YouVersion Logo
Search Icon

ဓမ္မရာဇဝင်တတိယစောင် 9

9
ထာဝရဘုရားထံတော်မှ စကားသံကြားရခြင်း
1ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ ရှင်ဘုရင်​နန်းတော်​နှင့် မိမိ​ဆန္ဒ​အတိုင်း​တည်ဆောက်​လို​သမျှ​ကို တည်ဆောက်​ပြီးစီး​သောအခါ 2ထာဝရဘုရား​က ဂိဗောင်​မြို့​၌ ကိုယ်ထင်ရှားပြ​ခဲ့​သကဲ့သို့ ရှောလမုန်​မင်းကြီး​အား ဒုတိယအကြိမ် ထင်ရှားပြ​တော်မူ​၏​။ 3ထာဝရဘုရား​က သူ့​အား “​ငါ့​ရှေ့မှောက်​တွင် သင်​ဆုတောင်း​အသနားခံ​သည်​ကို ငါ​နားညောင်း​ပြီ​။ သင်​တည်ဆောက်​သော​ဤ​အိမ်​တော်​ကို ငါ​သန့်ရှင်း​စေ​မည်​။ ငါ့​နာမ​အဖို့ အစဉ်​တည်​စေ​မည်​။ ဤ​အိမ်​တော်​ကို ငါ​အစဉ်အမြဲ​ကြည့်ရှု​နှလုံးသွင်း​မည်​။ 4သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​အတိုင်း​၊ သင်​သည် ငါ​မိန့်မှာ​ထား​သည့်​အတိုင်း လုပ်ဆောင်​၍ ငါ​၏​ပညတ်ချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​လျက် ငါ့​ရှေ့မှောက်​တွင် စိတ်နှလုံး​တည်ကြည်​ဖြောင့်မတ်​စွာ အသက်ရှင်​လျှောက်လှမ်း​လျှင် 5သင့်​ခမည်းတော်​ဒါဝိဒ်​အား ‘​အစ္စရေး​ရာဇပလ္လင်​ပေါ်တွင် သင်​၏​မျိုးဆက်​မ​ပြတ်​ရ​’​ဟု ငါ​ကတိထား​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​ကို​အုပ်စိုး​ရန် သင်​၏​ရာဇပလ္လင်​ကို ငါ​အစဉ်​တည်​စေ​မည်​။ 6သို့သော် သင်​နှင့်​သင့်​သားမြေး​တို့​သည် ငါ့​ထံမှ​ကျောခိုင်း​သွား​ပြီး သင်​တို့​အား ငါ​မိန့်မှာ​ထား​သော​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို မ​စောင့်ထိန်း​ဘဲ အခြား​ဘုရား​များ​ကို သွား​၍​ဝတ်ပြု​ကိုးကွယ်​မည်​ဆို​လျှင် 7အစ္စရေး​လူမျိုး​တို့​ကို ငါ​ပေး​ထား​သော​ပြည်​ပေါ်​မှ ငါ​ဖယ်ရှား​ပစ်​မည်​။ ငါ့​နာမ​အဖို့ ငါ​သန့်ရှင်း​စေ​သော​အိမ်​တော်​ကို​လည်း ငါ့​ရှေ့မှောက်​မှ ဖယ်ရှား​ပစ်​မည်​။ အစ္စရေး​လူမျိုး​တို့​သည် လူမျိုး​တကာ​တို့​အလယ်​တွင် ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ ဖြစ်​ရ​လိမ့်မည်​။ 8ဤ​သန့်ရှင်းမြင့်မြတ်​သော#9:8 အချို့မူကွဲကျမ်း၌ “အပျက်အစီးပုံကြီးဖြစ်သွားသော”။​အိမ်​တော်​အနား​မှ ဖြတ်သွား​သော​သူ​တိုင်း အံ့အားသင့်​လျက် ကဲ့ရဲ့​ကြ​လိမ့်မည်​။ ‘​ဤ​ပြည်​နှင့် ဤ​အိမ်​တော်​ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့​ပြု​တော်မူ​သနည်း​’​ဟု ဆို​ကြ​လိမ့်မည်​။ 9ထိုအခါ လူ​တို့​က ‘​သူ​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ခဲ့​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သူ​တို့​စွန့်ပယ်​၍ အခြား​သော​ဘုရား​တို့​ကို ဆည်းကပ်​လျက် ပျပ်ဝပ်​ကိုးကွယ်​ကြ​သောကြောင့် ထာဝရဘုရား​သည် သူ​တို့​အား ဤ​ဘေးအန္တရာယ်​အပေါင်း​နှင့် ကြုံတွေ့​စေ​တော်မူ​ပြီ​’​ဟူ၍ ပြန်ပြော​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
ဟိရံမင်းကြီးအား မြို့နှစ်ဆယ်ကိုပေးခြင်း
10ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ရှင်ဘုရင်​နန်းတော်​တည်းဟူသော အဆောက်အအုံ​နှစ်​ခု​ကို တည်ဆောက်​ချိန် အနှစ်​နှစ်ဆယ်​ကြာ​သောအခါ 11တိုင်ရာ​ဘုရင်​ဟိရံ​မင်းကြီး​သည် ရှောလမုန်​မင်းကြီး​အား သစ်ကတိုးသား​၊ ထင်းရှူးသား​နှင့် ရွှေ​တို့​ကို အလိုရှိ​သမျှ​ပံ့ပိုး​ပေး​ခဲ့​သဖြင့် ရှောလမုန်​မင်းကြီး​သည် ဟိရံ​မင်းကြီး​အား ဂါလိလဲ​ပြည်​ရှိ မြို့​နှစ်ဆယ်​မြို့​ကို​ပေး​လေ​၏​။ 12ထို့ကြောင့် ဟိရံ​မင်းကြီး​သည် တိုင်ရာ​မြို့​မှ​ထွက်လာ​၍ ရှောလမုန်​မင်းကြီး​ပေး​သော​မြို့​များ​ကို သွားရောက်​ကြည့်ရှု​ရာ ထို​မြို့​များ​ကို စိတ်တိုင်းမကျ​ဖြစ်​လျက် 13“​ညီ​တော်​၊ သင်​ပေး​သော​မြို့​ကား အဘယ်သို့နည်း​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​မြို့​များ​ကို ကာဗုလ​မြေ​ဟု ယနေ့​တိုင် ခေါ်ဝေါ်​ကြ​လေ​၏​။ 14ဟိရံ​မင်းကြီး​သည် ရှင်ဘုရင်​အား ရွှေ​တာလန်​တစ်ရာ့​နှစ်ဆယ်#9:14 “2652 ပိဿာ သို့မဟုတ် 4080 ကီလိုဂရမ်”။​ကို ဆက်သ​ခဲ့​သေး​၏​။
ရှောလမုန်မင်းကြီး လုပ်သားအင်အားတိုးထားခြင်း
15ဤသို့ ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ သူ​စံမြန်း​ရန်​နန်းတော်​၊ မိလ္လော#9:15 “အဓိပ္ပာယ်မသေချာပါ။ ခံတပ်၊ သို့မဟုတ် ကတုတ်၊ သို့မဟုတ် မြို့ ဖြစ်နိုင်သည်”။​၊ ဂျေရုဆလင်​မြို့ရိုး​၊ ဟာဇော်​မြို့​၊ မေဂိဒ္ဒေါ​မြို့​၊ ဂေဇာ​မြို့​တို့​ကို တည်ဆောက်​ရန် အလုပ်ကြမ်းသမား​များ​ကို ခေါ်ယူ​ခဲ့​ရ​၏​။ 16အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် ဂေဇာ​မြို့​ကို ချီတက်​သိမ်းပိုက်​ပြီး မီး​ရှို့​၍ ထို​မြို့သား​ခါနာန်​လူမျိုး​တို့​အား သတ်​ပြီးလျှင် ထို​မြို့​ကို မိမိ​သမီး​တော် ရှောလမုန်​မင်းကြီး​၏​မိဖုရား​အား လက်ဖွဲ့​အဖြစ် ပေး​ခဲ့​၏​။ 17ရှောလမုန်​မင်းကြီး​သည် ဂေဇာ​မြို့​အပါအဝင် အောက်​ဗေသောရုန်​မြို့​ကို​လည်း ပြန်လည်​တည်ဆောက်​၏​။ 18ထို့ပြင် မိမိ​ပိုင်နက်​ထဲရှိ ကန္တာရ​အရပ်​တွင် ဗာလတ်​မြို့​၊ တာဒမော်​မြို့​၊ 19ရှောလမုန်​ဘဏ္ဍာသိုလှောင်ရာ​မြို့​များ​၊ စစ်ရထား​မြို့​များ​၊ မြင်းစီးသူရဲ​မြို့​များ​သာမက ဂျေရုဆလင်​မြို့​၊ လက်ဘနွန်​တောင်​အပါအဝင် မိမိ​အုပ်စိုး​ရာ​နယ်မြေ​ရှိသမျှ​တို့​တွင် ဆောက်​လို​သော​အဆောက်အအုံ​များ​ကို​လည်း စိတ်တိုင်းကျ​ဆောက်လုပ်​လေ​၏​။
20အစ္စရေး​လူမျိုး​မ​ဟုတ်​သော အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ထဲမှ ကြွင်းကျန်​သော​လူမျိုး​အားလုံး​နှင့် 21အစ္စရေး​အမျိုးသား​တို့ အကုန်အစင်​မ​သုတ်သင်​နိုင်​ခဲ့​ဘဲ တိုင်းပြည်​တွင်​ကြွင်းကျန်​နေ​ခဲ့​သော​သူ​တို့​၏​သားမြေး​များ​ကို ရှောလမုန်​မင်းကြီး​သည် အလုပ်ကြမ်းသမား​များ​အဖြစ် ယနေ့​တိုင်အောင်​ထားရှိ​၏​။ 22ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို ကျွန်​အဖြစ်​မ​ထားရှိ​ဘဲ စစ်သူရဲ​များ​၊ မင်းမှုထမ်း​များ​၊ အကြီးအကဲ​များ​၊ တပ်မှူး​များ​၊ ရထားမှူး​များ​၊ မြင်းစီးသူရဲ​များ​အဖြစ် ထားရှိ​၏​။ 23ရှောလမုန်​မင်းကြီး​၏​ဆောက်လုပ်ရေး​လုပ်ငန်း​တွင် အလုပ်သမား​များ​ကို​ကြီးကြပ်​သော အကြီးအကဲ​အယောက်​ငါး​ရာ့​ငါးဆယ်​ရှိ​၏​။
ရှောလမုန်မင်းကြီး လုပ်ဆောင်ခဲ့သောအခြားအရာများ
24ဖာရော​မင်းကြီး​၏​သမီး​တော်​သည် ဒါဝိဒ်​မြို့​မှ​ထွက်​၍ သူ့​အတွက် ရှောလမုန်​မင်းကြီး​ဆောက်လုပ်​ပေး​သော နန်းဆောင်​သို့ ပြောင်း​နေ​၏​။ ရှောလမုန်​မင်းကြီး​သည် မိလ္လော​ကို​လည်း တည်ဆောက်​၏​။
25ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​အဖို့​တည်ဆောက်​သော​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို တစ်​နှစ်​လျှင် သုံး​ကြိမ်​ပူဇော်​၏​။ နံ့သာပေါင်း​ကို​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် မီးရှို့ပူဇော်​၏​။ ဤသို့ဖြင့် အိမ်​တော်​ကို လက်စသတ်​လေ​၏​။
26ထို့ပြင် ရှောလမုန်​မင်းကြီး​သည် ဧဒုံ​ပြည်​၊ ပင်လယ်​နီ​ကမ်းခြေ​ရှိ ဧလတ်​မြို့​အနီး ဧဇယုန်ဂါဗာ​မြို့​တွင် သင်္ဘော​ကို​တည်ဆောက်​၏​။ 27ဟိရံ​မင်းကြီး​သည် ပင်လယ်ပြင်​အကြောင်း​ကို သိနားလည်​သော မိမိ​၏​အမှုထမ်း​သင်္ဘောသား​တို့​ကို ရှောလမုန်​မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ သင်္ဘော​လိုက်​စေ​၏​။ 28သူ​တို့​သည် ဩဖိရ​မြို့​သို့​ရွက်လွှင့်​သွား​ပြီး ရွှေ​တာလန်​လေး​ရာ့​နှစ်ဆယ်#9:28 “9282 ပိဿာ သို့မဟုတ် 14280 ကီလိုဂရမ်”။​ယူဆောင်​လာ​၍ ရှောလမုန်​မင်းကြီး​ကို​ဆက်သ​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in