YouVersion Logo
Search Icon

ဓမ္မရာဇဝင်စတုတ္ထစောင် 9

9
ယေဟုအား အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးခြင်း
1ထိုအခါ ပရောဖက်​ဧလိရှဲ​သည် ပရောဖက်​အဖွဲ့သား​ထဲမှ တစ်​ပါး​ကို ခေါ်​၍ “​သင်​၏​ခါး​ကို​စည်း​လော့​။ ဆီ​ဘူး​ကို​ယူ​ပြီးလျှင် ရာမုတ်ဂိလဒ်​မြို့​သို့ သွား​လော့​။ 2ထို​မြို့​သို့​ရောက်​လျှင် နိမ်ရှိ​၏​မြေး​၊ ယောရှဖတ်​၏​သား​ယေဟု​ကို ရှာ​လော့​။ သူ့​ထံ​သွား​၍ သူ့​ကို​ညီအစ်ကို​တို့​ထဲမှ​ခေါ်ထုတ်​ပြီး အတွင်းခန်း​ထဲသို့​ခေါ်သွား​လော့​။ 3ထို့နောက် ဆီ​ဘူး​ထဲမှ​ဆီ​ကို သူ့​ခေါင်း​ပေါ်​သွန်းလောင်း​ပြီး သူ့​အား ‘​ထာဝရဘုရား​က “​ငါ​သည် သင့်​ကို အစ္စရေး​ဘုရင်​အဖြစ် ဘိသိက်ပေး​ပြီ​”​ဟု မိန့်​တော်မူ​ပြီ​’​ဟူ၍ ဆင့်ဆို​ပြီးလျှင် တံခါး​ကို​ဖွင့်​၍ မ​ဆိုင်း​မ​လင့်​ဘဲ ပြေး​လော့​”​ဟု မှာလိုက်​၏​။ 4သို့ဖြစ်၍ ပရောဖက်​လုလင်ပျို​သည် ရာမုတ်ဂိလဒ်​မြို့​သို့ သွား​လေ​၏​။
5သူ​ရောက်လာ​သောအခါ တပ်မှူးကြီး​တို့ ထိုင်​နေ​ကြ​သည်​ကို တွေ့​ရ​၏​။ ထိုအခါ သူ​က “​တပ်မှူးကြီး​၊ သင့်​အဖို့ သတင်းစကား​ပါ​၏”​ဟု ဆို​လျှင် ယေဟု​က “​အားလုံး​ထဲမှ မည်သူ့​ကို ဆိုလို​သနည်း​”​ဟု မေး​၏​။ ထိုအခါ လုလင်ပျို​ပရောဖက်​က “​တပ်မှူးကြီး​၊ သင့်​ကို ဆိုလို​ပါ​၏”​ဟု ပြန်ပြော​၏​။
6ထိုအခါ ယေဟု​သည် ထ​၍​အိမ်​ထဲသို့​ဝင်သွား​၏​။ ပရောဖက်​လုလင်ပျို​သည် ဆီ​ကို သူ့​ခေါင်း​ပေါ်​သွန်းလောင်း​ပြီး “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​အား ‘​ငါ​သည် သင့်​ကို ထာဝရဘုရား​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​တော်မူ​ပြီ​။ 7ယေဇဗေလ​လက်​ဖြင့် သေဆုံး​ခဲ့​ရ​သော ငါ့​အစေအပါး​ပရောဖက်​များ​၊ ထာဝရဘုရား​၏​အစေအပါး​များ အားလုံး​တို့​အတွက် ငါ​လက်တုံ့ပြန်​မည်​။ ထို့အတွက် သင်​သည် သင့်​သခင်​အာဟပ်​မင်းကြီး​၏​မင်းမျိုးမင်းနွယ်​တို့​ကို သုတ်သင်​ပစ်​ရ​မည်​။ 8အာဟပ်​မင်းမျိုးမင်းနွယ်​အားလုံး ပျက်စီး​သွား​ရ​လိမ့်မည်​။ အစ္စရေး​ပြည်​ရှိ အာဟပ်​မင်းကြီး​အမျိုး​ထဲမှ ကျွန်ပြု​ခံရ​သူ​နှင့် ကျွန်ပြု​မ​ခံ​ရ​သူ​ပါ​မကျန် ယောက်ျား​တို့​ကို ငါ​ပယ်ရှင်း​မည်​။ 9အာဟပ်​မင်းမျိုးမင်းနွယ်​ကို နေဗတ်​၏​သား​ယေရောဗောင်​မင်းမျိုးမင်းနွယ်​ကဲ့သို့​လည်းကောင်း​၊ အဟိယ​၏​သား​ဗာရှာ​မင်းမျိုးမင်းနွယ်​ကဲ့သို့​လည်းကောင်း ငါ​ဖြစ်​စေ​မည်​။ 10ယေဇဗေလ​ကို​မူကား ယေဇရေလ​မြေကွက်​တွင် ခွေး​တို့ စား​ကြ​လိမ့်မည်​။ သူ့​ကို​သင်္ဂြိုဟ်​မည့်​သူ ရှိ​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​ပြီး​သည်​နှင့် တံခါး​ကို​ဖွင့်​ပြီး ထွက်ပြေး​သွား​လေ​၏​။
11ယေဟု​သည် အခန်း​အပြင်ဘက်​ရှိ မိမိ​သခင်​၏​အမှုထမ်း​တို့​ထံ​ပြန်​ထွက်လာ​သောအခါ သူ​တို့​က “​အဆင်ပြေ​ပါ​၏​လော​။ ဤ​သူရူး​က သင့်​ထံ​အဘယ်ကြောင့် လာ​သနည်း​”​ဟု​မေး​သော် သူ​က “​ဤ​သူ​နှင့်​သူ​ပြော​တတ်​သည့်​စကား​ကို သင်​တို့ သိ​ပါ​၏”​ဟု​သာ ပြန်ဖြေ​၏​။
12သူ​တို့​က​လည်း “​မလိမ်ညာ​ပါ​နှင့်​။ ငါ​တို့​ကို ပြောပြ​ပါ​”​ဟု​ဆို​သဖြင့် ယေဟု​က “​ထို​သူ​သည် အကျွန်ုပ်​အား ထာဝရဘုရား​က ‘ငါ​သည် သင့်​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ပြီ’​ဟု မိန့်​တော်မူ​ကြောင်း ဤသို့​ဤ​ပုံ​ပြောဆို​ပါ​သည်​”​ဟု ပြန်ပြော​၏​။
13ထိုအခါ သူ​တို့​သည် မိမိ​တို့​အဝတ်​ကို​ချက်ချင်း​ယူ​၍ ယေဟု​ဆင်းလာ​မည့်​လှေကားထစ်​များ​တွင် ဖြန့်ခင်း​ပေး​၏​။ ထို့နောက် တံပိုး​ကို​မှုတ်​ပြီး “​ယေဟု​သည် ရှင်ဘုရင် ဖြစ်​တော်မူ​၏​”​ဟု ကြွေးကြော်​ကြ​၏​။
14ဤသို့ဖြင့် နိမ်ရှိ​၏​မြေး​၊ ယောရှဖတ်​၏​သား​ယေဟု​သည် ယောရံ​မင်းကြီး​ကို လုပ်ကြံ​ရန်​လျှို့ဝှက်ကြံစည်​လေ​၏​။ ထို​အချိန်​တွင် ယောရံ​မင်းကြီး​နှင့် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​၏​ရန်​ကြောင့် ရာမုတ်ဂိလဒ်​မြို့​ကို စောင့်ကြပ်​လျက်​နေ​၏​။ 15သို့သော် ယဟောရံ#9:15 သို့မဟုတ် “ယောရံ”။​မင်းကြီး​သည် ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​နှင့်​တိုက်ခိုက်​ရာ​မှ ဆီးရီးယား​စစ်သည်​တို့​လက်ချက်​ဖြင့် ဒဏ်ရာ​ရ​သွား​၍ ထို​ဒဏ်ရာ​ကို​ကုသ​ရန် ယေဇရေလ​မြို့​သို့ ပြန်သွား​နှင့်​ပြီ​။ ယေဟု​က​လည်း “​ဤ​အမှု​ကို သင်​တို့​သဘောတူ​လျှင် ယေဇရေလ​မြို့​သို့ သတင်း​မ​ပေါက်ကြား​သွား​စေ​ရန် ဤ​မြို့​ထဲမှ​မည်သူ့​ကို​မျှ မ​ထွက်သွား​စေ​နှင့်​”​ဟု သူ​တို့​အား ဆို​၏​။
ယောရံမင်းကြီးနှင့်အာခဇိမင်းကြီးအား ယေဟုသတ်ဖြတ်ခြင်း
16ထို့နောက် ယေဟု​သည် ယောရံ​မင်းကြီး နားနေရာ​ယေဇရေလ​မြို့​သို့ စစ်ရထား​စီး​၍​သွား​လေ​၏​။ ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​လည်း ယောရံ​မင်းကြီး​ကို ကြည့်ရှု​ရန် ရောက်​နေ​၏​။ 17ယေဇရေလ​မြို့​မျှော်စင်​ပေါ်တွင်​ရပ်​လျက် ကင်းစောင့်​နေ​သော​သူ​သည် ယေဟု​နှင့်​သူ့​လူအုပ်ကြီး လာ​နေ​သည်​ကို မြင်​လျှင် “​လူအုပ်ကြီး လာ​နေ​သည်​ကို အကျွန်ုပ် မြင်​ပါ​၏”​ဟု အော်ပြော​လေ​၏​။ ယဟောရံ#9:17 သို့မဟုတ် “ယောရံ”။​မင်းကြီး​က​လည်း “​မြင်းစီးသူရဲ​တစ်​ဦး​ကို လွှတ်​၍ သူ​တို့​နှင့်​သွားတွေ့​ပြီး ‘​ငြိမ်းချမ်း​ပါ​၏​လော​’​ဟူ၍ မေး​စေ​ပါ​”​ဟု အမိန့်ပေး​လိုက်​၏​။
18ထို့ကြောင့် မြင်းစီးသူရဲ​တစ်​ဦး​သည် ယေဟု​နှင့် သွား​တွေ့​ပြီး “​ရှင်ဘုရင်​က ‘​ငြိမ်းချမ်း​ပါ​၏​လော​’​ဟူ၍ မေး​တော်မူ​ပါ​သည်​”​ဟု ဆို​လျှင် ယေဟု​က “​ငြိမ်းချမ်း​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။ ငါ့​နောက်​သို့ လိုက်​ခဲ့​လော့​”​ဟု ပြန်ပြော​၏​။ ကင်းစောင့်​က​လည်း “​တမန်​သည် သူ​တို့​ထံ​ရောက်သွား​ပြီး ပြန်​မ​လာ​တော့​ပါ​”​ဟု သတင်းပို့​လာ​၏​။
19ထိုအခါ ရှင်ဘုရင်​သည် နောက်ထပ်​မြင်းစီးသူရဲ​တစ်​ဦး​ကို​စေလွှတ်​၍ သူ​တို့​ထံ​ရောက်​သောအခါ “​ရှင်ဘုရင်​က ‘​ငြိမ်းချမ်း​ပါ​၏​လော​’​ဟူ၍ မေး​တော်မူ​ပါ​သည်​”​ဟု​ဆို​လျှင် ယေဟု​က​လည်း “​ငြိမ်းချမ်း​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။ ငါ့​နောက်​သို့ လိုက်​ခဲ့​လော့​”​ဟု ပြန်ပြော​ပြန်​၏​။
20ကင်းစောင့်​က​လည်း “​တမန်​သည် သူ​တို့​ထံ​ရောက်သွား​ပြီး ပြန်​မ​လာ​တော့​ပါ​။ စစ်ရထား​မောင်းလာသူ​မှာ​လည်း နိမ်ရှိ​၏​သား​ယေဟု​ကဲ့သို့ တရကြမ်း​မောင်းနှင်​လာ​ပါ​သည်​”​ဟု သတင်းပို့​လာ​ပြန်​၏​။
21ထိုအခါ ယဟောရံ#9:21 သို့မဟုတ် “ယောရံ”။​မင်းကြီး​က “​အသင့်ပြင်​ကြ​လော့​”​ဟု အမိန့်ပေး​သဖြင့် သူ​၏​စစ်ရထား​ကို အသင့်ပြင်​ပေး​ကြ​၏​။ ထိုအခါ အစ္စရေး​ဘုရင်​ယဟောရံ#9:21 သို့မဟုတ် “ယောရံ”။​မင်းကြီး​နှင့် ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​တို့​သည် အသီးသီး​စစ်ရထား​စီး​၍ ယေဟု​နှင့် တွေ့ဆုံ​ရန် ထွက်သွား​ရာ ယေဇရေလ​မြို့သား​နာဗုတ်​၏​မြေကွက်​တွင် ဆုံ​ကြ​၏​။ 22ယဟောရံ#9:22 သို့မဟုတ် “ယောရံ”။​မင်းကြီး​သည် ယေဟု​နှင့်​တွေ့​လျှင် “​ယေဟု​၊ ငြိမ်းချမ်း​ပါ​၏​လော​”​ဟု​မေး​သော် ယေဟု​က “​မင်းကြီး​၏​မယ်တော်​ယေဇဗေလ​က ပြည့်တန်ဆာလုပ်​သော​အမှု​နှင့် မှော်အတတ်​များစွာ​ကို လိုက်စား​နေ​သရွေ့ မည်သို့​ငြိမ်းချမ်း​နိုင်​မည်နည်း​”​ဟု ပြန်ပြော​၏​။
23ထိုအခါ ယဟောရံ#9:23 သို့မဟုတ် “ယောရံ”။​မင်းကြီး​က “အို အာခဇိ​မင်းကြီး​၊ ငါ​တို့ သစ္စာဖောက်​ခံရ​ပြီ​”​ဟု အာခဇိ​မင်းကြီး​အား​အော်ဟစ်ရင်း မိမိ​ရထား​ကို ပြန်လှည့်​ပြီး​မောင်းပြေး​လေ​၏​။
24ထိုအခါ ယေဟု​က လေး​ကို​အားကုန်​တင်​ပြီး ယဟောရံ#9:24 သို့မဟုတ် “ယောရံ”။​မင်းကြီး​၏​လက်ပြင်​ကြား​ကို ပစ်​လိုက်​ရာ မြား​သည် သူ​၏​နှလုံး​ကို​ထုတ်ချင်းဖောက်​သွား​သဖြင့် သူ​သည် ရထား​ပေါ်၌​ပင် လဲကျ​သွား​လေ​၏​။ 25ယေဟု​က​လည်း မိမိ​တပ်မှူး​ဗိဒက​အား “​သူ့​ကို မ​၍ ယေဇရေလ​မြို့သား​နာဗုတ်​၏​မြေကွက်​တွင် ပစ်ချ​လော့​။ သင်​နှင့်​အကျွန်ုပ် သူ့​ခမည်းတော်​အာဟပ်​မင်းကြီး​နောက်မှ ရထား​လိုက်​စီး​စဉ်က သူ​နှင့်​ပတ်သက်၍ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​ဤ​ဗျာဒိတ်​စကား​ကို မှတ်မိ​သလော​။ 26‘အကယ်စင်စစ် နာဗုတ်​နှင့် သူ့​သား​တို့ အသတ်ခံ​ခဲ့​ရ​သည်​ကို မနေ့က ငါ​မြင်​ပြီ​။ ဤ​မြေကွက်​ပေါ်တွင်​ပင် သင့်​ကို ငါ​ပြန်​ပေးဆပ်​စေ​မည်​’​ဟု ထာဝရဘုရား ကြွေးကြော်​ထား​ပြီ​။ ထို့ကြောင့် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ့​ကို မ​၍ ဤ​မြေကွက်​တွင် ပစ်ချ​ပါ​”​ဟု ဆို​၏​။
27ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​သည် ထို​အဖြစ်အပျက်​ကို​မြင်​လျှင် ဗက်ဟဂ္ဂန်​လမ်း​အတိုင်း ထွက်ပြေး​၏​။ ယေဟု​က​လည်း သူ့​နောက်သို့​လိုက်​ကာ “​သူ့​ကို​လည်း ရထား​ပေါ်မှာ​ပဲ ပစ်သတ်​ပါ​”​ဟု အော်ပြော​၏​။ အာခဇိ​မင်းကြီး​အား ဣဗလံ​မြို့​အနီး ဂုရ​တောင်ကုန်း​ပေါ်တွင် လုပ်ကြံ​သော်လည်း သူ​သည် ထွက်ပြေး​၍ မေဂိဒ္ဒေါ​မြို့​သို့​ရောက်​မှ သေဆုံး​လေ​၏​။ 28သူ​၏​အမှုထမ်း​တို့​သည် သူ့​ကို ဂျေရုဆလင်​မြို့​သို့ ရထား​ဖြင့်​သယ်ဆောင်​သွား​ပြီး ဒါဝိဒ်​မြို့​ရှိ​သူ့​သင်္ချိုင်း​တွင် ဘိုးဘေး​တို့​နှင့်အတူ သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ 29အာဟပ်​မင်းကြီး​၏​သား​တော်​ယောရံ​မင်းကြီး နန်းစံ​တစ်ဆယ့်​တစ်​နှစ်​တွင် အာခဇိ​မင်းကြီး​သည် ယုဒ​ပြည်​၌ နန်းတက်​၏​။
ယေဇဗေလအား ယေဟုသတ်ဖြတ်ခြင်း
30ယေဇရေလ​မြို့​သို့ ယေဟု​ရောက်လာ​ကြောင်း​ကို ယေဇဗေလ​ကြား​လျှင် မျက်လုံး​ကို​အရောင်ခြယ်​ပြီး ဆံကေသာ​ကို ပြင်ဆင်​ကာ ပြတင်းပေါက်​မှ ကြည့်​နေ​၏​။ 31မြို့​တံခါး​ထဲသို့ ယေဟု​ဝင်လာ​သောအခါ ယေဇဗေလ​က “​ကိုယ့်​သခင်​ကို​သတ်​ခဲ့​သော ဇိမရိ​သည် ချမ်းသာ​ရာ​ရ​ပါ​၏​လော​”​ဟု မေး​၏​။
32ထိုအခါ ယေဟု​က ပြတင်းပေါက်​သို့​မော့ကြည့်​ပြီး “​မည်သူ​ရှိ​သနည်း​၊ ငါ့​ဘက်​မှာ မည်သူ​နေ​မည်နည်း​”​ဟု မေး​၏​။ ထိုအခါ မိန်းမစိုး​နှစ်​ဦး​သုံး​ဦး​က သူ့​ကို ငုံ့ကြည့်​ကြ​သဖြင့် 33ယေဟု​က သူ​တို့​အား “​သူ့​ကို တွန်းချ​ပစ်​လိုက်​”​ဟု ဆို​၏​။ သူ​တို့​က​လည်း ယေဇဗေလ​ကို တွန်းချ​လိုက်​ရာ သူ့​သွေး​တို့​သည် နံရံ​များ​၊ မြင်း​များ​ပေါ်သို့ စဉ်သွား​လေ​၏​။ ယေဟု​လည်း သူ့​ကို​တက်နင်း​သွား​လေ​၏​။
34ယေဟု​သည် အထဲသို့​ဝင်​၍​စား​သောက်​ပြီးမှ “​ကျိန်စာသင့်​သော​ဤ​မိန်းမ​သည် ဘုရင့်​သမီး​တော်​ဖြစ်​သောကြောင့် ကြည့်​ပြီး​သင်္ဂြိုဟ်​လိုက်​ကြ​ပါ”​ဟု ဆို​၏​။ 35ယေဇဗေလ​ကို သင်္ဂြိုဟ်​ဖို့​သွား​ကြ​သောအခါ ဦးခေါင်းခွံ​၊ ခြေထောက်​၊ လက်ဖဝါး​တို့​မှလွဲ၍ အခြား​ဘာမျှ​မ​ရှိ​တော့​ပေ​။ 36ထို​သူ​တို့ ပြန်လာ​ပြီး ယေဟု​အား ပြောပြ​ကြ​လျှင် ယေဟု​က “​ဤသည်ကား ထာဝရဘုရား​က မိမိ​အစေအပါး တိရှဘိ​မြို့သား ဧလိယ​အား ‘​ယေဇရေလ​မြေကွက်​တွင် ယေဇဗေလ​၏​အသား​ကို ခွေး​တို့ စား​ကြ​လိမ့်မည်​။ 37ယေဇဗေလ​၏​အလောင်း​သည် ယေဇရေလ​ပိုင်​မြေကွက်​ပေါ်တွင် နောက်ချေးပုံ​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​သူ​မှာ ယေဇဗေလ​ဖြစ်​သည်​ဟု ပြော​၍​မ​ရ​အောင်​ပင် ဖြစ်​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ခဲ့​သည့်​စကား အတိုင်း​ဖြစ်​၏​”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in