YouVersion Logo
Search Icon

ဓမ္မရာဇဝင်ပထမစောင် 13

13
ရှောလုမင်းကြီးရှုံးနိမ့်မှု
1ရှောလု​သည် တစ်နှစ်​ခန့်​ဘုရင်​ဖြစ်လာ​ပြီး အစ္စရေး​လူမျိုး​ကို နှစ်​နှစ်​ခန့်​အုပ်စိုး​ပြီး​သောအခါ#13:1 တစ်ချို့ဂရိမူရင်းကျမ်း၌ “ရှောလုမင်းကြီးသည် သက်တော်သုံးဆယ်တွင် နန်းတက်၍ အစ္စရေးလူမျိုးတို့ကို လေးဆယ့်နှစ်နှစ် အုပ်စိုး၏”ဟု ဘာသာပြန်ထား၏။ 2အစ္စရေး​လူမျိုး​ထဲမှ လူ​အယောက်​သုံး​ထောင်​ကို ရွေးချယ်​၏​။ လူ​နှစ်ထောင်​သည် ရှောလု​မင်းကြီး​နှင့်အတူ မိတ်မတ်​မြို့​နှင့် ဗေသလ​တောင်ပေါ်ဒေသ​တို့​တွင် နေ​ရ​ပြီး ကျန်​လူ​တစ်ထောင်​သည် ယောနသန်​နှင့်အတူ ဗင်္ယာမိန်​နယ်​၊ ဂိဗာ​မြို့​တွင် နေ​ရ​၏​။ ကျန်​လူ​တို့​ကို​မူကား မိမိ​တို့​တဲ​သို့ အသီးသီး​ပြန်သွား​စေ​၏​။
3ယောနသန်​သည် ဂေဗ​မြို့​တွင် ဖိလိတ္တိ​မြို့စောင့်တပ်​များ​ကို တိုက်ခိုက်​ကြောင်း ဖိလိတ္တိ​လူမျိုး​တို့ ကြားသိ​လေ​၏​။ ရှောလု​မင်းကြီး​က​လည်း “​ဟေဗြဲ​လူမျိုး​တို့ ကြားသိ​စေ​”​ဟု ဆို​၍ ပြည်​တစ်လျှောက်လုံး​တွင် တံပိုးမှုတ်​စေ​၏​။ 4ရှောလု​မင်းကြီး​သည် ဖိလိတ္တိ​မြို့စောင့်တပ်​ကို တိုက်ခိုက်​၍ ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စက်ဆုပ်ရွံရှာ​ကြောင်း အစ္စရေး​လူမျိုး​အပေါင်း​တို့ ကြားသိ​သောအခါ သူ​တို့​သည် ရှောလု​မင်းကြီး​ရှိ​ရာ ဂိလဂါလ​မြို့​သို့ လာရောက်​စုရုံး​ကြ​၏​။
5ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် စုဝေး​ကြ​ပြီးလျှင် စစ်ရထား​သုံးသောင်း​၊ မြင်းစီးသူရဲ​ခြောက်​ထောင်​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ​များပြား​သော​စစ်သည်​တို့​နှင့်တကွ ချီတက်​လာ​၍ ဗေသဝင်​မြို့​အရှေ့ဘက် မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။
6အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​စစ်သည် အပြင်းအထန်​နှိမ်နင်း​ခံရ​၍ ဒုက္ခရောက်​နေ​သည်​ကို သိမြင်​လေ​၏​။ စစ်သည်​တို့​သည် လိုဏ်ဂူ​၊ ဆူးချုံတော​၊ ကျောက်ဆောင်​၊ မြေတွင်း​နှင့် လိုဏ်ခေါင်း​များ​ထဲ၌ ပုန်းအောင်း​နေ​ကြ​ရ​လေ​၏​။ 7ဟေဗြဲ​လူမျိုး​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက် ဂဒ်​ပြည်​၊ ဂိလဒ်​ပြည်​တို့​သို့ ကူးသွား​ကြ​၏​။ ရှောလု​မင်းကြီး​သည် ဂိလဂါလ​မြို့​၌​ပင်​ရှိ​ပြီး သူ​နှင့်အတူ​ရှိ​သော​စစ်သည်​အပေါင်း​တို့​မှာ​လည်း ကြောက်ရွံ့တုန်လှုပ်​နေ​ကြ​ပြီ​ဖြစ်​၏​။ 8ရှောလု​မင်းကြီး​သည် ရှမွေလ​ချိန်းချက်​ထား​သည့်​အတိုင်း ခုနစ်​ရက်​စောင့်​နေ​သော်လည်း ရှမွေလ​သည် ဂိလဂါလ​မြို့​သို့​ရောက်​မ​လာ​ချေ​။ လူ​တို့​သည်​လည်း ရှောလု​မင်းကြီး​ထံမှ တကွဲတပြား​ကွဲလွင့်​သွား​ကြ​ကုန်​၏​။ 9ထို့ကြောင့် ရှောလု​မင်းကြီး​က “​မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ငါ့​ထံသို့ ယူဆောင်​လာ​ကြ​လော့​”​ဟု ဆို​ပြီးလျှင် မီးရှို့ရာယဇ်​ကို​ပူဇော်​လေ​၏​။
10မီးရှို့ရာယဇ်​ကို​ပူဇော်​ပြီး​သည်​နှင့် ရှမွေလ​ရောက်လာ​ရာ ရှောလု​မင်းကြီး​သည် သူ​နှင့်​တွေ့ဆုံ​နှုတ်ဆက်​ရန် ထွက်လာ​၏​။ 11ရှမွေလ​က​လည်း သူ့​အား “​သင်​မည်သို့​ပြု​ဘိ​သနည်း​”​ဟု မေး​လျှင် ရှောလု​မင်းကြီး​က “​လူ​တို့​သည် အကျွန်ုပ်​ထံမှ ထွက်သွား​ကြ​ပြီ​။ အရှင်​လည်း ချိန်းချက်​ထား​သော​အချိန်​တွင် ရောက်​မ​လာ​။ ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မိတ်မတ်​မြို့​၌​စုဝေး​နေ​ကြ​သည်​ကို မြင်တွေ့​ရ​သောအခါ 12‘​ထာဝရဘုရား​ရှေ့​တော်​၌ ငါ​မျက်နှာ​မ​ရ​သေး​။ ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း ငါ​ရှိ​ရာ ဂိလဂါလ​မြို့​ကို လာတိုက်​တော့​မည်​’​ဟု တွေး​ပြီး အရဲစွန့်​၍ မီးရှို့ရာယဇ်​ကို​ပူဇော်​မိ​ခဲ့​ပါ​ပြီ​”​ဟု ဆို​လေ​၏​။
13ထိုအခါ ရှမွေလ​က ရှောလု​မင်းကြီး​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​မိန့်မှာ​ထား​သော​ပညတ်တော်​တို့​ကို မ​စောင့်ထိန်း​ဘဲ မိုက်မဲ​စွာ​ပြု​မိ​လေ​ပြီ​တကား​။ စောင့်ထိန်း​ခဲ့​လျှင် အစ္စရေး​နိုင်ငံ​အား အစဉ်​အုပ်စိုး​ရ​သော​အခွင့်​ကို သင့်​အား ထာဝရဘုရား​ပေး​တော်မူ​မည်​သာ​ဖြစ်​၏​။ 14ယခုမှာ သင့်​အား ထာဝရဘုရား မိန့်မှာ​ထား​သည့်​အတိုင်း သင်​မ​စောင့်ထိန်း​သောကြောင့် သင်​၏​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ထာဝရဘုရား​သည် မိမိ​စိတ်​နှင့်​တွေ့​သော​သူ​ကို ရှာ​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ထို​သူ​အား မိမိ​လူမျိုး​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။ 15ထို့နောက် ရှမွေလ​သည် ထ​၍ ဂိလဂါလ​မြို့​မှ ဗင်္ယာမိန်​နယ်​၊ ဂိဗာ​မြို့​သို့ တက်သွား​၏​။ ရှောလု​မင်းကြီး​သည် မိမိ​၌​ရှိ​သော​လူ​တို့​ကို​ရေတွက်​ကြည့်​ရာ လူ​အယောက်​ခြောက်​ရာ​ခန့်​ရှိ​၏​။
16ရှောလု​မင်းကြီး​နှင့် သူ့​သား​ယောနသန်​အပါအဝင် သူ​တို့​နှင့်အတူ​ရှိ​သော​လူ​တို့​သည် ဗင်္ယာမိန်​နယ်​၊ ဂေဗ​မြို့​၌​နေ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​မူကား မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။ 17ဖိလိတ္တိ​တပ်စခန်း​မှ အသေခံ​စစ်ကြောင်း သုံး​ကြောင်း​ထွက်​လာ​ပြီး တစ်​ကြောင်း​မှာ ရွာလ​ပြည်​၊ ဩဖရ​မြို့​လမ်း​အတိုင်း သွား​၏​။ 18နောက်တစ်ကြောင်း​မှာ ဗေသောရုန်​မြို့​သို့​သွား​သော​လမ်း​အတိုင်း​သွား​၏​။ ကျန်တစ်ကြောင်း​မှာ ဇေဘိုင်​ချိုင့်ဝှမ်း​ကို​အပေါ်​စီး​မှ​မြင်​ရ​သော​နယ်စပ်​လမ်း​အတိုင်း တောကန္တာရ​ဘက်​သို့ သွား​၏​။
19ဖိလိတ္တိ​လူမျိုး​တို့​က “​ဟေဗြဲ​လူမျိုး​တို့​ကို ဓား​၊ လှံ တစ်စုံတစ်ရာ​မျှ မ​လုပ်​စေ​နှင့်​”​ဟု ဆို​သဖြင့် ထိုစဉ်က အစ္စရေး​တစ်ပြည်လုံး​တွင် ပန်းပဲသမား​တစ်ယောက်မျှ မ​တွေ့​ရ​ချေ​။ 20ထို့ကြောင့် အစ္စရေး​လူထု​တစ်ရပ်လုံး မိမိ​တို့​၏​ပေါက်တူး​၊ ထယ်သွား​၊ ပုဆိန်​၊ တူးရွင်း​တို့​ကို​သွေး​လို​လျှင် ဖိလိတ္တိ​လူမျိုး​တို့​ထံသို့​သွား​၍ သွေး​ရ​၏​။ 21ထိုသို့ ပေါက်တူး​၊ ထယ်သွား​၊ သုံးခွခက်ရင်း​၊ ပုဆိန်​တို့ သွေးခ​၊ ချွန်း​တပ်ဆင်ခ​မှာ တစ်ပင်း#13:21 “တစ်ရှယ်ကယ်၏သုံးပုံနှစ်ပုံ”။​ဖြစ်​၏​။ 22ထို့ကြောင့် စစ်တိုက်​သော​နေ့​၌ ရှောလု​မင်းကြီး​နှင့် သား​တော်​ယောနသန်​၌​သာ ဓားလှံ​ရှိ​၏​။ ရှောလု​မင်းကြီး​၊ ယောနသန်​တို့​နှင့်အတူ​ရှိ​သော​စစ်သည်​တို့​၌​ကား ဓား​လှံ မ​ရှိ​ကြ​ချေ​။
ယောနသန်က ဖိလိတ္တိလူမျိုးတို့ကိုအောင်နိုင်ခြင်း
23ထို​အချိန်​တွင် ဖိလိတ္တိ​ကင်းတပ်​သည် မိတ်မတ်​မြို့​တောင်ကြား​လမ်း​သို့ ထွက်ခွာ​သွား​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ပထမစောင် 13