YouVersion Logo
Search Icon

ဓမ္မရာဇဝင်စတုတ္ထစောင် 11

11
အာသလိက အာဏာလုယူခြင်း
1အာခဇိ​မင်းကြီး​၏​မယ်တော်​အာသလိ​သည် မိမိ​၏​သား​တော်​အနိစ္စရောက်​သည်​ကို သိမြင်​သည်​နှင့်​ထ​၍ တော်ဝင်​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။ 2သို့သော် အာခဇိ​မင်းကြီး​၏​နှမ​ဖြစ်​သူ ယောရံ#11:2 “ယဟောရံ” (၆ရာ 22:11)။​မင်းကြီး​၏​သမီး​တော်​ယောရှေဘ​က အာခဇိ​မင်းကြီး​၏​သား​တော်​ယောရှ​ကို အသတ်​ခံရ​မည့်​ဘုရင့်​သား​တော်​များ​ထဲ​မှ ခိုး​ယူ​၍ အထိန်း​တော်​နှင့်အတူ အတွင်းခန်း​ထဲတွင်​ဝှက်ထား​သဖြင့် အာသလိ​ရန်​မှ​ကင်း​၍ အသတ်​မ​ခံရ​တော့​ပေ​။ 3တိုင်းပြည်​ကို အာသလိ​ဘုရင်မ အုပ်စိုး​စဉ် ယောရှ​သည် အထိန်းတော်​နှင့်အတူ ထာဝရဘုရား​၏​အိမ်​တော်​တွင် ခြောက်​နှစ်​ပတ်လုံး ပုန်းရှောင်​နေ​ခဲ့​ရ​၏​။
အာသလိအားနန်းချခြင်း
4ခုနစ်​နှစ်​မြောက်​တွင် ယောယဒ​သည် ကိုယ်ရံတော်#11:4 တိုက်ရိုက်ပြန်ဆိုလျှင် “ခါးရိလူမျိုး”။​တပ်​နှင့် အစောင့်တပ်​တို့​၏​ရာ​တပ်မှူး​များ​ကို လူ​လွှတ်​ခေါ်​၍ သူ​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ ရောက်လာ​လျှင် ထာဝရဘုရား​၏​အိမ်​တော်​တွင်ပင် သူ​တို့​နှင့် ကတိသစ္စာ​ပြု​၍ ကျိန်ဆို​စေ​ပြီးမှ ဘုရင့်​သား​တော်​ကို ထုတ်ပြ​၏​။ 5ထို့နောက် သူ​တို့​အား “​သင်​တို့ ဤသို့​ပြု​ရ​မည်​။ ဥပုသ်နေ့​တွင် တာဝန်ကျ​သော​သူ​တို့​ကို သုံး​စု​ခွဲ​ပြီး တစ်စု​သည် ဘုရင့်​နန်းတော်​ကို စောင့်ကြပ်​ရ​မည်​။ 6နောက်တစ်စု​သည် သုရ​တံခါး​ကို စောင့်ကြပ်​ရ​မည်​။ နောက်တစ်စု​သည် ဘုရင့်​ကိုယ်ရံတော်​တို့​၏​အနောက်ဘက်​ရှိ​တံခါး​ကို စောင့်ကြပ်​ရ​မည်​။ ဤနည်းဖြင့် အိမ်​တော်​ကို စောင့်ကြပ်​ကြ​ရ​မည်​။
7ဥပုသ်နေ့​တွင် တာဝန်မကျ​သော​သူ​နှစ်စု​သည် ရှင်ဘုရင်​ကို​ကာကွယ်​ရန် ထာဝရဘုရား​၏​အိမ်​တော်​ကို အထူး​စောင့်ကြပ်​ရ​မည်​။ 8သင်​တို့​တစ်ဦးချင်းစီ​သည် လက်နက်​ကို​ကိုင်ဆောင်​ထား​ပြီး ရှင်ဘုရင်​ကို ဝိုင်းရံ​ထား​ရ​မည်​။ စောင့်ကြပ်​သော​နေရာ​သို့ ရောက်လာ​သူ​တိုင်း​ကို သုတ်သင်​ပစ်​ရ​မည်​။ ရှင်ဘုရင်​သွား​လာ​လေရာရာ​သို့ သင်​တို့​လိုက်ပါစောင့်ရှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။
9ရာတပ်မှူး​တို့​သည် ယဇ်ပုရောဟိတ်​ယောယဒ မှာကြား​သည့်​အတိုင်း ပြု​ကြ​၏​။ သူ​တို့​အသီးသီး​သည် ဥပုသ်နေ့​တွင် တာဝန်ကျ​သော​ကိုယ့်​လူ​နှင့် တာဝန်မကျ​သော​ကိုယ့်​လူ​တို့​ကို​ခေါ်​၍ ယဇ်ပုရောဟိတ်​ယောယဒ​ထံသို့ လာ​ကြ​၏​။ 10ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော ဒါဝိဒ်​မင်းကြီး​၏​လှံ​များ​၊ ဒိုင်းလွှား​များ​ကို ရာတပ်မှူး​တို့​အား ပေးအပ်​၏​။ 11အစောင့်တပ်သား​တို့​သည် လက်နက်​ကိုယ်စီ​ကိုင်​လျက် အိမ်​တော်​တောင်ဘက်​ထောင့်​မှ မြောက်ဘက်​ထောင့်​အထိ​၊ ယဇ်ပလ္လင်​အနား​၊ အိမ်​တော်​အနား​တို့​၌ နေရာယူ​လျက် ရှင်ဘုရင်​ကို ခြံရံ​ပေး​ကြ​၏​။
12ထို့နောက် ယဇ်ပုရောဟိတ်​သည် ဘုရင့်​သား​တော်​ကို ထုတ်ဆောင်​လာ​၍ သရဖူ​နှင့်တကွ ကတိဝန်ခံလွှာ​ကို အပ်နှင်း​၏​။ လူ​တို့​သည်​လည်း သူ့​အား ဘိသိက်ပေး​မင်းမြှောက်​လိုက်​ကြ​၏​။ သူ​တို့​သည် လက်ခုပ်ဩဘာ​ပေး​လျက် “​မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ကြွေးကြော်​ကြ​၏​။
13အာသလိ​ဘုရင်မ​သည် အစောင့်တပ်သား​များ​နှင့်​လူ​တို့ ကြွေးကြော်သံ​ကို​ကြား​လျှင် လူ​တို့​စုဝေး​ရာ ထာဝရဘုရား​၏​အိမ်​တော်​သို့ လာ​၏​။ 14ရှင်ဘုရင်​သည် အစဉ်အလာ​အတိုင်း တိုင်​နား​တွင် ရပ်​နေ​ပြီး မှူးမတ်​များ​၊ တံပိုးခရာမှုတ်သူ​များ​က ရှင်ဘုရင်​အား ခြံရံ​လျက် ရှိ​နေ​သည်​ကို​လည်းကောင်း​၊ ပြည်သူပြည်သား​အပေါင်း​တို့​က ဝမ်းမြောက်ပျော်ရွှင်​စွာ​တံပိုးခရာ​မှုတ်​နေ​ကြ​သည်​ကို​လည်းကောင်း အာသလိ​ဘုရင်မ မြင်​ရ​လျှင် သူ့​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​၊ လျှို့ဝှက်ကြံစည်မှု​ပါ​တကား​”​ဟု အော်ဟစ်​လေ​၏​။ 15ယဇ်ပုရောဟိတ်​ယောယဒ​က စစ်သည်​တို့​ကို အုပ်ချုပ်​ရ​သော​ရာတပ်မှူး​များ​အား “​သူ့​ကို စောင့်ကြပ်​ထား​သော​နေရာ​မှ ဆွဲထုတ်​လိုက်​ပြီး သူ့​နောက်လိုက်​တို့​ကို​လည်း ဓား​နှင့်​ကွပ်မျက်​လိုက်​ကြ​”​ဟု အမိန့်ပေး​လိုက်​၏​။ ယဇ်ပုရောဟိတ်​က “​သူ့​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် မ​သတ်​ကြ​နှင့်​”​ဟု မှာထား​သဖြင့် 16သူ့​ကို​ဖမ်းချုပ်ခေါ်ဆောင်​သွား​ပြီး ဘုရင့်​နန်းတွင်း မြင်း​ဝင်ရာ​တံခါးဝ​သို့​ရောက်​သောအခါ သူ့​ကို ကွပ်မျက်​လိုက်​ကြ​လေ​၏​။
ယောယဒ၏ပြုပြင်ပြောင်းလဲမှု
17ထို့နောက် ယောယဒ​သည် ရှင်ဘုရင်​နှင့် ပြည်သူပြည်သား​တို့​ကို ထာဝရဘုရား​၏​လူမျိုး​တော်​အဖြစ် တည်​နေ​စေရန် သူ​တို့​ကို ထာဝရဘုရား​နှင့် ပဋိညာဉ်​ဖွဲ့​စေ​၏​။ ထို့အတူ ရှင်ဘုရင်​နှင့်​ပြည်သူပြည်သား​တို့​ကို​လည်း အချင်းချင်း​ကတိသစ္စာ​ပြု​စေ​၏​။ 18ထို့နောက် ပြည်သူပြည်သား​အပေါင်း​တို့​သည် ဗာလ​ဘုရား​ဝတ်ကျောင်း​သို့​သွား​၍ ထို​ဝတ်ကျောင်း​ကို​ဖြိုဖျက်​ပစ်​ပြီး ယဇ်ပလ္လင်​များ​၊ ရုပ်တု​များ​ကို အကုန်အစင်​ချိုးဖျက်​ပစ်​ကြ​၏​။ ဗာလ​ဘုရား​၏​ယဇ်ပုရောဟိတ်​မဿန်​ကို​လည်း ယဇ်ပလ္လင်​ရှေ့​တွင် ကွပ်မျက်​လိုက်​ကြ​၏​။ ယောယဒ​သည် ထာဝရဘုရား​၏​အိမ်​တော်​တွင် အစောင့်​များ​ကို ချထား​ပြီးလျှင် 19ရာတပ်မှူး​များ​၊ ကိုယ်ရံတော်#11:19 တိုက်ရိုက်ပြန်ဆိုလျှင် “ခါးရိလူမျိုး”။​များ​၊ အစောင့်တပ်သား​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​ကို ဆင့်ခေါ်​၍ ရှင်ဘုရင်​ကို ထာဝရဘုရား​၏​အိမ်​တော်​မှ​ခေါ်ထုတ်​လာ​ကာ ကင်းစောင့်တံခါး​ရှိ​ရာ​လမ်း​အတိုင်း ဘုရင့်​နန်းတော်​သို့ ကြွချီ​စေ​သဖြင့် ရှင်ဘုရင်​သည် ရာဇပလ္လင်​ပေါ်တွင် စံမြန်း​လေ​၏​။ 20ပြည်သူပြည်သား​အပေါင်း​တို့​သည်​လည်း ဝမ်းမြောက်ပျော်ရွှင်​ကြ​၏​။ အာသလိ​ဘုရင်မ​ကို ဘုရင့်​နန်းတော်​တွင် ဓား​နှင့်​ကွပ်မျက်​လိုက်​ပြီ​ဖြစ်​၍ တစ်မြို့လုံး​ငြိမ်းချမ်း​လေ​၏​။ 21ယဟောရှ#11:21 “ယောရှ” (၆ရာ ၂၄:၁)။​နန်းတက်​သောအခါ သက်တော်​ခုနစ်​နှစ်​သာ ရှိ​သေး​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in