ဓမ္မရာဇဝင်စတုတ္ထစောင် 24
24
ယောယကိမ်မင်းကြီး ပုန်ကန်ခြင်းနှင့် အနိစ္စရောက်ခြင်း
1ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။ 2ယောယကိမ်မင်းကြီးကိုတိုက်ခိုက်ဖို့ ထာဝရဘုရားသည် ခါလဒဲတပ်များ၊ ဆီးရီးယားတပ်များ၊ မောဘတပ်များနှင့် အမ္မုန်တပ်များကို စေလွှတ်တော်မူ၏။ မိမိအစေအပါး ပရောဖက်တို့မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သောစကားတော်အတိုင်း ယုဒပြည်ကိုဖျက်ဆီးဖို့ ထိုတပ်များကိုစေလွှတ်တော်မူ၏။ 3မနာရှေမင်းကြီးပြုခဲ့သောအပြစ်များကြောင့် စကားတော်အတိုင်း ထာဝရဘုရားသည် ယုဒပြည်ကို ရှေ့တော်မှ ဖယ်ရှားရန် ဤသို့စီရင်ခြင်း ဖြစ်၏။ 4မနာရှေမင်းကြီးသည် အပြစ်ကင်းသောသူတို့ကိုသတ်၍ ဂျေရုဆလင်မြို့တွင် အပြစ်ကင်းသောသူတို့၏သွေးနှင့် ပြည့်စေသောကြောင့် ထာဝရဘုရားသည် သူ့ကို ခွင့်လွှတ်ရန် အလိုတော်မရှိ။
5ကျန်ရှိနေသောယောယကိမ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏#24:5 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။။ 6ယောယကိမ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်ယောယခိမ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
7ဘေဘီလုံဘုရင်သည် အီဂျစ်မြစ်မှယူဖရေးတီးမြစ်#24:7 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။တိုင်အောင် အီဂျစ်ဘုရင်ပိုင်နက်အားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင့် အီဂျစ်ဘုရင်သည် မိမိပြည်မှ စစ်ချီထွက်၍မရတော့ချေ။
ယုဒဘုရင်ယောယခိမ်မင်းကြီး
8ယောယခိမ်နန်းတက်သောအခါ သက်တော်တစ်ဆယ့်ရှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သားဧလနာသန်၏သမီး နဟုတ္တအမည်ရှိ၏။ 9သူသည် ခမည်းတော်ပြုခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။
ဘေဘီလုံသို့ပြည်နှင်ဒဏ်ခံရခြင်း
10ထိုကာလ၌ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး၏အမှုထမ်းတို့သည် ဂျေရုဆလင်မြို့ကို ချီတက်ဝိုင်းရံထား၏။ 11မင်းမှုထမ်းများ မြို့ကိုဝိုင်းရံထားစဉ် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် စစ်ချီလာ၍ ထိုမြို့ကို တိုက်ခိုက်လေ၏။ 12ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။ 13ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။ 14ထို့ပြင် ဂျေရုဆလင်မြို့သားများအပါအဝင် မှူးမတ်များ၊ စစ်သူရဲများ၊ လက်မှုပညာသည်များ၊ ပန်းပဲသမားများအားလုံး စုစုပေါင်းလူတစ်သောင်းကို ဖမ်းခေါ်သွား၏။ ဆင်းရဲသောပြည်သူပြည်သားများမှအပ မည်သူမျှမကျန်တော့ပေ။ 15ဤသို့ဖြင့် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ဖမ်းခေါ်သွား၏။ ရှင်ဘုရင်၏မယ်တော်၊ ရှင်ဘုရင်၏မိဖုရားများ၊ မှူးမတ်များနှင့် တိုင်းပြည်အကြီးအကဲအားလုံးတို့ကိုလည်း ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားလေ၏။ 16ဘေဘီလုံဘုရင်သည် စစ်သူရဲပေါင်းခုနစ်ထောင်၊ လက်မှုပညာသည်နှင့်ပန်းပဲပညာသည်ပေါင်းတစ်ထောင်စသည့် စစ်တိုက်နိုင်စွမ်းရှိသောသူအားလုံးကိုလည်း ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ်ဖမ်းခေါ်သွား၏။ 17ထို့ပြင် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီး၏ဘထွေးတော်မတ္တနိကို မင်းကြီး၏အရိုက်အရာဆက်ခံစေပြီး ဇေဒကိဟုအမည်ပြောင်းပေး၏။
ယုဒဘုရင်ဇေဒကိမင်းကြီး
18ဇေဒကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်တစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ မယ်တော်ကား လိဗနမြို့သားယေရမိ၏သမီး ဟာမုတလအမည်ရှိ၏။ 19ဇေဒကိမင်းကြီးသည် ယောယကိမ်မင်းကြီးပြုခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ 20ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။
Currently Selected:
ဓမ္မရာဇဝင်စတုတ္ထစောင် 24: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative