YouVersion Logo
Search Icon

ဓမ္မရာဇဝင်တတိယစောင် 10

10
ရှေဘဘုရင်မ
1ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ရှောလမုန်​မင်းကြီး ဂုဏ်သတင်းကြီး​သည်​ကို ရှေဘ​ဘုရင်မ ကြားသိ​သောအခါ ရှောလမုန်​မင်းကြီး​ကို စကားထာဝှက်​၍ ပညာစမ်း​ရန် ရောက်ရှိ​လာ​၏​။ 2သူ​သည် မြောက်မြား​စွာ​သော အမွှေးနံ့သာ​များ​၊ ရွှေ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် နောက်လိုက်​ဗိုလ်ပါ​အများအပြား​တို့​နှင့် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ရှောလမုန်​မင်းကြီး​ထံသို့​ဝင်​ကာ စိတ်​ထဲ၌​ရှိသမျှ​တို့​ကို မေးမြန်း​ပြောဆို​လေ​၏​။ 3ရှောလမုန်​မင်းကြီး​သည် သူ​မေး​သမျှ​မေးခွန်း​တို့​ကို ဖြေကြား​နိုင်​၏​။ မင်းကြီး​အဖို့ မ​ဖြေ​နိုင်​လောက်အောင် ခက်ခဲ​သည့်​မေးခွန်း​ဟူ၍ တစ်​ခု​မျှ​မ​ရှိ​။ 4ရှေဘ​ဘုရင်မ​သည် ဉာဏ်ပညာ​အလုံးစုံ​နှင့်​ပြည့်စုံ​သော​ရှောလမုန်​မင်းကြီး​နှင့် သူ​တည်ဆောက်​သော​နန်းတော်​၊ 5စားသောက်ပွဲ​တည်ခင်းပုံ​၊ မင်းမှုထမ်း​တို့​၏​နေရာထိုင်ခင်း​၊ အမှုထမ်း​တို့​တာဝန်ထမ်းဆောင်ပုံ​နှင့် ဝတ်စားဆင်ယင်ပုံ​၊ ဖလားတော်ဝန်​များ​၊ ထာဝရဘုရား​၏​အိမ်​တော်​တွင် ပူဇော်​သော​မီးရှို့ရာယဇ်​များ စသည်​တို့​ကို မြင်​သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်​ရ​လေ​၏​။
6ထို့ကြောင့် ရှင်ဘုရင်​အား “​အကျွန်ုပ်​တိုင်းပြည်​၌ ကြားသိ​နေ​ရ​သော မင်းကြီး​၏​အောင်မြင်မှု​သတင်း​၊ ဉာဏ်ပညာ​သတင်း​များ​သည် အမှန်ပင်​ဖြစ်​ပေ​၏​။ 7အကျွန်ုပ်ကိုယ်တိုင် ဤ​နေရာ​သို့​လာ​၍ မျက်စိ​ဖြင့်​မ​မြင်​ရ​မီ​အထိ ဤ​သတင်း​ကို မ​ယုံကြည်​ခဲ့​ပါ​။ အကျွန်ုပ်​ကြားသိ​ထား​သော​အရာ​သည် ထက်ဝက်​မျှ​ပင်​မ​ရှိ​ပါ​။ မင်းကြီး​၏​ဉာဏ်ပညာ​နှင့် စည်းစိမ်​များ​သည် အကျွန်ုပ်​ကြားသိ​ရ​သည်​ထက် သာလွန်​နေ​ပါ​သည်​တကား​။ 8မင်းကြီး​ထံ​ခစား​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။ ရှေ့​တော်​တွင် အစဉ်​အမှုထမ်း​ရ​ပြီး မင်းကြီး​၏​ပညာစကား​ကို ကြားနာ​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။ 9မင်းကြီး​ကို​နှစ်သက်မြတ်နိုး​၍ အစ္စရေး​ရာဇပလ္လင်​တွင် စံမြန်း​စေ​တော်မူ​သော မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာ​ရှိ​စေ​သတည်း​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို ထာဝရ​ချစ်​တော်မူ​သည်​ဖြစ်၍ သူ​တို့​ကို တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ​စီရင်အုပ်ချုပ်​ရန် မင်းကြီး​ကို ရှင်ဘုရင်​အဖြစ် ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။
10ထို့နောက် သူ​သည် ရှင်ဘုရင်​အား ရွှေ​တာလန်​တစ်ရာ့​နှစ်ဆယ်#10:10 “2652 ပိဿာ သို့မဟုတ် 4080 ကီလိုဂရမ်”။​၊ မြောက်မြား​စွာ​သော​အမွှေးနံ့သာ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ဆက်သ​လေ​၏​။ ရှောလမုန်​မင်းကြီး​အား ရှေဘ​ဘုရင်မ ဆက်သ​ခဲ့​သော များပြား​လှ​သော​အမွှေးနံ့သာ​မျိုး နောက်ထပ် ရောက်​မ​လာ​တော့​ချေ​။
11ထို့ပြင် ဟိရံ​မင်းကြီး​၏​သင်္ဘော​များ​သည် ဩဖိရ​အရပ်​မှ​ရွှေ​များ​ယူဆောင်​လာ​သည့်​အပြင် ဩဖိရ​အရပ်​မှ စန္ဒကူး​သစ်သား​အများအပြား​နှင့် အဖိုးတန်​ကျောက်​များ​ကို​လည်း တင်ဆောင်​လာ​ပေး​၏​။ 12ရှင်ဘုရင်​သည် စန္ဒကူး​သစ်သား​များ​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​လက်ရန်း​နှင့် ဘုရင့်​နန်းတော်​လက်ရန်း​၊ သီချင်းသည်​တို့​အတွက် စောင်းကောက်​စောင်းပြား​များ​ကို ပြုလုပ်​၏​။ ထိုမျှလောက်​များပြား​လှ​သော​စန္ဒကူး​သစ်သား​တို့​သည် ယနေ့​တိုင်အောင် ထပ်၍​မ​ရောက်လာ​၊ ၎င်း​တို့​ကို ထပ်၍​လည်း​မ​တွေ့​ရ​တော့​ပေ​။
13ရှောလမုန်​မင်းကြီး​သည်​လည်း ရှေဘ​ဘုရင်မ​အား စေတနာ​အလျောက် လက်ဆောင်​များ​ကို ပေး​သည့်​အပြင် သူ​အလို​ရှိသမျှ တောင်း​သမျှ​တို့​ကို​လည်း ပေး​သေး​၏​။ ထို့နောက် ဘုရင်မ​သည် မိမိ​နောက်လိုက်ဗိုလ်ပါ​များ​နှင့်အတူ မိမိ​ပြည်​သို့ ပြန်သွား​လေ​၏​။
ရှောလမုန်မင်းကြီး ပိုင်သောစည်းစိမ်ဥစ္စာများ
14ရှောလမုန်​မင်းကြီး​ထံ နှစ်စဉ်​ရောက်လာ​သော​ရွှေ​အလေးချိန်​မှာ ရွှေ​တာလန် ခြောက်​ရာ​ခြောက်ဆယ်​ခြောက်​တာလန်#10:14 “14719 ပိဿာ သို့မဟုတ် 22644 ကီလိုဂရမ်”။​ရှိ​၏​။ 15ထို့ပြင် ကုန်သည်​များ​၊ အရောင်းအဝယ်သမား​များ​၊ အာရေဗျ​ဘုရင်​အပေါင်း​တို့​နှင့် တိုင်းပြည်​တွင်း​ရှိ​ဘုရင်ခံ​တို့​ထံမှ​လည်း ရရှိ​သေး​၏​။
16ရှောလမုန်​မင်းကြီး​သည် ဒိုင်းလွှား​ကြီး​အခု​နှစ်ရာ​ကို​လည်း ရွှေ​ဖြင့်​ထု​လုပ်​၏​။ ဒိုင်းလွှား​ကြီး​တစ်ခုစီ​တွင် ရွှေ​အချိန်​ခြောက်​ရာ​ရှယ်ကယ်#10:16 “4.5 ပိဿာ သို့မဟုတ် 6.​9 ကီလိုဂရမ်”​ပါဝင်​၏​။ 17ဒိုင်းလွှားငယ်​အခု​သုံး​ရာ​ကို​လည်း ရွှေ​ဖြင့်​ထုလုပ်​၏​။ ဒိုင်းလွှားငယ်​တစ်ခုစီ​တွင် ရွှေ​အချိန်​သုံး​မိနာ့#10:17 “1800 ဂရမ်”။​ပါဝင်​၏​။ ရှင်ဘုရင်​သည် ထို​ဒိုင်းလွှား​တို့​ကို လက်ဘနွန်​တော​စံနန်းဆောင်​တွင် ထားရှိ​၏​။
18ထို့ပြင် ရှင်ဘုရင်​သည် ဆင်စွယ်​ရာဇပလ္လင်​ကြီး​ကို ထုလုပ်​ပြီး ရွှေ​စင်​ဖြင့်​မွမ်းမံ​ထား​၏​။ 19ထို​ပလ္လင်​သည် လှေကား​ခြောက်​ထစ်​ရှိ​ပြီး နောက်မှီ​ထိပ်​သည် အဝိုင်းပုံ​ဖြစ်​၏​။ ထိုင်ခုံ​၏​ဘေး​တစ်ဖက်တစ်ချက်​တွင် လက်ရန်း​များ​ပါရှိ​ပြီး လက်ရန်း​ဘေးနား​တွင် ရပ်​နေ​သော​ခြင်္သေ့​ရုပ်​နှစ်​ရုပ်​ရှိ​၏​။ 20လှေကားထစ်​ခြောက်​ထစ်​တွင် တစ်ထစ်စီ​၏​ထိပ်​တစ်ဖက်စီ​တွင် ရပ်​နေ​သော​ခြင်္သေ့ရုပ်​တစ်ရုပ်စီ စုစုပေါင်း​ခြင်္သေ့ရုပ်​တစ်ဆယ့်​နှစ်​ရုပ်​ပါရှိ​၏​။ ထိုကဲ့သို့သော​ပလ္လင်​မျိုး​သည် မည်သည့်​တိုင်းပြည်​တွင်​မျှ​မ​ရှိ​။
21ရှောလမုန်​မင်းကြီး​၏​ဖလား​အသုံးအဆောင်​အားလုံး​မှာ ရွှေ​ဖြင့်​ပြုလုပ်​ထား​၏​။ လက်ဘနွန်​တော​စံနန်းဆောင်​၏​အသုံးအဆောင်​အားလုံး​မှာ​လည်း ရွှေ​စင်​ဖြင့်​ပြုလုပ်​ထား​၏​။ ငွေထည်​ပစ္စည်း​တစ်​ခု​မျှ​မ​ရှိ​။ ရှောလမုန်​မင်းကြီး​လက်ထက်​တွင် ငွေ​သည် တန်ဖိုး​မ​ရှိ​ဟု မှတ်ယူ​ကြ​၏​။ 22ရှင်ဘုရင်​ပိုင် တာရှု​သင်္ဘော​သည် ဟိရံ​မင်းကြီး​ပိုင်​သင်္ဘော​နှင့်အတူ ပင်လယ်​တွင် ကူးသန်း​သွားလာ​၏​။ ထို​တာရှု​သင်္ဘော​သည် သုံး​နှစ်​တစ်ခါ ပြန်လာ​ပြီး ရွှေ​ငွေ​များ​၊ ဆင်စွယ်​များ​၊ မျောက်ဝံ​များ​၊ ဒေါင်း​များ​ကို ယူဆောင်​လာ​လေ့​ရှိ​၏​။
23ရှောလမုန်​မင်းကြီး​သည် မြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​အပေါင်း​တို့​ထက် ဓနဥစ္စာ​နှင့် ဉာဏ်ပညာ​အရာ​၌ သာလွန်​ထူးကဲ​လေ​၏​။ 24မြေ​တစ်ပြင်လုံး​ရှိ​လူ​အပေါင်း​တို့​သည် ရှောလမုန်​မင်းကြီး​၏​စိတ်နှလုံး​တွင် ဘုရားသခင်​သွင်းပေး​တော်မူ​သော ဉာဏ်ပညာ​နှင့်ယှဉ်​သည့်​စကား​များ​ကို ကြားနာ​ရန် ရှောလမုန်​မင်းကြီး​ထံ လာ​လေ့​ရှိ​ကြ​၏​။ 25နှစ်စဉ်နှစ်တိုင်း မင်းကြီး​ထံ​ရောက်လာ​သော​သူ​တို့​သည် ငွေထည်​ရွှေထည်​များ​၊ အဝတ်အထည်​များ​၊ လက်နက်​များ​၊ အမွှေးနံ့သာ​များ​၊ မြင်း​များ​၊ လား​များ စသည်​တို့​ကို လက်ဆောင်ပဏ္ဏာ​အဖြစ် အသီးသီး​ဆက်သ​လေ့​ရှိ​ကြ​၏​။
26ရှောလမုန်​မင်းကြီး​သည် ရထား​များ​၊ မြင်း​များ​ကို စုဆောင်း​လေ့​ရှိ​၏​။ ထို့ကြောင့် သူ​၌ ရထား​အစီး​တစ်ထောင့်​လေး​ရာ​နှင့် မြင်းစီးသူရဲ​တစ်သောင်းနှစ်ထောင်​ရှိ​လေ​၏​။ ၎င်း​တို့​ကို ရထား​ထား​ရာ​မြို့​များ​နှင့် ရှင်ဘုရင်​စံမြန်း​ရာ​ဂျေရုဆလင်​မြို့​တွင် ထားရှိ​၏​။ 27ရှင်ဘုရင်​သည် ဂျေရုဆလင်​မြို့​တွင် ငွေ​ကို ကျောက်ခဲ​သဖွယ်​၊ သစ်ကတိုးပင်​များ​ကို လွင်ပြင်​၌​ပေါက်​သော သင်္ဘောသဖန်းပင်​သဖွယ် အမြောက်အမြား​ထားရှိ​၏​။ 28အီဂျစ်​ပြည်​နှင့် ကော​မြို့​မှ မြင်း​များ​ကို ရှောလမုန်​မင်းကြီး​ထံ တင်သွင်း​တတ်​ကြ​၏​။ ရှင်ဘုရင်​၏​ကုန်သည်​တို့​သည် အဖိုးအခ​ပေး​၍ ကော​မြို့​မှ​ဝယ်ယူတင်သွင်း​ပေး​ကြ​၏​။ 29အီဂျစ်​ပြည်​မှ ရထား​တစ်​စီး​လျှင် ငွေ​ခြောက်​ရာ​ရှယ်ကယ်​၊ မြင်း​တစ်​ကောင်​လျှင် ငွေ​တစ်ရာ့​ငါးဆယ်​ရှယ်ကယ်​ဖြင့် ဝယ်ယူ​တင်သွင်း​ပြီး ဟိတ္တိ​ဘုရင်​၊ ဆီးရီးယား​ဘုရင်​အပေါင်း​တို့​ထံသို့ တစ်ဆင့်​ပြန်လည်​ရောင်းချ​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်တတိယစောင် 10