YouVersion Logo
Search Icon

ဓမ္မရာဇဝင်စတုတ္ထစောင် 10

10
အာဟပ်မင်းကြီးအမျိုးအနွယ်များကို ယေဟုသတ်ဖြတ်ခြင်း
1ရှမာရိ​မြို့​တွင် အာဟပ်​မင်းကြီး​၏​သား​တော်​အပါး​ခုနစ်ဆယ် ရှိ​၏​။ ယေဟု​သည် ရှမာရိ​မြို့​ရှိ ယေဇရေလ​မြို့​အကြီးအကဲ​များ​၊ သက်ကြီးဝါကြီး​များ​နှင့် အာဟပ်​မင်းကြီး​၏​သား​တော်​တို့​ကို​အုပ်ထိန်း​သော​သူ​များ​ထံသို့ စာ​ရေးသား​ပေးပို့​လိုက်​၏​။ 2စာ​ထဲ၌ “​သင်​တို့​လက်​ထဲတွင် သင်​တို့​သခင်​၏​သား​တော်​များ​၊ စစ်ရထား​များ​၊ မြင်း​များ​၊ ခံတပ်​မြို့​များ​၊ လက်နက်​များ ရှိ​နေ​သည်​ဖြစ်၍ သင်​တို့​ထံသို့ ဤ​စာ​ရောက်​သည်​နှင့် 3သင်​တို့​သခင်​၏​သား​များ​ထဲမှ ကောင်းမွန်​သင့်တော်​သော​သူ​ကို ရွေးချယ်​ပြီး ခမည်းတော်​၏​ရာဇပလ္လင်​တွင် စံမြန်း​စေ​လော့​။ သင်​တို့​သခင်​၏​မင်းမျိုးမင်းနွယ်​အဖို့ စစ်တိုက်​ကြ​လော့​”​ဟု ရေးထား​၏​။
4ထိုအခါ သူ​တို့​သည် အလွန်​ထိတ်လန့်​ကြောက်ရွံ့​ကြ​လျက် “​ရှင်ဘုရင်​နှစ်​ပါး​ပင်လျှင် သူ့​ကို မ​ခုခံ​နိုင်​။ အကျွန်ုပ်​တို့​လည်း သူ့​ကို မည်သို့​ခုခံ​နိုင်​မည်နည်း​”​ဟု ဆို​ကြ​၏​။
5ထို့ကြောင့် နန်းတော်အုပ်​၊ မြို့အုပ်​၊ သက်ကြီးဝါကြီး​များ​နှင့် အထိန်းတော်​များ​က ယေဟု​ထံသို့ လူ​လွှတ်​ကာ “​အကျွန်ုပ်​တို့​သည် အရှင့်​အစေအပါး​များ ဖြစ်​ကြ​ပါ​၏​။ အရှင်​မိန့်​တော်မူ​သမျှ အကျွန်ုပ်​တို့ ပြု​ပါ​မည်​။ မည်သူ့​ကို​မျှ မင်း​မ​မြှောက်​ပါ​။ အရှင်​အလိုရှိ​သည့်​အတိုင်း​သာ ပြု​ပါ​”​ဟု အကြောင်းပြန်​လေ​၏​။
6ယေဟု​က​လည်း သူ​တို့​ထံ ဒုတိယအကြိမ်​စာ​ရေး​လိုက်​ပြန်​၏​။ စာ​ထဲ၌ “​သင်​တို့​သည် ငါ့​စကား​ကို​နားထောင်​ပြီး ငါ့​ဘက်​၌​နေ​မည်​ဆို​လျှင် သင်​တို့​သခင်​၏​သား​များ​၏​ခေါင်း​ကို​ဖြတ်​ပြီး မနက်ဖြန်​ဤသို့​သော​အချိန်​၌ ငါ​ရှိ​ရာ​ယေဇရေလ​မြို့​သို့ ယူဆောင်​လာ​ကြ​လော့​”​ဟု ရေးထား​၏​။ ဘုရင့်​သား​တော်​အပါး​ခုနစ်ဆယ်​တို့​သည် အထိန်းတော်​များ​ဖြစ်​သော​မြို့မိမြို့ဖ​များ​နှင့်အတူ ရှိ​နေ​၏​။ 7သူ​တို့​ထံ​စာ​ရောက်လာ​သောအခါ သူ​တို့​သည် ဘုရင့်​သား​တော်​အပါး​ခုနစ်ဆယ်​ကို ခေါ်ဆောင်​သွား​ပြီး သတ်ဖြတ်​ကာ ဦးခေါင်း​များ​ကို ခြင်းတောင်း​ထဲတွင်​ထည့်​၍ ယေဇရေလ​မြို့​ရှိ ယေဟု​ထံသို့ ပို့လိုက်​၏​။ 8တမန်​သည် ရောက်လာ​၍ ယေဟု​အား “​ဘုရင့်​သား​တော်​တို့​၏​ဦးခေါင်း​များ​ကို ယူဆောင်​လာ​ကြ​ပါ​ပြီ​”​ဟု ဆို​လျှင် ယေဟု​က “​နှစ်​ပုံ​ခွဲ​ပြီး နံနက်​တိုင်အောင် မြို့​တံခါးဝ​တွင် ပုံ​ထား​ပါ​”​ဟု အမိန့်ပေး​လိုက်​၏​။
9နံနက်​ရောက်​သော် ယေဟု​သည် ထွက်လာ​ပြီး မြို့တံခါးဝ​၌​ရပ်​လျက် လူ​အပေါင်း​တို့​အား “​သင်​တို့ ဖြောင့်မတ်​ကြ​ပါ​ပေ​၏​။ ငါ​မူကား ငါ့​သခင်​ကို လုပ်ကြံ​သတ်ဖြတ်​ခဲ့​၏​။ ဤ​သူ​အားလုံး​ကို​ကား မည်သူ​သတ်​သနည်း​။ 10အာဟပ်​မင်းမျိုးမင်းနွယ်​နှင့်​ပတ်သက်၍ ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သော​စကား​သည် မြေ​ပေါ်​ကျ​၍​အလဟဿ​မ​ဖြစ်​ရ​ကြောင်း​ကို သိမှတ်​ကြ​လော့​။ ထာဝရဘုရား​သည် မိမိ​၏​အစေအပါး​ဧလိယ​အားဖြင့် မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း ပြု​တော်မူ​ပြီ​”​ဟု ဆို​၏​။ 11ယေဟု​သည် ယေဇရေလ​မြို့​တွင် ကြွင်းကျန်​သော​အာဟပ်​မင်းမျိုးမင်းနွယ်​များ​၊ အကြီးအကဲ​များ​၊ အသိအကျွမ်း​များ​မှစ၍ ယဇ်ပုရောဟိတ်​များ​ပါမကျန် အသက်ရှင်​ခွင့်​မ​ပေး​ဘဲ အားလုံး​ကို ကွပ်မျက်​ပစ်​လိုက်​လေ​၏​။
12ထို့နောက် ယေဟု​သည် ရှမာရိ​မြို့​သို့ ထ​၍​ထွက်သွား​ရာ လမ်း​တွင် ဗက်အက်ကက်အရပ်​သို့ ရောက်​လျှင် 13ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​၏​ဆွေမျိုးသားချင်း​များ​နှင့် ဆုံ​သဖြင့် ယေဟု​က “​သင်​တို့​သည် မည်သူ​များ​နည်း​”​ဟု မေး​လျှင် သူ​တို့​က “​အကျွန်ုပ်​တို့​သည် အာခဇိ​မင်းကြီး​၏​ဆွေမျိုးသားချင်း​များ ဖြစ်​ပါ​၏​။ ရှင်ဘုရင်​၏​သား​တော်​များ​၊ မယ်တော်​မိဖုရား​၏​သား​တော်​များ​ကို နှုတ်ဆက်​ရန် လာ​ကြ​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။
14ထိုအခါ ယေဟု​က “​သူ​တို့​ကို အရှင်​ဖမ်း​ကြ​”​ဟု အမိန့်ပေး​၍ သူ​တို့​ကို​အရှင်​ဖမ်း​ပြီး ဗက်အက်ကက်အရပ်​ရှိ​ရေတွင်း​နား​တွင် လူ​လေးဆယ့်​နှစ်​ယောက်​ကို တစ်ယောက်မကျန် သတ်​ပစ်​လိုက်​လေ​၏​။
15ထို့နောက် ထို​နေရာ​မှ​ဆက်လက်​ထွက်ခွာ​လာ​၍ သူ့​ကို​လာရောက်​ကြိုဆို​သော ရေခပ်​၏​သား​ယောနဒပ်​နှင့် တွေ့ဆုံ​နှုတ်ဆက်​လျက် “​သင်​သည် ငါ​နှင့်​စိတ်သဘောထားချင်း​တူ​ပါ​သလော​”​ဟု​မေး​လျှင် ယောနဒပ်​က “​တူ​ပါ​၏”​ဟု​ပြန်ဖြေ​ရာ ယေဟု​က “​သို့ဖြစ်လျှင် သင့်​လက်​ကို ကမ်းပေး​လော့​”​ဟု ဆို​၏​။ ယောနဒပ် လက်​ကမ်းပေး​လျှင် ယေဟု​သည် သူ့​ကို ရထား​ပေါ်သို့ ဆွဲတင်​လိုက်​လေ​၏​။ 16ထို့နောက် သူ​က “​ထာဝရဘုရား​အဖို့ ငါ မည်မျှ​စိတ်အားကြီး​သည်​ကို ငါ​နှင့်​လိုက်​၍​ကြည့်​ပါ​”​ဟု ဆို​၍ မိမိ​၏​စစ်ရထား​တွင် လိုက်ပါစီးနင်း​စေ​၏​။ 17ယေဟု​သည် ရှမာရိ​မြို့​သို့​ရောက်လာ​သောအခါ ထာဝရဘုရား​သည် ဧလိယ​အား မိန့်​တော်မူ​ခဲ့​သည့်​စကား​တော်​အတိုင်း ရှမာရိ​မြို့​၌ အာဟပ်​အမျိုး​ကြွင်းကျန်​သမျှ​ကို အကုန်​ပျက်စီး​သည်​အထိ သတ်​လေ​၏​။
ဗာလကိုးကွယ်သူတို့ကို ယေဟုသတ်ဖြတ်ခြင်း
18ထို့နောက် ယေဟု​သည် လူ​အပေါင်း​တို့​ကို စုရုံး​ပြီး “​အာဟပ်​မင်းကြီး​သည် ဗာလ​ဘုရား​ကို ပေါ့ပေါ့​သာ ဝတ်ပြု​၏​။ ယေဟု​မူကား အလေးအနက်​ဝတ်ပြု​မည်​။ 19သို့ဖြစ်၍ ဗာလ​ဘုရား​၏​ပရောဖက်​အားလုံး​၊ ဗာလ​ဘုရား​ကို ဝတ်ပြု​သူ​အားလုံး​၊ ဗာလ​ဘုရား​၏​ယဇ်ပုရောဟိတ်​အားလုံး တစ်ယောက်​မျှ​မ​ကျန် ခေါ်​ခဲ့​လော့​။ အကြောင်းမှာ ငါ​သည် ဗာလ​ဘုရား​အဖို့ ယဇ်ပူဇော်ပွဲ​ကြီး​ကို ကျင်းပ​မည်​။ မလာရောက်​သူ​များ အသက်ချမ်းသာ​ရာ​ရ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။ စင်စစ် ယေဟု​သည် ဗာလ​ဘုရား​အား ဝတ်ပြု​သူ​များ​ကို​သုတ်သင်​ပစ်​ရန် ပရိယာယ်​ဆင်​ခြင်း​ဖြစ်​၏​။ 20ထို့နောက် ယေဟု​က “​ဗာလ​ဘုရား​အဖို့ ဓမ္မစည်းဝေးပွဲ​ကို ပြင်ဆင်​ကြ​လော့​”​ဟု အမိန့်ပေး​သည့်​အတိုင်း ထုတ်ပြန်​ကြေညာ​ကြ​လေ​၏​။
21ယေဟု​သည် အစ္စရေး​ပြည်​တစ်ပြည်လုံး​သို့ လူ​ကို​စေလွှတ်​၍​ကြေညာ​စေ​သဖြင့် ဗာလ​ဘုရား​ကို ဝတ်ပြု​သူ​အားလုံး တစ်​ယောက်​မ​ကျန်​ရောက်လာ​ကြ​၍ ဗာလ​ဝတ်ကျောင်း​တစ်ခုလုံး ထိပ်ဆုံး​မှ​နောက်ဆုံး​အထိ လူ​တို့​ဖြင့်​ပြည့်လျှံ​နေ​လေ​၏​။ 22ယေဟု​က​လည်း ဝတ်လုံတိုက်မှူး​အား “​ဗာလ​ဘုရား​ကို ဝတ်ပြု​သူ​တို့​အဖို့ ဝတ်လုံ​များ​ကို ထုတ်ယူ​ခဲ့​လော့​”​ဟု အမိန့်ပေး​သဖြင့် သူ​သည် လူ​တို့​အတွက် ဝတ်လုံ​များ​ကို ထုတ်ပေး​၏​။
23ထို့နောက် ယေဟု​နှင့် ရေခပ်​၏​သား​ယောနဒပ်​သည် ဗာလ​ဘုရား​ဝတ်ကျောင်း​ထဲသို့​ဝင်သွား​၍ ဗာလ​ဘုရား​ကို​ဝတ်ပြု​သူ​တို့​အား “​ဤ​နေရာ​တွင် ထာဝရဘုရား​ကို ဝတ်ပြုသူ​တို့​မ​ပါ​ဘဲ ဗာလ​ဘုရား​ကို ဝတ်ပြု​သူ​များ​သာ​ရှိ​စေရန် ကိုယ့်​အနီးအနား​ကို စစ်ဆေး​ကြည့်​လော့​”​ဟု ဆို​၏​။ 24ထို့နောက် သူ​တို့​သည် ယဇ်ကောင်​များ​ကို မီးရှို့​ပူဇော်​ရန် အထဲ​သို့​ဝင်သွား​ကြ​၏​။ ယေဟု​သည် အပြင်ဘက်​တွင် လူ​အယောက်​ရှစ်ဆယ်​ကို နေရာ​ချထား​ပြီး “​သင်​တို့​လက်​သို့ ငါ​အပ်​လိုက်​သော​သူ​တစ်စုံတစ်ဦး ထွက်ပြေး​လွတ်မြောက်​သွား​ခဲ့​လျှင် ထို​သူ​၏​အသက်​အစား ကိုယ့်​အသက်​ကို ပြန်ပေး​ရ​မည်​”​ဟု မိန့်မှာ​ထား​၏​။ 25မီးရှို့ရာယဇ်​ပူဇော်​ပြီး​သည်​နှင့် ယေဟု​က အစောင့်​တပ်သား​များ​နှင့် တပ်မှူး​တို့​အား “​ဝင်​ပြီး သတ်​ကြ​။ တစ်​ယောက်​ကို​မျှ​မ​လွတ်​စေ​နှင့်​”​ဟု အမိန့်ပေး​လိုက်​ရာ သူ​တို့​သည် ဓား​ဖြင့် ဝင်ရောက်သတ်ဖြတ်​ကြ​၏​။ အစောင့်တပ်သား​များ​နှင့် တပ်မှူး​တို့​သည် အလောင်း​များ​ကို ပစ်ထား​ခဲ့​ပြီး ဗာလ​ဘုရား​ဝတ်ကျောင်း​၏​အတွင်းခန်း​ထဲသို့ ဝင်သွား​ကြ​၏​။ 26ထို့နောက် ဗာလ​ဘုရား​ဝတ်ကျောင်း​ထဲရှိ ကျောက်တိုင်​များ​ကို အပြင်​သို့​ထုတ်​ပြီး မီးရှို့​ပစ်​ကြ​၏​။ 27ဗာလ​ကျောက်တိုင်​ကို ဖြိုဖျက်​ပစ်​ပြီး ဗာလ​ဝတ်ကျောင်း​ကို​လည်း ဖြိုဖျက်​ကာ ထို​နေရာ​ကို အလေးအပေါ့​စွန့်​ရာ​နေရာ​အဖြစ် ယနေ့​တိုင် ထားရှိ​လေ​၏​။
ယေဟုအုပ်စိုးရချိန်၏နိဂုံး
28ဤသို့ဖြင့် ယေဟု​သည် ဗာလ​ဘုရား​ကို အစ္စရေး​ပြည်​ထဲမှ ဖယ်ရှား​ပစ်​လေ​၏​။ 29သို့သော် ယေဟု​သည် အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သည့် နေဗတ်​၏​သား ယေရောဗောင်​ပြု​သော​အပြစ်​တည်းဟူသော ဗေသလ​မြို့​နှင့် ဒန်​မြို့​ရှိ နွားသငယ်ရုပ်​တို့​ကို မ​စွန့်​ဘဲ​နေ​၏​။ 30ထာဝရဘုရား​က ယေဟု​အား “​သင်​သည် ငါ့​ရှေ့​၌ ဖြောင့်မတ်မှန်ကန်​စွာ ပြု​လေ​ပြီ​။ အာဟပ်​မင်းမျိုးမင်းနွယ်​ကို ငါ​ပြု​စေ​လို​သည့်​အတိုင်း သင်​ပြု​သောကြောင့် သင်​၏​သားစဉ်မြေးဆက်​လေး​ဆက်​တိုင်တိုင် အစ္စရေး​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
31သို့သော် ယေဟု​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​ပညတ်တရား​တို့​ကို စိတ်နှလုံး​အကြွင်းမဲ့ စောင့်ထိန်း​လို​စိတ်​မ​ရှိ​။ အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သော ယေရောဗောင်​၏​အပြစ်​များ​ကို မ​စွန့်​ဘဲ​နေ​၏​။
32ထို​ကာလ​တွင် ထာဝရဘုရား​သည် အစ္စရေး​ပြည်​ကို စတင်​ကျဉ်းမြောင်း​စေ​တော်မူ​၏​။ ဟာဇေလ​မင်းကြီး​သည် အစ္စရေး​ပြည်​၏​နယ်နိမိတ်​တစ်လျှောက်လုံး​ဖြစ်​သော 33ဂျော်ဒန်​မြစ်​အရှေ့ဘက် ဂဒ်​အမျိုး​၊ ရုဗင်​အမျိုး​၊ မနာရှေ​အမျိုး​တို့​ပိုင်​သော ဂိလဒ်​ပြည်​တစ်လျှောက်လုံး​၊ အာနုန်​ချောင်း​နား​ရှိ အာရော်​မြို့​မှစ၍ ဂိလဒ်​ပြည်​၊ ဗာရှန်​ပြည်​အထိ တိုက်ခိုက်သိမ်းပိုက်​လိုက်​လေ​၏​။
34ကျန်ရှိ​နေ​သော ယေဟု​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အမှု​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#10:34 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 35ယေဟု​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ရှမာရိ​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောခတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ 36ယေဟု​မင်းကြီး​သည် ရှမာရိ​မြို့​တွင် အစ္စရေး​လူမျိုး​ကို နှစ်ဆယ့်​ရှစ်​နှစ်​တိုင်တိုင် အုပ်စိုး​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်စတုတ္ထစောင် 10