YouVersion Logo
Search Icon

ဓမ္မရာဇဝင်ပထမစောင် 12

12
အစ္စရေးလူမျိုးအပေါင်းတို့အား ရှမွေလနောက်ဆုံးစကားပြောခြင်း
1ထိုအခါ ရှမွေလ​က အစ္စရေး​လူမျိုး​အပေါင်း​တို့​အား “​ကြည့်ရှု​လော့​။ သင်​တို့​စကား​၊ သင်​တို့​ပြော​သမျှ​ကို ငါ​နားထောင်​ပြီး သင်​တို့​ကို အုပ်စိုး​မည့် ရှင်ဘုရင်​ကို ငါ​တင်မြှောက်​ပေး​ခဲ့​ပြီ​။ 2ယခုမှာ ကြည့်ရှု​လော့​။ သင်​တို့​ကို ဦးဆောင်​မည့် ရှင်ဘုရင်​မှာ သူ​ပင်​ဖြစ်​၏​။ ငါ​မူကား အသက်ကြီး​၍ ဆံပင်ဖြူ​လေ​ပြီ​။ ငါ့​သား​တို့​လည်း သင်​တို့​နှင့်အတူ​ရှိ​၏​။ ငါ​သည် ငယ်စဉ်​မှစ၍ ယနေ့​အထိ သင်​တို့​ကို ဦးဆောင်​ပေး​ခဲ့​ပြီ​။ 3ယခု သင်​တို့​ရှေ့​မှာ ငါ​ရှိ​၏​။ မည်သူ့​နွား​ကို ငါ​ယူ​ဖူး​သနည်း​၊ မည်သူ့​မြည်း​ကို ငါ​ယူ​ဖူး​သနည်း​။ မည်သူ့​ကို ငါ​လှည့်စား​ဖူး​သနည်း​။ မည်သူ့​ကို ငါ​ညှဉ်းဆဲ​ဖူး​သနည်း​။ မသိကျိုးကျွန်​ပြု​ရန်​အတွက် မည်သူ့​ထံမှ ငါ​လာဘ်​ယူ​ဖူး​သနည်း​။ ထာဝရဘုရား​ရှေ့​၊ ဘိသိက်ခံ​ဘုရင်​၏​ရှေ့​တွင် သင်​တို့​သက်သေ​ပြ​လော့​။ ရှိ​ခဲ့​လျှင် ငါ​ပြန်​ပေးဆပ်​မည်​”​ဟု ဆို​၏​။
4သူ​တို့​က​လည်း “​အရှင်​သည် အကျွန်ုပ်​တို့​ကို မ​လှည့်စား​ဖူး​ပါ​။ မ​ညှဉ်းဆဲ​ဖူး​ပါ​။ မည်သူ့​ထံမှ မည်သည့်​ပစ္စည်း​တစ်စုံတစ်ခု​ကို​မျှ​လည်း မ​ယူ​ဖူး​ပါ​”​ဟု ပြန်ပြော​ကြ​၏​။
5ရှမွေလ​က​လည်း “​သင်​တို့​ထံမှ မည်သည့်​ပစ္စည်း​တစ်စုံတစ်ရာ​မျှ မ​ယူ​ခဲ့​ကြောင်း ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ ယနေ့ ကိုယ်တော်​၏​ဘိသိက်ခံ​သူ​လည်း သက်သေ​ဖြစ်​၏​”​ဟု ဆို​လျှင် သူ​တို့​က​လည်း “​သက်သေ​ဖြစ်​ပါ​၏​”​ဟု ဆို​ကြ​၏​။
6တစ်ဖန် ရှမွေလ​က လူ​တို့​အား “​မောရှေ​နှင့်​အာရုန်​ကို ရွေးကောက်​ပြီး သင်​တို့​၏​ဘိုးဘေး​များ​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​စေ​သော​အရှင်​မှာ ထာဝရဘုရား​ပင်​ဖြစ်​၏​။ 7ယခု ရပ်​နေ​ကြ​လော့​။ သင်​တို့​နှင့် သင်​တို့​၏​ဘိုးဘေး​များ​အတွက် ထာဝရဘုရား​ပြု​တော်မူ​သည့် ဖြောင့်မတ်​သော​အမှု​ရှိသမျှ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ သင်​တို့​ကို ငါ​ရှင်းလင်းပြောပြ​မည်​။ 8ယာကုပ်​သည် အီဂျစ်​ပြည်​သို့ ရောက်သွား​ပြီးနောက် သင်​တို့​၏​ဘိုးဘေး​တို့​သည် ထာဝရဘုရား​ထံ အော်ဟစ်​ကြ​၏​။ ထိုအခါ ထာဝရဘုရား​သည် မောရှေ​နှင့်​အာရုန်​ကို စေလွှတ်​တော်မူ​၍ သူ​တို့​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ဤ​အရပ်​တွင် နေထိုင်​စေ​၏​။ 9သို့သော် သင်​တို့​၏​ဘိုးဘေး​တို့​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​မေ့လျော့​ကြ​သဖြင့် ကိုယ်တော်​သည် သူ​တို့​ကို ဟာဇော်​စစ်သူကြီး​သိသရ​၏​လက်​သို့​လည်းကောင်း​၊ ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့​လည်းကောင်း​၊ မောဘ​ရှင်ဘုရင်​တို့​လက်​သို့​လည်းကောင်း အပ်လိုက်​တော်မူ​၏​။ ထို​သူ​တို့​သည်​လည်း ဘိုးဘေး​တို့​ကို တိုက်ခိုက်​လေ​၏​။ 10ထိုအခါ သူ​တို့​က ‘​အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို ပြစ်မှား​မိ​ပါ​ပြီ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​စွန့်ပယ်​၍ ဗာလ​ဘုရား​များ​နှင့် အာရှတရက်​ဘုရား​များ​ကို​ဝတ်ပြု​ကြ​ပါ​၏​။ သို့သော် ယခု အကျွန်ုပ်​တို့​ကို ရန်သူ​တို့​လက်​မှ ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို​ဝတ်ပြု​ကြ​ပါ​မည်​’​ဟု ထာဝရဘုရား​ထံ အော်ဟစ်​ကြ​၏​။ 11ထို့ကြောင့် ထာဝရဘုရား​သည် ယေရုဗ္ဗာလ​၊ ဗေဒန်#12:11 သို့မဟုတ် “ဗာရက်”။​၊ ယေဖသ​နှင့် ရှမွေလ​တို့​ကို​စေလွှတ်​၍ သင်​တို့​ဝန်းကျင်​ရှိ​ရန်သူ​တို့​လက်​မှ သင်​တို့​ကို ကယ်နုတ်​တော်မူ​သဖြင့် သင်​တို့​သည် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​ကြ​၏​။ 12အမ္မုန်​ဘုရင်​နာဟတ်​မင်းကြီး စစ်ချီ​လာ​သည်​ကို သင်​တို့​မြင်​သောအခါ ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​၏​ဘုရင်​ဖြစ်​နေ​လျက်​နှင့်​ပင် သင်​တို့​က ငါ့​အား ‘​မ​ဟုတ်​ပါ​၊ အကျွန်ုပ်​တို့​ကို အုပ်စိုး​မည့်​ရှင်ဘုရင်​ကို ခန့်ပေး​ပါ​’​ဟု တောင်းဆို​ကြ​၏​။
13ထို့ကြောင့် ယခု ကြည့်ရှု​လော့​။ သင်​တို့​ရွေးချယ်​သော​ရှင်ဘုရင်​၊ သင်​တို့​တောင်းဆို​သော​ရှင်ဘုရင်​သည် ဤ​သူ​ပင်တည်း​။ သင်​တို့​ကို အုပ်စိုး​မည့် ရှင်ဘုရင်​ကို ထာဝရဘုရား ခန့်ထား​တော်မူ​ပြီ​။ 14သင်​တို့​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​၍ အမှု​တော်​ကို​ထမ်းဆောင်​လျက် စကား​တော်​ကို​နာခံ​ပြီး ထာဝရဘုရား​၏​အမိန့်​တော်​ကို မ​ဖီဆန်​လျှင်​၊ သင်​တို့​နှင့်တကွ သင်​တို့​ကို​အုပ်စိုး​သော​ရှင်ဘုရင်​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့​လိုက်​လျှင် ချမ်းသာ​ရာ​ရ​ကြ​လိမ့်မည်​။ 15အကယ်၍ သင်​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​ဘဲ ထာဝရဘုရား​၏​အမိန့်​တော်​ကို​ဖီဆန်​လျှင် ထာဝရဘုရား​၏​လက်​တော်​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို ဒဏ်ခတ်​သကဲ့သို့ သင်​တို့​ကို ဒဏ်ခတ်​တော်မူ​မည်​။
16ယခု ရပ်​နေ​ကြ​လော့​။ သင်​တို့​ရှေ့​၌ ထာဝရဘုရား​ပြု​တော်မူ​မည့်​အမှု​ကြီး​ကို ကြည့်​ကြ​လော့​။ 17ယနေ့​သည် ဂျုံ​ရိတ်သိမ်း​သော​နေ့​မ​ဟုတ်​လော​။ ထာဝရဘုရား​သည် မိုးချုန်းသံ​နှင့်တကွ မိုး​ကို​ရွာသွန်း​စေ​မည့်​အကြောင်း ငါ​သည် ထာဝရဘုရား​ထံ ဆုတောင်း​မည်​။ သင်​တို့​အဖို့ ရှင်ဘုရင်​ကို​တောင်းဆို​ခြင်း​အမှု​သည် ထာဝရဘုရား​ရှေ့​တော်​၌ မည်မျှ​အပြစ်​ကြီး​ကြောင်း​ကို သင်​တို့​သိမြင်​ရ​လိမ့်မည်​”​ဟု ဆို​ပြီးလျှင် 18ရှမွေလ​သည် ထာဝရဘုရား​ထံ ဆုတောင်း​သောအခါ ထို​နေ့​တွင် ထာဝရဘုရား​သည် မိုးချုန်းသံ​နှင့်တကွ မိုး​ကို ရွာသွန်း​စေ​တော်မူ​သဖြင့် လူ​အပေါင်း​တို့​သည် ထာဝရဘုရား​နှင့်​ရှမွေလ​ကို အလွန်​ကြောက်ရွံ့​ကြ​လေ​၏​။
19ထို့ကြောင့် လူ​အပေါင်း​တို့​က ရှမွေလ​အား “​အကျွန်ုပ်​တို့​သည် ရှင်ဘုရင်​ကို​တောင်းဆို​ခြင်း​ဖြင့် အကျွန်ုပ်​တို့​၏​အပြစ်​အလုံးစုံ​တို့​အပေါ်​၌ ထပ်၍​မကောင်းမှု​ကို​ပြု​မိ​ပါ​ပြီ​။ အကျွန်ုပ်​တို့ မ​သေ​ရ​မည့်​အကြောင်း အရှင်​၏​အစေအပါး အကျွန်ုပ်​တို့​အဖို့ အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။
20ရှမွေလ​က​လည်း လူ​တို့​အား “​သင်​တို့​မ​ကြောက်​ကြ​ပါ​နှင့်​။ ဤ​မကောင်းမှု​အလုံးစုံ​ကို ပြု​မိ​ခဲ့​ကြ​သော်လည်း ယခုမှာ ထာဝရဘုရား​နောက်​တော်​သို့​လိုက်​ခြင်း​မှ မ​လွှဲသွား​ကြ​ပါ​နှင့်​။ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကြ​ပါ​လော့​။ 21အကျိုး​မ​ပေး​သော​၊ မ​ကယ်တင်​နိုင်​သော​အချည်းနှီး​သော​အရာ​တို့​နောက်​သို့​လိုက်​၍ လမ်း​မ​လွဲ​ကြ​နှင့်​။ ထို​အရာ​တို့​သည် အချည်းနှီးသက်သက်​ဖြစ်​ကြ​၏​။ 22ထာဝရဘုရား​သည် ကြီးမြတ်​သော​နာမ​တော်​ကို ထောက်​၍ မိမိ​၏​လူမျိုး​တော်​ကို စွန့်ပစ်​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ကို မိမိ​လူမျိုး​တော်​ဖြစ်​စေဖို့ အလိုရှိ​တော်မူ​၏​။
23ငါ​မူကား သင်​တို့​အဖို့ ဆု​မ​တောင်း​ဘဲ​နေ​ခြင်း​အားဖြင့် ထာဝရဘုရား​ကို​ပြစ်မှား​ခြင်း​သည် ငါ​နှင့်​ဝေး​ပါစေ​။ ငါ​သည် သင်​တို့​အား ကောင်းမြတ်​သော​လမ်း​၊ မှန်ကန်​သော​လမ်း​ကို သွန်သင်​ပြသ​လျက်​နေ​ပါ​မည်​။ 24ထာဝရဘုရား​သည် သင်​တို့​အဖို့ မည်မျှ​ကြီးမား​သော​အမှု​ပြု​တော်မူ​သည်​ကို ဆင်ခြင်​၍ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ကြ​လော့​။ သစ္စာရှိ​လျက် ကိုယ်တော့်​ကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကြ​လော့​။ 25သင်​တို့​သည် ဆိုးညစ်​သော​အမှု​ကို​ပြုမြဲပြု​နေ​မည်​ဆို​လျှင် သင်​တို့​သာမက သင်​တို့​၏​ရှင်ဘုရင်​လည်း ဖျက်ဆီးသုတ်သင်​ခြင်း​ခံရ​မည်​”​ဟု သူ​တို့​အား ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ပထမစောင် 12