YouVersion Logo
Search Icon

ဓမ္မရာဇဝင်စတုတ္ထစောင် 23

23
ပဋိညာဉ်ကို ထပ်လောင်းအတည်ပြုခြင်း
1ရှင်ဘုရင်​သည် ဂျေရုဆလင်​မြို့​အပါအဝင်​ယုဒ​ပြည်​ရှိ သက်ကြီးဝါကြီး​အားလုံး​ကို ဆင့်ခေါ်​သဖြင့် သူ​တို့ စုဝေး​ရောက်ရှိ​လာ​ကြ​၏​။ 2ထိုအခါ ယုဒ​အမျိုးသား​အားလုံး​နှင့် ဂျေရုဆလင်​မြို့သား​အားလုံး​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​မှစ၍ ပြည်သူပြည်သား​လူကြီး​လူငယ်​တစ်ယောက်မကျန် ရှင်ဘုရင်​နှင့်အတူ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​ကြ​၏​။ ရှင်ဘုရင်​သည် ထာဝရဘုရား​အိမ်​တော်​တွင် တွေ့​ခဲ့​သော​ပဋိညာဉ်​ကျမ်း​စကား​အလုံးစုံ​ကို သူ​တို့​ကြားသိ​အောင် ဖတ်ပြ​လေ​၏​။ 3ရှင်ဘုရင်​သည် တိုင်​နားတွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​လျှင် လူ​အပေါင်း​တို့​က​လည်း ကတိသစ္စာ​ပြု​ကြ​၏​။
ယောရှိမင်းကြီး၏ပြုပြင်ပြောင်းလဲမှုများ
4ထို့နောက် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​၊ လက်ထောက်​ယဇ်ပုရောဟိတ်​များ​နှင့် တံခါးစောင့်​များ​အား ဗာလ​ဘုရား​၊ အာရှရ​နတ်ဘုရားမ​နှင့် ကောင်းကင်​တန်ဆာ​များ​အဖို့​ပြုလုပ်​ထား​သော​အသုံးအဆောင်​များ​အားလုံး​ကို ထာဝရဘုရား​၏​ဗိမာန်​တော်​မှ ထုတ်ဆောင်​လာ​ရန် အမိန့်ပေး​၏​။ ရှင်ဘုရင်​သည် ထို​အရာ​တို့​ကို ဂျေရုဆလင်​မြို့​ပြင် ကေဒြုန်​လွင်ပြင်​တွင်​မီးရှို့​ပြီး ပြာ​များ​ကို ဗေသလ​မြို့​သို့ ယူဆောင်​သွား​၏​။ 5ဂျေရုဆလင်​မြို့​နှင့်​ယုဒ​မြို့​ဝန်းကျင်​ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​တွင် နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​ရန် ယုဒ​ဘုရင်​များ​ခန့်ထား​သော ယဇ်ပုရောဟိတ်​တို့​ကို ဖယ်ရှား​ပစ်​၏​။ ထို့ပြင် ဗာလ​ဘုရား​၊ နေ​ဘုရား​၊ လ​ဘုရား​၊ ကြယ်နက္ခတ်​ဘုရား​၊ ကောင်းကင်​တန်ဆာ​အပေါင်း​တို့​အား နံ့သာပေါင်း​မီးရှို့ပူဇော်​သူ​များ​ကို​လည်း ဖယ်ရှား​ပစ်​၏​။ 6အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း ထာဝရဘုရား​၏​အိမ်​တော်​ထဲမှ ဂျေရုဆလင်​မြို့ပြင် ကေဒြုန်​ချိုင့်ဝှမ်း​သို့ ထုတ်​လာ​၏​။ ထို​တံခွန်တိုင်​ကို ကေဒြုန်​ချိုင့်ဝှမ်း​၌ မီးရှို့​အမှုန့်ချေ​ပစ်​ပြီး ပြာ​များ​ကို ပြည်သူပြည်သား​တို့​၏​သင်္ချိုင်း​ပေါ်သို့ ကြဲချ​လေ​၏​။ 7မိန်းမ​တို့ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​အဖို့ ရွက်ဖျင်​များ​ကို ရက်လုပ်​သော​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​ရှိ မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​တို့​၏​အိမ်​များ​ကို​လည်း ဖြိုပစ်​၏​။
8ထို့နောက် ရှင်ဘုရင်​သည် ယုဒ​မြို့ရွာ​ရှိ ယဇ်ပုရောဟိတ်​များ​အားလုံး​ကို​လည်း ဆင့်ခေါ်​၍ ဂေဗ​မြို့​မှစ၍ ဗေရရှေဘ​မြို့​တိုင်အောင် ယဇ်ပုရောဟိတ်​တို့ နံ့သာပေါင်း​မီးရှို့ပူဇော်​သော​နေရာ​ဖြစ်​သည့် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို မစင်ကြယ်​အောင် လုပ်​ပစ်​၏​။ ထို့ပြင် မြို့​တံခါးဝ​၏​ဝဲဘက်​၊ မြို့တော်ဝန်​ယောရှု​တံခါး​နားရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို​လည်း ဖြိုဖျက်​ပစ်​လေ​၏​။ 9အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​မှ ယဇ်ပုရောဟိတ်​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​ယဇ်ပလ္လင်​သို့ တက်​ခွင့်​မ​ရှိ​သော်လည်း တဆေးမဲ့မုန့်​ကို​မူ ညီအစ်ကို​တို့​နှင့်အတူ စား​ခွင့်​ရ​ကြ​၏​။
10ရှင်ဘုရင်​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ရှိ​တောဖက်​အရပ်​ကို​လည်း မစင်ကြယ်​အောင် လုပ်လိုက်​သဖြင့် ထို​နေရာ​တွင် မည်သူ​မျှ မိမိ​သား​သမီး​ကို မောလုတ်​ဘုရား​ထံ မီးရှို့ပူဇော်​၍​မ​ရ​တော့​ချေ​။ 11ထာဝရဘုရား​၏​အိမ်​တော်​အဝင်ဝ​၊ အိမ်​တော်​ဝင်း​အတွင်း မိန်းမစိုး​နာသန်မေလက်​၏​အခန်း​နား​ရှိ ယုဒ​ဘုရင်​တို့ နေ​ဘုရား​အား ပူဇော်​ထား​သော​မြင်း​များ​ကို​လည်း ဖယ်ရှား​ပစ်​၍ နေ​ဘုရား​ရထား​တို့​ကို​လည်း မီး​ရှို့​ပစ်​၏​။
12ရှင်ဘုရင်​သည် ယုဒ​ဘုရင်​တို့ တည်​ထား​ခဲ့​သည့် အာခတ်​မင်းကြီး​၏​လေသာနန်းဆောင်​ခေါင်မိုးပြင်​ရှိ ယဇ်ပလ္လင်​များ​၊ ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​နှစ်​ခု​အတွင်း​ရှိ မနာရှေ​မင်းကြီး​တည်​ထား​ခဲ့​သော​ယဇ်ပလ္လင်​များ​ကို ရှိ​သည့်​နေရာ​မှ ဖြိုချ​အမှုန့်ချေ​ပစ်​ပြီး ကေဒြုန်​ချိုင့်ဝှမ်း​ထဲသို့ ကြဲချ​လိုက်​လေ​၏​။ 13ဆီဒုန်​အမျိုးသား​တို့​ကိုးကွယ်​သော ရွံရှာဖွယ်​အာရှတရက်​ဘုရား​၊ မောဘ​အမျိုးသား​တို့​ကိုးကွယ်​သော​ရွံရှာဖွယ်​ခေမုရှ​ဘုရား​၊ အမ္မုန်​အမျိုးသား​တို့​ကိုးကွယ်​သော​ရွံရှာဖွယ် မိလကုံ​ဘုရား​တို့​အတွက် အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​တည်​ထား​ပေး​ခဲ့​သော ဂျေရုဆလင်​မြို့​အရှေ့ဘက်​၊ ပျက်စီး​ရာ​တောင်​၏​တောင်ဘက်​ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို​လည်း ရှင်ဘုရင်​က မစင်ကြယ်​အောင် လုပ်​ပစ်​၏​။ 14အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​ကို ချိုး​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ပစ်​ပြီး ထို​နေရာ​ကို လူသေအရိုး​များ​နှင့် အုပ်​ထား​လိုက်​လေ​၏​။
15ဗေသလ​မြို့​ရှိ ယဇ်ပလ္လင်​နှင့် အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သော​နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​တည်​ထား​ခဲ့​သည့် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို​လည်း ရှင်ဘုရင်​သည် ထို​ယဇ်ပလ္လင်​နှင့် အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​ပါ ဖြိုချ​ပစ်​ပြီး မီးရှို့​ကာ​အမှုန့်ချေ​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း မီးရှို့​ပစ်​၏​။ 16ထို့နောက် ယောရှိ​မင်းကြီး​သည် ဝန်းကျင်​ကို​လှည့်ကြည့်​လိုက်​သောအခါ တောင်​ပေါ်တွင် သင်္ချိုင်းဂူ​များ​ကို တွေ့​သဖြင့် လူ​လွှတ်​၍ သင်္ချိုင်းဂူ​အတွင်း​ရှိ အရိုး​တို့​ကို​ယူ​စေ​ပြီး ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့​၍ ယဇ်ပလ္လင်​ကို ညစ်ညူး​စေ​၏​။ ဤသို့ဖြင့် ဘုရားသခင်​၏​လူ ကြိုတင်​ဟောပြော​ခဲ့​သည့်​ထာဝရဘုရား​၏​စကား​တော်​များ​အတိုင်း ဤ​အရာ​တို့ ဖြစ်လာ​လေ​၏​။ 17ထို့ပြင် ရှင်ဘုရင်​က “​ငါ​လှမ်းမြင်​နေ​ရ​သော ကမ္ပည်းတိုင်​ကား မည်သူ့​သင်္ချိုင်းဂူ​နည်း​”​ဟု မေး​လျှင် မြို့သား​တို့​က “ဤ​ဗေသလ​ယဇ်ပလ္လင်​ကို အရှင်မင်းကြီး ယခု​ကဲ့သို့​ပြု​လိမ့်မည်​ဟု ကြိုတင်​ဟောပြော​ခဲ့​သည့် ယုဒ​ပြည်​မှ​လာ​သော​ဘုရားသခင့်​လူ​၏​သင်္ချိုင်းဂူ ဖြစ်​ပါ​၏”​ဟု လျှောက်တင်​ကြ​လျှင်
18ရှင်ဘုရင်​က “​ထို​သူ ဤ​အတိုင်း ရှိ​ပါစေ​။ မည်သူ​မျှ သူ့​အရိုး​တို့​ကို မ​ရွှေ့​ရ​”​ဟု အမိန့်ပေး​သဖြင့် ထို​သူ​၏​အရိုး​တို့​နှင့် ရှမာရိ​မြို့​မှ​လာ​သော ပရောဖက်​၏​အရိုး​တို့​ကို ဤအတိုင်း ရှိ​စေ​ကြ​၏​။
19အမျက်​တော်​ထွက်​စေ​ဖို့ အစ္စရေး​ဘုရင်​တို့ တည်​ထား​ခဲ့​သည့် ရှမာရိ​မြို့ရွာ​များ​ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​မှ​ဝတ်ကျောင်း​အားလုံး​ကို​လည်း ယောရှိ​မင်းကြီး​သည် ဗေသလ​မြို့​တွင် ပြု​ခဲ့​သည့်​အတိုင်း ဖယ်ရှား​ပစ်​၏​။ 20အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် အမှုဆောင်​သော​ယဇ်ပုရောဟိတ်​အားလုံး​ကို ယဇ်ပလ္လင်​ပေါ်တွင် ကွပ်မျက်​ပြီး သူ​တို့​အပေါ် လူသေအရိုး​တို့​ကို​တင်​၍ မီးရှို့​ပစ်​၏​။ ထို့နောက်မှ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏​။
ပသခါပွဲကျင်းပခြင်း
21ထို့နောက် ရှင်ဘုရင်​က ပြည်သူပြည်သား​အပေါင်း​တို့​အား “​ဤ​ပဋိညာဉ်​ကျမ်း​တွင် ရေးထား​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ပသခါပွဲ​ကို ကျင်းပ​ကြ​လော့​”​ဟု မိန့်ဆို​၏​။ 22အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ခဲ့​သော​တရားသူကြီး​များ​လက်ထက်​မှစ၍ အစ္စရေး​ဘုရင်​များ​နှင့် ယုဒ​ဘုရင်​များ​လက်ထက်​တစ်လျှောက်လုံး​တွင် ဤကဲ့သို့သော​ပသခါပွဲ​မျိုး တစ်ခါ​မျှ​မ​ကျင်းပ​ခဲ့​ဖူး​ချေ​။ 23ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​သို့​ရောက်​မှသာ ထာဝရဘုရား​အဖို့ ဤကဲ့သို့သော​ပသခါပွဲ​ကို ဂျေရုဆလင်​မြို့​တွင် ကျင်းပ​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။
ထာဝရဘုရားအဖို့ စိတ်အားထက်သန်သည်ထက် ထက်သန်ခြင်း
24ယောရှိ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၌ ယဇ်ပုရောဟိတ်​ဟိလခိ​တွေ့ရှိ​ခဲ့​သော​ကျမ်း​တွင်​ရေးသား​ထား​သည့် ပညတ်တရား​စကား​တော်​တို့​ကို စောင့်ထိန်း​ရန် ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​တွင်​တွေ့ရှိ​သော နတ်ဝင်သည်​များ​၊ နတ်ထိန်း​များ​၊ တေရပ်ရုပ်တု​အပါအဝင်​ရုပ်တုဆင်းတု​များ​နှင့် စက်ဆုပ်ရွံရှာဖွယ်​အရာ​အားလုံး​တို့​ကို​လည်း ဖယ်ရှား​ပစ်​၏​။ 25မောရှေ​၏​ပညတ်တရား​အတိုင်း စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​၊ အစွမ်းသတ္တိ​ရှိသမျှ​နှင့် ထာဝရဘုရား​ထံ ပြန်လာ​သော​ယောရှိ​မင်းကြီး​ကဲ့သို့​ဘုရင်​မျိုး ရှေးယခင်​က​လည်း မ​ရှိ​၊ သူ့​နောက်၌​လည်း မ​ရှိ​ပေ​။
26သို့သော် မနာရှေ​မင်းကြီး​ပြု​ခဲ့​သော​အမျက်​တော်​ထွက်စရာ​အမှု​အလုံးစုံ​တို့​ကြောင့် ထာဝရဘုရား​သည် ယုဒ​လူမျိုး​ကို ပြင်းစွာ​အမျက်ထွက်​သော​အရှိန်​မှာ မ​ငြိမ်း​ပေ​။ 27ထို့ကြောင့် ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​ကို ငါ​ဖယ်ရှား​ပစ်​သကဲ့သို့ ယုဒ​လူမျိုး​ကို​လည်း ငါ့​ရှေ့​မှ​ဖယ်ရှား​ပစ်​မည်​။ ငါ​ရွေးချယ်​ခဲ့​သော​ဂျေရုဆလင်​မြို့​နှင့် ‘ထို​နေရာ​၌​ငါ့​နာမ​ကို​တည်​စေ​မည်’​ဟု ငါ​ဆို​ခဲ့​သော​အိမ်​တော်​ကို ငါ​စွန့်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။
ယောရှိမင်းကြီးအနိစ္စရောက်ခြင်း
28ကျန်ရှိ​နေ​သော ယောရှိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#23:28 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။ 29ယောရှိ​မင်းကြီး​လက်ထက်​တွင် အီဂျစ်​ဘုရင်​ဖာရော​နေခေါ​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​ကို​တိုက်ခိုက်​ရန် ယူဖရေးတီး​မြစ်#23:29 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​သို့ စစ်ချီ​သွား​သည်​ကို ယောရှိ​မင်းကြီး​ထွက်လာ​၍ မေဂိဒ္ဒေါ​အရပ်​တွင် သူ့​ကို​ရင်ဆိုင်တိုက်ခိုက်​ရာ သူ​သည် ယောရှိ​မင်းကြီး​ကို​တွေ့​ပြီး ကွပ်မျက်​လိုက်​လေ​၏​။ 30ယောရှိ​မင်းကြီး​၏​အမှုထမ်း​တို့​သည် သူ့​အလောင်း​ကို မေဂိဒ္ဒေါ​အရပ်​မှ ဂျေရုဆလင်​မြို့​သို့ ရထား​ဖြင့်​သယ်သွား​ပြီး သူ့​သင်္ချိုင်းဂူ​တွင် သင်္ဂြိုဟ်​ကြ​၏​။ ထို့နောက် ပြည်သူပြည်သား​တို့​သည် ယောရှိ​မင်းကြီး​၏​သား​တော် ယောခတ်​ကို ဘိသိက်ပေး​၍ ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။
ယုဒဘုရင်ယောခတ်မင်းကြီး
31ယောခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​သုံး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် သုံး​လ​စိုးစံ​၏​။ မယ်တော်​ကား လိဗန​မြို့သား​ယေရမိ​၏​သမီး ဟာမုတလ​အမည်​ရှိ​၏​။ 32သူ​သည် ဘိုးဘေး​တို့​ပြု​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ 33ဖာရော​နေခေါ​မင်းကြီး​သည် သူ့​ကို ဂျေရုဆလင်​မြို့​တွင် နန်းချ​ပြီး ဟာမတ်​ပြည်​၊ ရိဗလ​မြို့​တွင် အကျဉ်းချထား​၍ တိုင်းပြည်​ကို​လည်း ငွေ​တာလန်​တစ်ရာ#23:33 “2200 ပိဿာ သို့မဟုတ် 3400 ကီလိုဂရမ်”။​၊ ရွှေ​တစ်တာလန်#23:33 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။ ဒဏ်တပ်​လေ​၏​။
ယုဒဘုရင်ယောယကိမ်မင်းကြီး
34ဖာရော​နေခေါ​မင်းကြီး​သည် ယောရှိ​မင်းကြီး​၏​သား​တော်​ဧလျာကိမ်​ကို ခမည်းတော်​ယောရှိ​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပြီး ယောယကိမ် ဟု​အမည်​ပြောင်း​ပေး​၏​။ ယောခတ်​မင်းကြီး​ကို အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​ပြီး ထို​ပြည်​တွင်​ပင် သူ​အနိစ္စရောက်​လေ​၏​။ 35ယောယကိမ်​မင်းကြီး​သည် ဖာရော​နေခေါ​မင်းကြီး​ကို ရွှေ​ငွေ​များ ဆက်သ​ရ​၏​။ သူ​သည် ဖာရော​မင်းကြီး​အမိန့်​ဖြင့် ဆက်သ​ရ​သော​အခွန်ငွေ​များ​ကို ပြည်သူပြည်သား​များ​ထံ ကောက်ခံ​၏​။ ဖာရော​နေခေါ​မင်းကြီး​ထံ ဆက်သ​ရ​မည့် ရွှေ​ငွေ​များ​ကို နှုန်းထား​သတ်မှတ်​၍ ပြည်သူပြည်သား​များ​ထံ အဓမ္မ​ကောက်ခံ​၏​။
36ယောယကိမ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​တစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ရုမာ​မြို့သား​ပေဒါယ​၏​သမီး ဇေဗုဒ​အမည်​ရှိ​၏​။ 37ယောယကိမ်​မင်းကြီး​သည် ဘိုးဘေး​တို့​ပြု​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in