် ဥရိယ​သည် နောက်တစ်နေ့​အထိ ဂျေရုဆလင်​မြို့​တွင် နေ​၏​။ 13နောက်မှ ဒါဝိဒ်​မင်းကြီး​သည် သူ့​ကို စား​သောက်​ပွဲ​သို့ ဖိတ်​ပြီး မူး​အောင် သောက်​စေ​၏​။ သို့သော် နေဝင်ချိန်​တွင် သူ​သည် အိမ်​သို့​မ​ပြန်​ဘဲ သူ့​သခင်​၏​အစေအပါး​များ​နှင့်အတူ သွား​အိပ်​လေ​၏​။
ဥရိယသေဆုံးအောင်ကြံစည်ခြင်း
14နံနက်​ရောက်​လျှင် ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​ထံသို့ စာ​တစ်​စောင်​ရေး​ပြီး ဥရိယ​နှင့် ပို့​လိုက်​၏​။ 15ထို​စာ​၌ “​တိုက်ပွဲ​ပြင်းထန်​သော​နေရာ​တွင် ဥရိယ​ကို ရှေ့တန်း​တက်​စေ​ပြီး သင်​တို့​က နောက်ပြန်ဆုတ်​ပါ​။ သူ​အတိုက်ခိုက်​ခံရ​ပြီး သေ​ပါစေ​”​ဟု ရေးထား​၏​။ 16ထို့ကြောင့် ယွာဘ​သည် မြို့​ကို​သေချာ​စောင့်ကြည့်​ထား​၍ ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သည်​တို့ ရှိ​သည့်​နေရာ​ကို သိ​လျှင် ဥရိယ​ကို ထို​နေရာ​တွင် ချထား​၏​။ 17မြို့​ထဲမှ​စစ်သည်​တို့ ထွက်လာ​ပြီး ယွာဘ​နှင့် တိုက်ခိုက်​သောအခါ ဒါဝိဒ်​မင်းကြီး​၏​စစ်မှုထမ်း​ထဲမှ စစ်သည်​အချို့ ကျဆုံး​ကြ​၏​။ ဟိတ္တိ​လူမျိုး ဥရိယ​လည်း ကျဆုံး​လေ​၏​။
18ယွာဘ​သည် စစ်ပွဲ​သတင်း​အလုံးစုံ​ကို ဒါဝိဒ်​မင်းကြီး​ထံ လူ​လွှတ်​၍ ကြားပြော​စေ​၏​။ 19ယွာဘ​က စေတမန်​အား “​သင်​သည် စစ်ပွဲ​သတင်း​များ​ကို ရှင်ဘုရင်​အား အလုံးစုံ​ပြောကြား​ပြီးနောက် 20အကယ်၍ ရှင်ဘုရင်​အမျက်ထွက်​ပြီး သင့်​အား ‘​သင်​တို့ အဘယ်ကြောင့် မြို့​နား​ကပ်​ပြီး တိုက်ခိုက်​ကြ​သနည်း​။ မြို့ရိုး​ပေါ်​မှ​နေ​၍ သူ​တို့​ပစ်ခတ်​နိုင်​သည်​ကို မ​သိ​ကြ​သလော​။ 21ယေရုဗေရှက်​၏​သား အဘိမလက်​ကို မည်သူ​သတ်​သနည်း​။ သေဗက်​မြို့​တွင် မိန်းမ​တစ်​ယောက်​မြို့ရိုး​ပေါ်​မှ​နေ​၍​ကြိတ်ဆုံ​ကျောက်​ကို ပစ်ချ​သဖြင့် သူ​သေ​ခဲ့​သည်​မ​ဟုတ်​လော​။ သင်​တို့ အဘယ်ကြောင့် မြို့ရိုး​နား​သို့ ကပ်သွား​ရ​သနည်း​’​ဟု ဆို​လျှင် ‘​အရှင့်​အစေအပါး ဟိတ္တိ​လူမျိုး ဥရိယ​လည်း ကျဆုံး​ပြီ​’​ဟူ၍ လျှောက်တင်​လော့​”​ဟု ညွှန်ကြား​လိုက်​၏​။ 22တမန်​သည်​လည်း ထွက်လာ​၍ ဒါဝိဒ်​မင်းကြီး​ထံသို့​ရောက်​သောအခါ ယွာဘ​မှာလိုက်​သမျှ​အတိုင်း ကြားလျှောက်​လေ​၏​။ 23တမန်​က ဒါဝိဒ်​မင်းကြီး​အား “​ထို​မြို့သား​တို့​သည် အကျွန်ုပ်​တို့​ထက် ခွန်အားကြီး​ကြ​၏​။ မြို့ပြင်​အထိ အကျွန်ုပ်​တို့​ကို ထွက်တိုက်​ကြ​၏​။ သို့သော် အကျွန်ုပ်​တို့​လည်း သူ​တို့​ကို မြို့​တံခါးဝ​အထိ ပြန်တိုက်​ပါ​၏​။ 24လေးသည်တော်​တို့​သည် မြို့ရိုး​ပေါ်​မှ​နေ​၍ ကျွန်တော်မျိုး​တို့​ကို လေး​နှင့်​ပစ်​ကြ​ရာ ရှင်ဘုရင်​၏​လူ​အချို့ ကျဆုံး​ကြ​ပါ​၏​။ အရှင့်​အမှုထမ်း ဟိတ္တိ​လူမျိုး ဥရိယ​လည်း ကျဆုံး​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။
25ထိုအခါ ဒါဝိဒ်​မင်းကြီး​က တမန်​အား “​သင်​သည် ယွာဘ​အား ‘​ဤ​အမှု​ကား ဆိုး​လှ​သည်​ဟု သင်​မ​မြင်​နှင့်​။ ဓား​သည် တစ်ယောက်​မ​ဟုတ်​တစ်ယောက် ဝါးမျို​တတ်​၏​။ မြို့​ကို​သာ ဖိတိုက်​ပြီး ဖျက်ဆီး​ပစ်​ပါ​’​ဟု ပြန်ပြော​လော့​။ သူ့​ကို​လည်း အားပေး​လော့​”​ဟု ဆို​၏​။
26ဥရိယ​၏​မယား​သည် သူ​၏​ခင်ပွန်း​ဥရိယ​ကျဆုံး​ကြောင်း ကြားသိ​သောအခါ ခင်ပွန်း​အတွက် ငိုကြွေးမြည်တမ်း​လေ​၏​။ 27ငိုကြွေးမြည်တမ်း​ချိန်​လွန်​သောအခါ ဒါဝိဒ်​မင်းကြီး​သည် လူ​လွှတ်​၍ သူ့​ကို နန်းတော်​သို့ ခေါ်လာ​စေ​၏​။ သူ​သည် မိဖုရား​ဖြစ်လာ​ပြီး သား​ကို​မွေးဖွား​၏​။ သို့သော် ဤသို့ ဒါဝိဒ်​မင်းကြီး​ပြု​သော​အမှု​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဆိုးညစ်​သော​အမှု​ဖြစ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ဒုတိယစောင် 11